အဆိုတော် ဂျီလတ်၏ ညီဖြစ်သူ တေးရေး တေးဆို ကမ္ဘာသည် ယနေ့ နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် လမ်းမပေါ်၌ ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရကြောင်း သတင်း ရရှိသည်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သီရိ မဏ္ဍိုင်လမ်းမပေါ်တွင် လူတဦး မှောက်ရက် အနေအထားဖြင့် လဲကျ သေဆုံးနေ၍ ဆေးရုံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိသူများ၏ အကူအညီ တောင်းမှုကြောင့် ယနေ့ နံနက် ၇ နာရီခန့်တွင် သေဆုံးသူ အား သွားရောက် သယ်ဆောင်ကာ နေပြည်တော် ခုတင် ၁ ထောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သဗ္ဗသုခ နာရေး ကူညီမှု အသင်းမှ ဦးသန်းထိုက်ဦးက ပြောပြသည်။
ဦးသန်းထိုက်ဦးက“ပြင်ပ ဒဏ်ရာကတော့ အရင် ရက်လောက်က ထိုးခံထားရတဲ့ ပုံပေါ့နော်။ မျက်ကွင်းမှာ ညိုနေတာ တခု ရှိတယ်။ နောက်ပြီး ပွန်းပဲ့တာ ရှိတယ်။ ခါးဘယ်ဘက်နားမှာ ထိုးသွင်းထားတဲ့ ဒဏ်ရာ တခု ရှိတယ်။ သွေးတွေက လမ်းပေါ် မှာ အများကြီး အိုင်ထွန်းနေတာ။ သွေးထွက်တာက အဲဒီ အပေါက်တခုတည်းက ထွက်နေတာ။ ဓားဒဏ်ရာ တော့ မဟုတ် ဘူး။ စကေဘာ သို့မဟုတ် ဝက်အူလှည့် နဲ့ ထိုးထားတာ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ပုဗ္ဗသီရိမြို့နယ် ထုံးဘို ရဲတပ်ဖွဲ့က ဖြစ်စဉ် မှန်ကန်ကြောင်း အတည်ပြု ပြောကြား ခဲ့ပြီး လက်ရှိတွင် သေဆုံးသူ၏ မိသားစုနှင့် အဆက်အသွယ် မရရှိသေးကြောင်းလည်း ပြောဆိုသည်။
ရဲတပ်ဖွဲ့၏ ကနဦး စုံစမ်း စစ်ဆေးချက်များ အရ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပ ရပ်ကွက် စံချိန် ဟိုတယ် ဆိုင်းဘုတ် အနီး သီရိ မဏ္ဍိုင် လမ်းမပေါ်၌ လူတဦး လဲကျ သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေး ခဲ့ရာ အသက် ၃၅ နှစ်ခန့် အရွယ် အမျိုးသား တဦးမှာ ဘယ်ဘက် မျက်ကွင်းညိုမည်း ဒဏ်ရာ၊ ဘယ်ဘက် ရင်ဘတ် ညိုမည်း ဒဏ်ရာ၊ ဘယ်ဘက် ခါးအထက် သွေးထွက် ဒဏ်ရာ၊ ညာဘက် နံစောင်း ညိုမည်း ဒဏ်ရာ၊ ပွန်းပဲ့ ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။
နေပြည်တော် ခုတင် ၁ ထောင် ဆေးရုံတွင် မျက်မြင် စစ်ဆေးချက် အရ သေဆုံးသူ၏ ခါးတွင် ၁ စင်တီမီတာခန့်ရှိ ထိုးသွင်း ဒဏ်ရာ အပေါက်ကို တွေ့ရကြောင်း၊ သေဆုံးရသည့် အကြောင်းကို ရင်ခွဲ စစ်ဆေးပြီးမှ သိရှိနိုင်မည် ဟု ဆေးရုံမှ ပြောဆို ကြောင်း ထုံးဘို ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်အောင် က မီဒီယာများကို ပြောသည်။
စခန်းမှူး ဒုရဲမှူး ကျော်အောင်က“ဒီဒဏ်ရာကြောင့် သေတာလား၊ တခြား ပြုတ်ကျတာတို့ ဘာတို့ကြောင့်များ အတွင်း ဒဏ်ရာကနေ သွေးထွက်ပြီး ဒီအပေါက် ကနေ သွေးထွက်လာတာလား မသိရသေးဘူးလို့ ပြောတယ်။ ကျနော်က တော့ လောလောဆယ် ထိုးသွင်း ဒဏ်ရာလို့ သိရတဲ့ အတွက် ယာဉ်တိုက်မှုတော့ မဟုတ်ဘူး ဆိုပြီး မြို့နယ်မှူးနဲ့ တိုင်ပင်ပြီး လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှု ဖွင့်ထားပါတယ်”ဟု ပြောဆိုသည်။
သေဆုံးသူ၏ အစ်ကိုဖြစ်သူ အဆိုတော် ဂျီလတ်က ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင်“ကမ္ဘာ့ သတင်း မှန်ပါတယ်” ဟု ယနေ့ မွန်းလွဲပိုင်းက ရေးသားခဲ့ပြီး အနုပညာရှင်များ မိတ်ဆွေများ ပရိသတ်များက ဝမ်းနည်းကြောင်း မှတ် ချက်ပြု ရေးသားခဲ့ကြသည်ကို တွေ့ရသည်။
ဦးသန်းထိုက်ဦးက လည်း သေဆုံးသူ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိ၍ မိသားစုဝင်များ သိရှိနိုင်ရန် ရည်ရွယ်ကာ သဗ္ဗသုခ နာရေး အသင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် သတင်းနှင့် ဓာတ်ပုံများ တင်ထားခဲ့သော်လည်း သေဆုံးသူ ၏ မိသားစုနှင့် နာမည်ကြီး အနုပညာ မိတ်ဆွေ အသိုင်းအဝိုင်းက ဖျက်ပေးရန် မှတ်ချက်ပြု ရေးသား တောင်းဆိုခဲ့၍ ပြန်ဖျက်ပေးခဲ့ ရကြောင်း ဆိုသည်။
ယမန်နေ့က ထုံးဘို ရဲစခန်းမှ တပ်ဖွဲ့ဝင်များ လှည့်ကင်း ပတ်ကင်းများ ဆောင်ရွက်စဉ် နေပြည်တော် ဘူတာကြီး အနီး တွင် သေဆုံးသူ ကိုကမ္ဘာကို ပုံမှန် မဟုတ်သည့် အခြေအနေဖြင့် မြင်တွေ့ခဲ့ရကြောင်းလည်း စခန်းမှူးက မီဒီယာများကို ပြော သည်။
“လောလောဆယ် သိရတာက ကျနော်တို့ ညကလည်း လှည့်ကင်း ပတ်ကင်း လှည့်တဲ့ အခါ ဘူတာကြီးရှေ့မှာလည်း တွေ့တယ်လေ။ သူက မနေ့က နေ့လယ် ပိုင်းထဲက လျှောက်သွားနေတာ တွေ့တယ်။ ဟိုပြောဒီပြော ပြောတယ်။ မိုးပေါ်က ကျလာတယ်တွေ ဘာတွေ ပြောနေတာ၊ ကျနော်တောင် ရေသန့်ဘူးတွေ မုန့်တွေ ဘာတွေ ဝယ်ပေးခဲ့သေး တယ်”ဟု ဒုရဲမှူး ကျော်အောင်က ပြောသည်။
လက်ရှိတွင် တေးရေး ဆရာ ကမ္ဘာ သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်နေပြီး လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်လှစ် ထားကြောင်း သိရသည်။