စည်ပင်သာယာက တရားဝင် ဖွင့်လှစ်ထားသည့် ဈေးများတွင် ဈေးဝယ်ရာ၌ ၉၀ ရာခိုင်နှုန်းသည် အလေးချိန် မပြည့် သဖြင့် အလေးခိုးသည့် ဈေးသည်များကို ထိရောက်သော ပြစ်ဒဏ် ချမှတ်ပေးရန် အတွက် လွှတ်တော်၌ ဆွေးနွေးမှု များ ပြုလုပ်ကြောင်း သိရသည်။
ပဲခူးတိုင်း ဒေသကြီး မဲ ဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စန်းမောင်မောင်က ယခု အချိန်မှာ တောရော မြို့ပါ မကျန် အားလုံး နီးပါးက အလေးချိန် မပြည့်ဝသော အလေးများဖြင့်သာ ချိန်တွယ် ရောင်းချ နေကြကြောင်း၊ အသားကဲ့သို့ ဈေးကြီး ပစ္စည်းများ ဝယ်ပါက ပို၍ အလေးခိုး နေကြကြောင်း၊ ၁ ပိဿာ ဝယ်ပါ က ၈၀ ကျပ်သား၊ ၅၀ သားဝယ်ပါက ၃၅ ကျပ်သား၊ ၄၀ သားခန့်သာ ရရှိနေကြောင်း ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်သို့ အထက်ပါ အတိုင်း တင်ပြသည်။
၎င်းက“လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စည်ပင်ဈေး တချို့တွင် သမာဓိ ချိန်ခွင်များ ထားပေးပါတယ်။ ဝယ်ပြီး ပြန်စစ် ကြည့် လို့ မပြည့်ရင် ပြန်ပြော၍ ရကြောင်း၊ ယခုအခါ အမြို့မြို့ အနယ်နယ်ရှိ စည်ပင် ဈေးတိုင်းလိုလိုတွင် သမာဓိချိန်ခွင်များ မရှိတော့ကြောင်း ဈေးသည်များ ထင်သလို အလေးခိုးနေသည်ကို ပြည်သူများအားလုံး ခံနေရပါတယ်”ဟု ပြောသည်။
ထို့ပြင် ဈေးတိုင်း၌ သမာဓိ ချိန်ခွင်များ ထားရှိပေးရန်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်လည်း ဖြစ် သူ ဒေါက်တာ စန်းမောင်မောင်က တောင်းဆို လိုက်သည်။
ဈေးများတွင် အလေး မပြည့်၍ ဈေးသည်များကို ပြောပါက ပြန်၍ ရန်ထောင်တတ်သော ဈေးသည်များကြောင့် တန်ရာ တန်ကြေး ပေးရသော်လည်း သား၊ ငါး၊ ဟင်းသီး၊ ဟင်းရွက်များ တန်ရာတန်ကြေးဖြင့် မရဘဲ ဝယ်ခြမ်း စားသောက် နေရ ကြောင်း၊ ဒိုင်ခွက်နှင့် ချိန်ခွင်များကို အသုံးပြုသည့် ဈေးသည်များမှာလည်း ဈေးဝယ်ဘက်ကို မလှည့်ဘဲ သူတို့ ဘက်သာ လှည့်ထားကြောင်း၊ ပြောပါကလည်း ရိုင်းစိုင်းစွာ ရန်တွေ့မှုများ ရှိနေသဖြင့် အလေးခိုးသော ဈေးသည်များကို ထိ ရောက်သော ပြစ်ဒဏ်များ ချမှတ်ပေးရန် ဒေါက်တာ စန်းမောင်မောင်က လွှတ်တော်သို့ ထောက်ပြသွားသည်။
