ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ရိုဟင်ဂျာခေါ် ဘင်္ဂါလီ ဒုက္ခသည်များကို ဖိလစ်ပိုင်နိုင်ငံမှ လက်ခံရန် ၎င်းလိုလားချက်ကို ထပ်လောင်းအတည်ပြုပြီး နိုင်ငံသားအဖြစ် ကမ်းလှမ်းလိုက်သည်။
ဖေဖော်ဝါရီလ ၂၆ ရက် မနီလာဟိုတယ်တွင် ကျင်းပသည့် ဖိလစ်ပိုင် စည်ပင်သာယာရေးအဖွဲ့ချုပ် ညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ ဒူတာတေးက “ရိုဟင်ဂျာတွေကို လက်ခံဖို့ ကျနော်ဆန္ဒရှိနေပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း ဖိလစ်ပိုင်ရှိ အဓိကအွန်လိုင်းသတင်း portal တခုဖြစ်သော GMA news က ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်က ၎င်းဒုက္ခသည်များကို လူသားချင်းစာနာမှု ပံ့ပိုးနေရင်း ဝန်ထုပ်ဝန်ပိုးဖြစ်လျက်ရှိပြီး မြန်မာသို့ ပြန်ပို့လိုသည့်အချိန်အတောအတွင်း ဒူတာတေး၏ အဆိုပါကမ်းလှမ်းချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် genocide ကြောင့် ထွက်ပြေးလာသော ဒုက္ခသည်များကို ဖိလစ်ပိုင်အနေဖြင့် ပံ့ပိုးပေးလိုကြောင်း ဒူတာတေးက ယမန်နှစ် ဧပြီလက ထုတ်ဖော်ပြောကြားခဲ့သည်။ ဒူတာတေး၏ မှတ်ချက်နှင့်ပတ်သက်၍ ၎င်းသည် မိမိတို့နိုင်ငံအကြောင်း ဘာမှမသိကြောင်းနှင့် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုခြင်း မရှိကြောင်း မြန်မာအစိုးရပြောရခွင့်သူက တုံ့ပြန်ခဲ့သည်။
၎င်း၏ မှတ်ချက်နှင့် ပတ်သက်ပြီး မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ဖိလစ်ပိုင်သမ္မတက လူသိရှင်ကြားတောင်းပြန်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းကဲ့သို့ သဘောထားမှတ်ချက်ပေးရခြင်းမှာ ဥရောပနိုင်ငံများကို ဝေဖန်လို၍ဖြစ်ကြောင်း၊ ဥရောပနိုင်ငံများသည် မြန်မာနိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်သည်ဟုသာ စွပ်စွဲနေသော်လည်း အနည်းငယ် ကူညီဖေးမကြောင်း ဒူတာတေးက သူ့စကားကို ပြန်ရုတ်သိမ်းခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ဒုက္ခသည်များအတွက် နေရာထိုင်ခင်း ချထားပေးရန် ဖူလုံမှုရှိကြောင်း ဘက်တာအန်းပြည်နယ်ရှိ ဖိလစ်ပိုင်ဒုက္ခသည်လုပ်ငန်းစဉ်ဌာန(PRPC) ကို ထောက်ပြလျက် သမ္မတရုံးပြောခွင့်ရသူဟောင်း ဟာရီရိုကျူက ပြီးခဲ့သည့်နှစ်တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်အစိုးရဘက်မှ ဒုက္ခသည်များအတွက် တံခါးဖွင့်မူဝါဒရှိကြောင်း ရိုကျူက ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းသို့ ဒူတာတေး ပြောဆိုအပြီး မြန်မာနိုင်ငံမှ ဒုက္ခသည်များကို ထပ်မံလက်ခံနိုင်ခြင်း မရှိတော့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြောကြားခဲ့သည်။
အကြမ်းဖက်ဆန့်ကျင်ရေး စစ်ဆင်ရေးများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသော မွတ်ဆလင် ဒုက္ခသည် ၇ သိန်းခန့်သည် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံလျက်ရှိပြီး ဒုက္ခသည်များပြန်လက်ခံရာတွင် မြန်မာနိုင်ငံက နိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရှိသောသူများ နိုင်ငံသား ရနိုင်ပြီး နိုင်ငံသား ဖြစ်ခွင့် မရှိသူများ အဖြူရောင် ကတ်ပြား ထုတ်ပေးထားကြောင်း၊ ဒုက္ခသည်များ လက်ခံရေးစခန်း ဖွင့်ပြီးနေရာချထားရေး ပြင်ဆင်ထားကြောင်း ဆိုသည်။
ဒုက္ခသည်များက မြန်မာနိုင်ငံ မပြန်မီ “ရိုဟင်ဂျာ”ကို ဌာနေ လူမျိုးစု တိုင်းရင်းသားအဖြစ်နှင့် နိုင်ငံသားအဖြစ် အသိအမှတ် ပြုရန် တောင်းဆိုကြသည်။
သမ္မတ ဒူတာတေးက ရိုဟင်ဂျာ ဒုက္ခသည် လက်ခံရေး ကမ်းလှမ်းသော်လည်း ဒုက္ခသည် အရေအတွက် မည်၍မည်မျှ လက်ခံမည်၊ မည်သည့်အချိန် စတင်မည်မှာ မသိရသေးပေ။
သို့သော် “ဒီလူတွေအတွက် ကျနော် ဝမ်းနည်းပါတယ်။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ ဒီတာဝန်ကို ဥရောပနဲ့ မျှယူရပါလိမ့်မယ်” ဟုသာ သူကပြောခဲ့သည်။