ထောင်ချခံ Reuters သတင်းထောက် ကိုကျော်စိုးဦး၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း သူ၏ ဇနီးက ပြောသည်။
“သူ့တကိုယ်လုံးမှာ အဖု အစက် အနီရောင်တွေဖြစ်နေပြီး ကိုယ်တွေလည်း ပူနေတယ်” ဟု မချစ်စုဝင်းက ပြောသည်။ လမ်းလျှောက်လျင် လွန်စွာမောနေပြီး ၅ မိနစ်ခန့်ပင် စကားမပြောနိုင်ကြောင်း ဗုဒ္ဓဟူးနေ့ ထောင်ဝင်စာ သွားတွေ့စဉ် မြင်ခဲ့သမျှကို ဧရာဝတီ သို့ ပြောသည်။
သတင်းတပုဒ်အကြောင်း ဆွေးနွေးရန် ရဲတပ်ဖွဲ့က ညစာဖိတ်ကြားပြီး ကိုကျော်စိုးဦးနှင့် လုပ်ဖေါ်ကိုင်ဖက် ကိုဝလုံးတို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်ဖမ်းဆီးကာ နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖေါက်သည်ဟု စွပ်စွဲခဲ့သည်။ နောက်ဆုံးတွင် ထိုသတင်းသမား ၂ ဦးကို ထောင် ၇ နှစ်စီချခဲ့သည်။
၎င်းတို့ ၂ ဦးကို အကွက်ဆင်ဖမ်းကြောင်း ဝေဖန်သူအများအပြားကပြောပြီး တရားလိုပြသက်သေ ရဲအရာရှိက တရားခွင်တွင် ထိုအတိုင်း ထွက်ဆိုသဖြင့် နိုင်ငံတကာ အာရုံစိုက်ခံရသော အမှုဖြစ်လာခဲ့သည်။ အဖမ်းမခံရမီက ၎င်းတို့သည် ရိုဟင်ဂျာခေါ် ဘင်္ဂါလီ ရွာသား ၁၀ ဦးကို အစုလိုက်သတ်ဖြတ်ခြင်းအပါအဝင် ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်များ၏ လူ့အခွင့်အရေးချိုးဖေါက်မှု သတင်းများကို ဖေါ်ထုတ်ရေးသားနေကြသည်။
ကိုကျော်စိုးဦးကို ထောင်ဆေးရုံတွင် ကုသမှုအချို့ပြုလုပ်ပေးကြောင်း မချစ်စုဝင်းပြောသည်။
“ကြာသပတေးနေ့မှာ ဆရာဝန်က ဆေးသွင်းဖို့ စီစဉ်ထားလို့ ထောင်ဝင်စာ လာမတွေ့ဖို့ ကျမကို ပြောတယ်” ဟု မချစ်စုဝင်းပြောသည်။
ကိုကျော်စိုးဦးကို ထောင်ဆရာဝန်တဦးက လွန်ခဲ့သော ကြာသပတေးနေ့က သွေးစစ်သော်လည်း မည်သည့် ရောဂါမျှ မတွေ့ကြောင်း ထိုဆရာဝန်က မချစ်စုဝင်းကို ပြောခဲ့သည်။
“ သူနေကောင်းတယ်၊ ဘာမှ စိုးရိမ်စရာ မလိုဘူးလို့ ထောင်ဆရာဝန်က ပြောတယ်” ဟု သူရှင်းပြသည်။
ကိုကျော်စိုးဦးအား ထောင်ပြင်ပဆေးရုံတွင် ကုသမှု ခံယူခွင့်ပေးရန် ထောင်အာဏာပိုင်များထံ ခွင့်တောင်းသော စာတစောင်ကို ရေးသားရန် မချစ်စုဝင်းနှင့် မိသားစုကို ကူညီမည်ဖြစ်ကြောင်း ရန်ကုန်ရှိ Reuters ရုံးက ပြောသည်။
“ ကိုကျော်စိုးဦးကိုနဲ့ ကိုဝလုံးတို့ အနီးကပ်ဆရာဝန်နဲ့ တိုင်ပင်ပြသတွေ့နိုင်ဖို့ ကျနော်တို့ ခွင့်ပြုချက် တောင်းထားတယ်။ သူတို့ နှစ်ဦးရဲ့ အခြေအနေကို ကျနော်တို့ ဆက်ပြီး အနီးကပ်စောင့်ကြည့်နေတယ်” ဟု Reuters က ဧရာဝတီသို့ သောကြာနေ့က အီးမေးလ်ဖြင့် အကြောင်းပြန်သည်။
မချစ်စုဝင်းသည် ကိုကျော်စိုးဦးကို ထောင်တွင် နေ့စဉ် သွားရောက်တွေ့ဆုံသည်။ ကိုကျော်စိုးဦးသည် စိတ်ဓါတ်ကြံ့ခိုင်ကြောင်းနှင့် စိတ်ဖိစီးမှု ဖြစ်ပုံ မရသော်လည်း နေမကောင်းစဉ် မိသားစုကို ပိုမို သတိရကြောင်းပြောသည်ဟု မချစ်စုဝင်းပြောသည်။
“သူက ကျမ ခင်ပွန်းသည်ပဲ။ ကျမ ကိုယ်တိုင်စောင့်ရှောက်ချင်တာပေါ့။ အခုတော့ စောင့်ရှောက်လို့ မရဘူး။ ကျမ သူ့အတွက် အရမ်းစိုးရိမ်တယ်။ ထောင်ထဲဝင်ပြီး သူ့ကို စောင့်ရှောက်ချင်တယ်” ဟုလည်း သူပြောသည်။
( Lawi Weng ၏ Imprisoned Reuters Reporter Kyaw Soe Oo Is Ill, His Wife Says ကို ဘာသာပြန်သည်။)