ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/ SSA) တပ်ဖွဲ့နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA) တပ်ဖွဲ့ တို့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ- သီပေါ မြို့နယ်များ အတွင်းရှိ မန်လီ ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားသည့် အတွက် ဒေသခံ ၁၀၀၀ ကျော် နေရပ် စွန့်ခွာ တိမ်းရှောင်နေကြရကြောင်း သိရသည်။
RCSS နှင့် SSPP တို့သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်ထိ မန်လီ ကျေးရွာ အနီး တိုက်ပွဲများ ဖြစ် ပွားခဲ့ကြကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲရှောင်များကို ကူညီနေသည့် သီပေါမြို့ နယ်စည်းမခြား ပရဟိတ အဖွဲ့မှ ကိုမျိုးက“ကျနော်တို့ သီပေါကို မန်လီ ကျေးရွာက ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်လာကြတယ်။ မန်လီ ရွာက ၂ ခု ရှိတယ်။ နမ္မတူမြို့နယ်ထဲက မန်လီရွာ ရှိတယ်။ သီပေါ မြို့နယ်ထဲ ပါတဲ့ မန်လီရွာ ရှိတယ်။ အဲဒီ ၂ ရွာပေါင်းက ဒေသခံ ၁၀၀၀ ကျော် အခု သီပေါ မြို့ပေါ်မှာ ခိုလှုံနေကြပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
သီပေါမြို့နယ် အတွင်း ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသည့် ကျေးရွာများမှာ နမ္မတူ မြို့နယ် ချောင်းဆာ အုပ်စု မန်လီ ကျေးရွာမှ လူဦးရေ ၆၀ သည် မိုးတွေ အုပ်စု ကွန်စံလိတ် ဘုန်းကြီးကျောင်း၌ လည်းကောင်း လူဦးရေ ၂၂၆ ဦးက တုံစင့် အုပ်စု တုံစင့်(အ.မ.က)ကျောင်းသို့ လည်းကောင်း၊ လူဦးရေ ၁၉၂ ဦးက တောင်မြို့ ရပ်ကွက် (၂၅၀၀) ဘုန်းကြီး ကျောင်း တိုက်တွင် လည်းကောင်း ခိုလှုံလျက် ရှိကြောင်း သိရသည်။
ထို့ပြင် သီပေါမြို့နယ် အတွင်းပါ ပန်ဟုန်း အုပ်စု၊ မန်ကျောင်း ကျေးရွာ ဒေသ အခေါ်(ပါကမ်း)ကျေးရွာမှ လူဦးရေ ၇၈၀ သည် မန်လီ အုပ်စု မန်လီ ဘုန်းကြီးကျောင်းတွင် ခိုလှုံလျက် ရှိရာ စုစုပေါင်း ၁၁၅၈ ဦး ရှိကြောင်း နယ် စည်းမခြား ပရဟိတ အဖွဲ့က ဆိုသည်။
သီပေါ မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းခမ်းအောင်က“ကျနော်နေတဲ့ နေရာနဲ့က နည်းနည်း ဝေး တယ်။ ကျနော်က နမ့်လန်မှာနေတာ သီပေါနဲ့ မိုင် ၃၀ လောက်ဝေးတော့ ကောင်းကောင်း မသိရဘူး။ တိုက်ပွဲဖြစ် လို့ သီပေါဘက်ကို စစ်ရှောင်တွေ ထွက်ပြေးလာတယ်လို့တော့ ကြားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် RCSS နှင့် SSPP ကြား တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း တိုက်ပွဲရှောင်များကို ကူညီနေသူများက ပြောပြ သည်။
RCSS မှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်နှင့် SSPP က ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန် တို့ကလည်း မတ် ၄ ရက်တွင် တိုက်ပွဲ ဖြစ်ပွားသံ မကြားကြောင်း ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲများ ရပ်တန့်ရေး အတွက် နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန် ရှမ်း သံဃာ တော် များနှင့် ရှမ်းလူထုက ၂၀၁၈ ခု နှစ်ကုန်ပိုင်းက စာပို့ တောင်းဆိုထားကြရာ ၂ ဖက် တာဝန်ရှိသူများက ကြားဝင် စေ့စပ် ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်း၍ တွေ့ဆုံ ဆွေးနွေးကြရန် စီစဉ်နေကြကြောင်း ပြောဆိုသည်။
ရှမ်းပြည်နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းဥက္ကာက “သင့်သင့်မြတ်မြတ် နေတာကို တွေ့ချင်ပါတယ်”ဟု ပြောသည်။
RCSS နှင့် SSPP တို့သည် နယ်မြေ အငြင်းပွားမှု ဖြစ်ကာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲ၊ လားရှိုး စသည့် မြို့နယ်များအတွင်း၌၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်၍ ၂၀၁၉ ခုနှစ် မတ် ၁ ရက်အထိ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားထားသည်။
RCSS သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က လက်မှတ် ထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး SSPP ကမူ NCA ထိုးနိုင်ရေး အစိုးရ၊ တပ်မတော် တို့ နှင့် ဆွေးနွေးနေသော ရှမ်း လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။