မြန်မာ့ရိုးရာ အတာ သြင်္ကန်ကာလ ပြန်ကြမည့် မြန်မာ ရွှေ့ပြောင်း လုပ်သားများကို ထိုင်းအစိုးရက နိုင်ငံ အတွင်း ပြန်လည် ဝင်ရောက်သည့် Re-Entry တုံး ထုရန် မလိုကြောင်း တရားဝင် ထုတ်ပြန်ထားသည်။
Re-Entry တုံး ထုရန် မလိုကြောင်း သတ်မှတ်ထားသည့် ကာလမှာ ဧပြီလ ၅ ရက် မှ ၃၀ ရက် အထိ ဖြစ်ပြီး ယင်းကာလ မတိုင်မီ စောပြန် သူများနှင့် သတ်မှတ်ကာလ ကျော်လွန်မှ ပြန်လာမည့်သူများ အနေဖြင့် Re-Entry တုံး ထုရမည် ဖြစ်သည်။
ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံး အလုပ်သမား သံအရာရှိ ဦးသန်းနိုင် က “သတ်မှတ်ရက် အတွင်းပဲ ရမှာပါ။ ကျော်သွားရင်တော့ တုံး (Re-Entry) ထုရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
အလုပ်သမားများ အနေနှင့် ပုံမှန်အားဖြင့် နေရပ်ရင်း ပြန်သည့်အခါ နိုင်ငံ အတွင်း ပြန်လည် ဝင် ရောက်သည့် Re-Entry တုံး ထု၍ ပြန်ရပြီး တခါလျှင် ဘတ် ၁၀၀၀ (ကျပ် ၅ သောင်းခန့်) ပေးရကာ သတ်မှတ် ကာလ ဖြစ်သည့် ဧပြီလ ၅ ရက်မှ ၃၀ ရက် အတွင်း အဝင်အထွက် ပြု လုပ်မည့်သူများ အနေဖြင့် ကင်းလွတ်ခွင့် ရမည် ဖြစ်သည်။
ယင်းသို့ ပြန်ရာတွင် နိုင်ငံကူး လက်မှတ်နှင့် တကွ အရေးကြီးသည့် စာရွက်စာတမ်းများ တပါတည်း ယူဆောင်လာရန် နှင့် ရေစိုပျက်စီးမှု၊ ပျောက်ဆုံးမှုများ မဖြစ်စေရန် အထူး ဂရုစိုက်ရန် အတွက်လည်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးက သတိပေးထားသည်။
သြင်္ကန်ကာလ ပြန်မည့်သူများ အနေဖြင့် နှစ်နိုင်ငံ သတ်မှတ်ထားသည့် တရားဝင် ထွက်ပေါက်၊ ဝင်ပေါက်များမှ ဝင်၊ ထွက်ကြရမည် ဖြစ်ပြီး တရားမဝင် ဂိတ်ပေါက်များမှ ဝင်၊ ထွက်လျှင် ထိုင်းနိုင်ငံ ထဲသို့ ပြန်ဝင်လာသည့် အခါတွင် အခက်အခဲ ရှိနိုင်ကြောင်းလည်း သတိပေး ထားသည်။
ထိုင်းနိုင်ငံ၊ အလုပ်သမား ဝန်ကြီး ဌာန နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ဌာနမှ ထုတ်ပြန် ခဲ့သော Re-Entry တုံးထုရန် ကင်း လွတ်ခွင့်မှာ မြန်မာ အလုပ်သမားများ အတွက် ကောင်းမွန်သည့် ဆောင်ရွက်ချက် တခု ဖြစ်ကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောသည်။
ဦးအောင်ကျော် က “ထိုင်းအစိုးရ အနေနဲ့ အခုလို ပြုလုပ်ပေးတယ် ဆိုတာ၂ နိုင်ငံ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတွေ တူ ညီနေတဲ့ အတွက်ကြောင့် လုပ်သားတွေကို လျှော့ပေါ့တဲ့ အနေနဲ့ ရိုးရာ ယဉ်ကျေးမှု သွားရောက် လည်ပတ်ဖို့ ချစ်ကြည်ရေး အရ ဆောင် ရွက်ပေးတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်ရာတွင် နှစ်စဉ် ယာဉ် မတော်တဆမှုများကြောင့် သေဆုံးမှုများ ဖြစ်ပွားလေ့ ရှိသဖြင့် အာမခံ ရှိသော၊ လုံခြုံ စိတ်ချရသော ယာဉ်များကိုသာ ငှားရမ်း စီးနင်းကြရန် MWRN က တိုက်တွန်းထားသည်။
ထို့အပြင် နှစ်နိုင်ငံ နယ်စပ်၌ ငွေကြေး လဲလှယ်ရာတွင် ငွေအတုအပများ သတိပြုရန်နှင့် ငွေကြေး လိမ်လည်မှုများ မဖြစ်စေရန် သတိထားကြ ရန်လည်း တိုက်တွန်းသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမား အဖြစ် လုပ်ကိုင်နေသည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီယား နိုင်ငံသားများ အနက် မြန်မာ အများဆုံး ဖြစ်ကာ နှစ်နိုင်ငံ အစိုးရ တရားဝင် ထုတ်ပြန်ချက် အရ စုစုပေါင်း ၃ သန်း ရှိသည်ဟု ဆိုသော်လည်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသူများ ကမူ ၄ သန်းခန့် ရှိကြောင်း ခန့်မှန်းထားသည်။