လယ်ယာမြေ ပြဿနာများကို ဖြေရှင်းနိုင်မည့် အမျိုးသားမြေ ဥပဒေ (National land Law) ပေါ် ထွက်လာရန် လွှတ် တော်၌ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
မတ်လ ၁ ရက်၌ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဧရာဝတီတိုင်း ဒေသကြီး မဲ ဆန္ဒနယ် အမှတ် ၇ မှ အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုး က ၂၀၁၆ ခုနှစ် အမျိုးသား မြေ အသုံးချ မူဝါဒ (National Land Use Policy ) ရှိသော်လည်း မြေယာ စီမံခန့်ခွဲရေးနှင့် မြေ အသုံးချရေးတို့ အတွက် မဖြစ်မနေ လိုအပ်သည့် မူဝါဒ ၊ မဟာ ဗျူ ဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများသည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရန် အလွန် အရေးကြီးသဖြင့် ရေးဆွဲ ပြဋ္ဌာန်းရန် လိုအပ်သော အမျိုးသားမြေ ဥပဒေ (National land Law) ရေးဆွဲနိုင် ရန် တိုက်တွန်းကြောင်း အဆို တင်သွင်းခဲ့သည်။
ဒေါက်တာ ပြည့်ဖြိုးက “မြေ အသုံးချမှုနှင့် စပ်လျဉ်းပြီး တခြားနိုင်ငံတွေ ဘယ်လို ဆောင်ရွက်နေလဲ ဆိုတာ နမူနာ ယူရမှာ နဲ့ ကမ္ဘာကြီးကို ကြည့်ဖို့ လိုပါတယ်။ တွေဝေနေရမယ့် အချိန် မဟုတ်တော့ ပါဘူး” ဟု ပြောကြားခဲ့သည်။
ယင်း အဆိုကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနမှ ဒု ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ပြန် လည် ဖြေကြားရာတွင် “မြေအသုံးချမှု ကော်မတီများ၊ အထာက်အကူပြု လုပ်ငန်း ကော်မတီများ ပူးပေါင်းပြီး အမျိုးသား မြေ အသုံးချမှု မူဝါဒ ဆိုင်ရာ ဖိုရမ်မှ အကြံပြုချက် များ နှင့် အညီ အမျိုးသား မြေ ဥပဒေ ပေါ်ထွက်လာရေး အတွက် အရှိန် အဟုန်မြှင့် ဆက်လက် ဆောင်ရွက်မှာပါ” ဟု ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး မဲ ဆန္ဒနယ် အမှတ် ၈ မှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဒေါ်အိအိပြုံး က ၂၀၁၆ မြေ ယာ အသုံးချမှု မူဝါဒ ရှိသော်လည်း ရှင်းလင်း ပြတ်သားသည့် စီမံကိန်း လုပ်ငန်းစဉ်များ မရှိခြင်းနှင့် မြန်မာ နိုင်ငံ အတွင်း မြေ ဧရိယာများစွာ ကျယ်ဝန်းသဖြင့် လယ်သိမ်း ယာသိမ်း ပြဿနာလည်း များပြားကြောင်း လွှတ်တော်၌ ဆွေးနွေးသွား သည်။
၎င်းက ဆက်လက်၍ “ ပြည်သူတွေ လိုအပ်နေတာဟာ တရားဥပဒေ ရဲ့ အကာအကွယ်ကို တပြေးညီ ရယူလိုခြင်း ဖြစ် ပါတယ်။ အခြေခံ လူတန်းစား အတွက် ချိုးဖောက်မှုဟာ ပြစ်ဒဏ် ကြီးသလောက် ၊ ငွေရှင် ကြေးရှင်များရဲ့ ပြစ်ဒဏ် ချိုး ဖောက်မှုမှာ ပြစ်ဒဏ် လျော့ပေါ့မှုဟာ တရားမျှတမှု မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဆင်းရဲ၍ ကျူးကျော်ခြင်း၊ စီးပွားဖြစ် ကျူးကျော်ခြင်းတို့လည်း ရှိနေပြီး ချမှတ်ထားသည့် မူဝါဒ သည် ဥပဒေ ကဲ့သို့ ပြည်သူ ကို အကာအကွယ် မပြုခြင်းကြောင့် ယခု ဖြစ်ပေါ်နေသည့် သိမ်းဆည်းခံ မြေယာ ကိစ္စများကို ဖြေရှင်းရာတွင် ကြန့်ကြာမှု များ၊ ခက်ခဲများ ရှိနေကြောင်းလည်း ဒေါ်အိအိပြုံးက