ထိုသို့ ဆွေးနွေး မေးမြန်းမှုကို နေပြည်တော် ကောင်စီဝင် ဦးညီထွန်း က စည်ပင်ပိုင် ဈေးကြီးများတွင် သမာဓိ ချိန်ခွင် နှင့် ခေတ်ပေါ် ဒစ်ဂျစ်တယ် ကတ္တားများကို ထားရှိ၍ အလေး ပြည့်မီစေရန် စစ်ဆေးလျက် ရှိကြောင်း၊ ခေတ်မီ ဒီဂျစ်တယ် ကတ္တားများ ထားရှိနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ အခါ အားလျော်စွာ အလေးချိန်ခွင်များကို ဝင်ရောက် စစ်ဆေးပြီး မမှန်မကန်သော အလေးချိန်ခွင်များ အသုံးပြုမှု အတွက် သတိပေးခြင်း၊ ဒဏ်ငွေ ရိုက်ခြင်း ပြဋ္ဌာန်းထားသော စည်ပင် သာ ယာရေး ကော်မတီ စည်ကမ်း၊ ဥပဒေ များနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း လွှတ်တော်၌ ဖြေကြားသည်။
ဒေါက်တာ စန်းမောင်မောင်ကမူ“သူဖြေသွားတာ ကျေနပ်မှုမရှိပါဘူး။ တိတိကျကျ အကောင် အထည်ဖော် ဆောင်ရွက် တာ မရှိဘူး။ ညွှန်ကြားထားတာလို့ပဲ ပြောတယ်။ တကယ့် လက်တွေ့မှာတော့ မြေပြင်မှာ လုံးဝ မရှိပါဘူး”ဟု လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောသည်။
အမှန်တကယ် ကျူးလွန်သူများကိုလည်း ပြစ်ဒဏ် အနေဖြင့် ငွေဒဏ် ၁၀၀၀ ကျပ် မှ ၁ သောင်းကျပ်သာ ပြစ်ဒဏ် ချမှတ်ထားသည်မှာ အလွန်နည်းကြောင်း၊ ပြည်သူများမှာ နေ့စဉ် နစ်နာမှုများ ရှိနေသဖြင့် ကျူးလွန်သူကို ရက် အကန့် အသတ်ဖြင့် ဆိုင် ပိတ်သိမ်း အရေးယူမှုများ ပြုလုပ်သင့်ကြောင်း၊ ထိုကဲ့သို့ ချိန်ခွင်များ ထားရှိမည် ဆိုပါကလည်း နာရီ အပိုင်း အခြားဖြင့် မထားဘဲ၊ နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ ထားပေးသင့်ကြောင်း ၎င်းက ဆိုသည်။
နေပြည်တော် ပျဉ်းမနား မြို့မ ရဲစခန်းမှ ရဲအုပ် သက်နိုင်ဦးက“ဥပဒေမှာ ပုဒ်မ ၁၅၃ ဆိုတာ ပြဋ္ဌာန်းထားတာ ရှိ တယ်။ နောက်ပိုင်းမှာတော့ ဈေးခေါင်းရုံး ဖွင့်လိုက်တဲ့ အတွက် သက်ဆိုင်ရာ ဈေးခေါင်း နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ကြတာ များ တယ်။ အလေး မပြည့်လို့ ဆိုပြီး စခန်းကို တိုင်တန်းတဲ့ အမှုမျိုးတော့ နောက်ပိုင်းမှာ မရောက်လာတော့ဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
ပျဉ်းမနားမြို့ ကံဦး ကွက်သစ်တွင် နေထိုင်သူ ဒေါ်ခိုင်ခိုင်ကလည်း“ဈေးသည်တွေက အလေး ၂ ခုထားတာ။ တခါတည်း ပြည့်အောင် ချိန်နော်။ ပြန်ချိန်ကြည့်လို့ မပြည့်ရင် ပြန်လာ ပြောမှာ အဲ့ဒီလို ပြောဝယ်ရတယ်။ ကိုယ်က နေ့တိုင်း ဈေး ဝယ်ရတော့ ဈေးသည်တွေနဲ့ ဖောက်သည် ဖြစ်လို့ အလေးခိုး မခံရတော့တာ”ဟု ပြောပြသည်။
စည်ပင်ပိုင် ဈေးအတွင်းရှိ ချိန်တွယ်ရောင်းရသည့် ကုန်ပစ္စည်းများနှင့် အသားအရောင်းဆိုင် တချို့တွင်လည်း အလေး ခိုး ရုံမကဘဲ အမဲသားကို ဆိတ်သား ကဲ့သို့ လိမ်ညာ၍ ရောင်းသည့် ဆိုင်များ ရှိနေသဖြင့် စားသုံးသူ ပြည်သူအများစု မှာ အလိမ်ခံနေရကြောင်း ဈေးဝယ်သူ ပြည်သူများက ပြောဆိုကြသည်။