တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် နှစ်နိုင်ငံပါဝင်သော အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အာဏာပိုင်များက မြန်မာ ရဲ အမှုထမ်း တဦးကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ မြန်မာ ရဲ အမှုထမ်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်း ထိန်းသိမ်းခံရပြီးနောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲက ၃၈ ရက်ကြာ စောင့်ကြပ်ထားခဲ့သည်။
မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းခွဲအမှတ် ၅ မှ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသူ အသက် ၂၈ နှစ်အရွယ်ရှိ အောင်ဘိုဘိုသိန်းအား ပြန်လည်လွှဲပြောင်းပေးသည့် အခမ်းအနားကို ဘန်ဒါဘန်းခရိုင်၊ နိုင်ခန်းချာရီဒေသရှိ ဂွမ်ဒမ်း နယ်စပ်တွင် ကျင်းပရာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများနှင့် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၎င်းကို အဆိုပါနယ်စပ်ရှိ ဘားလက်ခီးယားနယ်မြေတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဇန်နဝါရီလ ၂၄ ရက်က ထိန်းသိမ်းခဲ့ပြီး မြန်မာဘက်ခြမ်းသို့ ဇန်နဝါရီလ ၂၂ ရက်တွင် သတင်းပို့ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိများက ပြောသည်။
နှစ်နိုင်ငံ ပူးတွဲကျင်းပသည့် အခမ်းအနားသို့ တာနက်ဖ်နယ်ခြားစောင့် တပ်ရင်းမှ တပ်မှူး ဒုတိယဗိုလ်မှူးကြီး မိုဟာမက် အဇက်ဒက်စမန်း ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ကိုယ်စားလှယ် ၉ ဦး၊ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်း ၃၄ မှ ရဲတပ်မှူး ဒုတိယရဲမှူးကြီး ကျော်ဝင်းလှိုင်တို့ တက်ရောက် ခဲ့ကြကြောင်း ဒုတိယဗိုလ်မှူးကြီး အလီဟိုင်ဒါအေဇက် အာမက်က ဧရာဝတီသို့ တယ်လီဖုန်းမှတဆင့် ပြောကြားသည်။
အဆိုပါ စစ်မှုထမ်းကို ပြန်ပို့ရန် နှောင့်နှေးခဲ့ရသည့် အကြောင်းနှင့်ပတ်သက်ပြီး ဒုတိယဗိုလ်မှူးကြီး အေဇက်က “ယင်းဖြစ်စဉ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ကိုင်တွယ်ပါတယ်။ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး နောက်ဆုံးမှာ ပြန်လည်လွှဲပြောင်းပေးဖို့ ဆောင်ရွက်နေရတဲ့အတွက် နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အရာရှိများ၏အဆိုအရ မြန်မာဘက်မှ နယ်မြေလုံခြုံရေး အမှုထမ်းဖြစ်သူသည် ဇန်နဝါရီလ ၁၂ ရက် ညနေ၊ တာဝန်ချိန်တွင် ပျက်ကွက်ပြီး မူးယစ်သောက်စားကာ အပြည်ပြည်ဆိုင်ရာနယ်နိမိတ်မှ ဇန်နဝါရီလ ၂၄ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်နက်အတွင်းသို့ ၃ ဒသမ ၅ ကီလိုမီတာအထိ ဦးတည်ရာမဲ့ ဝင်ရောက် လာခဲ့ကြောင်း သိရသည်။
အဆိုပါလုံခြုံရေးအမှုထမ်းကို မိမိတို့က ဂျနီဗာ ကွန်ဗင်းရှင်းပြဋ္ဌာန်းချက်ကို လိုက်နာလျှက် အစားအသောက်၊ နေရာထိုင်ခင်း၊ ဆေးဝါးနှင့် အခြားအသုံးအဆောင်များ ပေးအပ်ကာ ထိန်းသိမ်းခဲ့ကြောင်း ဒုတိယဗိုလ်မှူးကြီး အေဇက်က ပြောသည်။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ၎င်း၏အထက်အရာရှိထံ ပြန်လည်လွှဲပြောင်းပေးစဉ် အောင်ဘိုဘိုသိန်းကို ယူနီဖောင်းဖြင့် မြင်တွေ့ခဲ့ရသည်။
၎င်းသည် မြန်မာတပ်ဘက်မှဖြစ်ပြီး မူလက ရန်ကုန်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
အောင်ဘိုဘိုသိန်းကို ကနဦး စစ်ကြောမေးမြန်းချက်အများအရ မြန်မာနိုင်ငံရှိ စစ်ဖက်တွင် တာဝန်ထမ်းရသည်မှာ ၎င်းအနေဖြင့် စိတ်မသက်မသာဖြစ်ခဲ့ရကြောင်း ထုတ်ဖော်သည်ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အရာရှိများ၏ ပြောကြားချက်ကို ကိုးကားလျက် ဒေသတွင်း ဘင်္ဂလားဘာသာဖြင့် ထုတ်ဝေသည့် နေယာဒီဂန်တာ နေ့စဉ်သတင်းစာက ရေးသားသည်။
အဆိုပါစစ်မှုထမ်းကို ထိန်းသိမ်း ထားရခြင်းနှင့်ပတ်သက်၍ မြန်မာနယ်ခြားစောင့်တပ်နှင့် ၎င်းတို့၏ ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ဖြစ်ထွန်းစေရန် ကတိကဝတ် လိုက်နာလျှက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အရာရှိများက တတ်နိုင်သမျှ အမြန်ဆုံးပြန်ပို့ချင်ကြောင်း ပြောကြားခဲ့ကြသည်။
(ဘင်္ဂလားဒေ့ရှ်ရှိ ဧရာဝတီ သတင်းထောက် Muktadir Rashid ၏ ‘Rescued’ Myanmar Army Man Returns ကို ဘာသာပြန်သည်။)