လွှတ်တော်သို့ ထောက်ပြ ပြောဆိုသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ၌ အပိုင်း ၁၃ ပိုင်း ပါ အမျိုးသား မြေအသုံးချမှု မူဝါဒကို အတည်ပြု ထုတ်ပြန် ခဲ့ပြီး ထို အပိုင်း ၁၃ ပိုင်း၏ အထွေထွေမှာ ပြောင်းလဲလျက် ရှိသော နိုင်ငံတော်၏ လူမှုရေး စီးပွားရေး အခြေအနေ လိုအပ်ချက်များ အရ အနည်းဆုံး ၅ နှစ် တကြိမ် ပြန်လည် သုံးသပ်ရေးနှင့် ပြင်ဆင်ခြင်း တို့အား လိုအပ်သလို အသုံးပြုမည် ဟု ပါရှိသည်။
မြေအသုံးချမှု ကောင်စီကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းက ဖွဲ့စည်းခဲ့ပြီး ဒုတိယ သမတ(၂) မှ ဥက္ကဋ္ဌ ၊ မြေယာ စီမံခန့် ခွဲမှု နှင့် ဆက်စပ်သော ဝန်ကြီး ဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး ၊ ပြည်နယ် အစိုးရ အဖွဲ့များမှ ဝန်ကြီးချုပ်များ အပါ အဝင် အဖွဲ့ဝင်၂၇ ဦး ဖြင့် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
တောင်သူ လယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သူ၊ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးစိန်ဝင်းက သိမ်းဆည်းခံ လယ်ယာမြေနှင့် ပတ်သက်၍ ဖြေရှင်းနိုင်ရန် အတွက် ဦးဝင်းမြင့် လွှတ်တော် ဥက္ကဋ္ဌ တာ ဝန် ထမ်းဆောင်စဉ်က အချက် ၁၂ ချက် ပါသည့် ဥပဒေ တရပ် ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြခဲ့ဖူးသော်လည်း လွှတ် တော်မှ ဆိုင်းငံ့ အဖြစ်သာ ထားရှိရန် ပြောကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးစိန်ဝင်းက “လယ်ယာ မြေ ဥပဒေ ပြဌာန်းထားတွေက တခုနဲ့ တခု ရှေ့နောက် မညီဘူး။ ရှေ့နေ့ မညီတော့ တရား သူကြီး က ပုံစံ ၇ ရှိတဲ့သူကို အနိုင်ပေးလိုက်၊ ဒီပုံစံ ၇ ဟာ မတရားတာ၊ မမှန်တာ၊ မမျှတတာ သူ မသိဘူး ပေးလိုက်တာပဲ။ မူလ လယ်သမားက ထောင်ကျ အဲ့ဒီလိုတွေ ရှိတယ်” ဟု ဆိုသည်။
ယခင်က စပါး မထွက်သဖြင့် စပါး မသွင်းနိုင်ပါကလည်း လယ်သိမ်းသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း၊ မတရား သိမ်းဆည်း ထားသည့် မြေများ ရှိကြောင်း ထို့ကြောင့် ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန် အတွက် လွှတ်တော်သို့ တင်ပြခြင်း ဖြစ် ကြောင်း ဦးစိန်ဝင်းက ဆိုသည်။
အဆို တင်သွင်းသူ ဒေါက်တာ ပြည့်ဖြိုးက လိုအပ်နေသည့် National land Law နှင့် ပတ်သက်၍ ကိုယ်စားလှယ်များ လည်း ထောက်ပြ ဆွေးနွေးသွားကြပြီး ဖြစ်သည့် အတွက် ယင်းဥပဒေကြီးမှာ အလွန် အရေးကြီးကြောင်း၊ ထို့ကြောင့် အဆိုကို လွှတ်တော်မှ အတည်ပြု ပေးပါရန် ပြောကြားခဲ့သည်။
ယင်းအဆိုကို လွှတ်တော်မှ အဆုံးအဖြတ် ရယူရန် အတွက် ကိုယ်စားလှယ်များက စက်ခလုပ် အသုံးပြုပြီး ဆန္ဒမဲ ပြုခဲ့ရာ တွင် ထောက်ခံမဲပေါင်း ၁၆၀၊ ကန့်ကွက်မဲ ၆ မဲ ၊ ကြားနေ ၄ မဲ ဖြစ်သောကြောင့် ထောက်ခံမဲ များသည့် အတွက် အတည် ပြုကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေက ပူပန်မှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေး