သတင်း

ရှမ်း လက်နက်ကိုင် ၂ ဖွဲ့ ဘယ်လို စကားပြောကြမလဲ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) နှင့် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ ရပ်တန့်နိုင်ရေး ဆွေးနွေးပွဲတခုကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က ကြားခံအဖွဲ့အစည်းတရပ်အား ဖွဲ့စည်း၍ ဆောင်ရွက်ရန်ရှိကြောင်း ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။

SSPP နှင့် RCSS တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေ အငြင်းပွားပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်၍ ၂၀၁၉ ခုနှစ် မတ် ၁ ရက်ထိ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

မတ်လ ၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်လီကျေးရွာအနီးမှာ RCSS နှင့် SSPP တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသခံ ၁၀၀၀ ကျော် သီပေါမြို့နယ်အတွင်းသို့ ထွက်ပြေး တိမ်းရှောင်လာကြကြောင်း တိုက်ပွဲ ရှောင်များကို သွားရောက်ခေါ်ထုတ်လာသည့် သီပေါမှ နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက ပြောသည်။

ရှမ်းပြည်တွင်းရှိ သံဃာတော်များနှင့် ရှမ်းပြည်သူလူထုမှ တိုက်ပွဲများ ရပ်တန့်ပေးရန်၊ ၂ ဖက် ခေါင်း ဆောင်များ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန် ၂၀၁၈ ခုနှစ်ကုန်ပိုင်းက မေတ္တာရပ်ခံစာများ ပေးပို့ခဲ့ရာ ယခုအခါ RCSS ဖက်က တွေ့ဆုံဆွေးနွေးမှု လုပ်ရန် မတ်လ ၁ ရက်က ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံကြမည့် ရက်ကို မသတ်မှတ်နိုင်သေးသော်လည်း RCSS ဘက်က ပထမအဆင့် အနေဖြင့် သံဃာတော် များနှင့် လူထုကိုယ်စားလှယ်များ ပါဝင်သည့် ကြားဝင် စေ့စပ်ရေးအဖွဲ့ ဖွဲ့စည်းရန်၊ ဒုတိယအဆင့်တွင် ကြားဝင် စေ့စပ်ရေးအဖွဲ့က ၂ ဖက်ခေါင်းဆောင်များဖြင့် ဆွေးနွေးရန်၊ တတိယအဆင့်၌ ဆွေးနွေးလာသည့် အချက်များ အပေါ် မူတည်ကြီး ၂ ဖက် ကိုယ်စားလှယ်များ ကြားဝင်စေ့စပ်ရေးအဖွဲ့ ရှေ့မှောက်တွင် ဆွေးနွေးကြရန် သဘောထား မှတ်ချက် ရှိကြောင်း ဆိုသည်။

RCSS မှ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်းက “ တပ် ၂ တပ်တွေ့ဆုံတဲ့အခါမှာ ကိုယ့်ပေါ်လစီကို ကိုင်ပြီး မဆွေးနွေးစေချင်ဘူး၊ အဲဒီလိုလုပ်ရင် ဆွေးနွေးပွဲက လိပ်ခဲတည်းလည်း ဖြစ်သွားနိုင်တယ်၊ စတွေ့တဲ့ပွဲမှာ နယ် မြေ ကိစ္စကိုလည်း မဆွေးနွေးချင်သေးဘူး၊ ယုံကြည်မှုတွေ တည်ဆောက်ပြီး ချိန်မှသာ ဒါကို ဆွေးနွေးသင့်တယ် လို့ ကျနော်တို့က မြင်တယ်ဗျ။ မျက်နှာချင်း ဆိုင်မိတာနဲ့ ဒီကိစ္စကို စကိုင်ပြီဆိုရင် တွေ့ဆုံမှုကို အကြပ်အတည်း ထဲကို တွန်းပို့ရာ ရောက်စေနိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

SSPP ဘက်ကတော့ တွေ့ဆုံ ဆွေးနွေးရန် RCSS ဘက်မှ သဘောထားရှိသည်ကို ကြိုဆိုကြောင်း၊ သို့သော် ပြဿနာ အရင်းခံကို မဆွေးနွေးပါက ပြေလည်ပါ့မလား စဉ်းစားစရာဖြစ်ကြောင်း၊ ပြဿနာကို မဆွေးနွေးပဲ တခြား ကိစ္စကို ဆွေးနွေးမည်ဆိုလျှင် ဟန်ပြသက်သက် ဖြစ်မည်ကို စိုးရိမ်မိကြောင်း ဆိုသည်။

SSPP မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဖုန်းဟန်က “ သူတို့ တွေ့ဆုံ ဆွေးနွေးလိုမှုက အပြုသဘော ဆောင်လို့ ကောင်းပါတယ်၊ ဒါပေမယ့် ဖြစ်နေတဲ့ ပြဿနာ အရင်းခံကြတော့ မဆွေးနွေးဖို့ပါတော့ ဒါက ပြေလည်ပါ့မလား ဆိုတာ စဉ်းစားစရာပါ”ဟု ဧရာဝတီသို့ ပြောသည်။

RCSS ဘက်က ယခု တွေ့ဆုံမည့် ဆွေးနွေးပွဲသည် ညီညွတ်ရေးကို လမ်းဖွင့်ပေးသည့် အခြေအနေ ဖြစ်သော ကြောင့် နယ်မြေကိစ္စ မဆွေးနွေးဘဲ ရှမ်းတိုင်းရင်းသားအားလုံးနှင့်သက်ဆိုင်သည့် အကြောင်းအရာကိုပဲ ဆွေးနွေးရန်၊ တိုက်ပွဲများ ရပ်တန့်နိုင်ရေး၊ တိုက်ပွဲရှောင်များ နေရပ်ပြန်လည် ပို့ဆောင်ရေး စသည့် အရေးကိစ္စ များသာ ဆွေးနွေးလိုကြောင်း ဆိုသည်။

RCSS မှ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်းက “ တဆင့်ပြီးတဆင့် သွားရအောင်ဆိုတဲ့ သဘောပါဗျ။ ဒီပွဲ မှာတော့ တိုက်ပွဲရပ်တန့်ရေး၊ စစ်ဘေးရှောင်လူထုတွေ နေရပ် ပြန်လည်ပို့ဆောင်ရေးနဲ့ စစ်ဘေးရှောင်တွေ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော အရင်ဆုံး လုပ်ဖို့ကိစ္စတွေ ဆွေးနွေး လိုတယ်ဗျ၊ ရှမ်းတမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေက အများကြီးပဲလေဗျာ”ဟု ပြောသည်။

ထို့နောက် ၎င်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ ပြည် နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ မူးယစ်ဆေးဝါး တိုက် ဖျက်ရေး စသည့် ရှမ်းတမျိုးသားလုံးနှင့် ပတ်သက်သည့် ကိစ္စများကို ဆွေးနွေး အဖြေရှာပြီးမှသာလျှင် အဖွဲ့ အစည်းကိစ္စအား ဆွေးနွေးအဖြေရှာရန် RCSS ဘက်က မျှော်လင့်ထားကြောင်း ဆိုသည်။

SSPP မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်က “ဖြစ်နေတဲ့ ပြဿနာက နယ်မြေချင်းထပ်လို့ ဖြစ်လာတာ၊ အဲဒါ မဆွေးနွေးဘူးဆိုတော့ ဟန်ပြပဲလား။ နယ်မြေကိစ္စက အဓိက ဆွေးနွေးရမှာပဲ၊ ပြီးတော့ သက်သေလုပ်မဲ့ ကြားနေ အဖွဲ့လည်းပါမှ ပိုမိုခိုင်မာမယ်”ဟု ဆိုသည်။

တွေ့ဆုံ ဆွေးနွေးရေးအတွက် ၂ ဖက် အဖွဲ့အစည်းများက ကြားဝင်စေ့စပ် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူညီ ထားကြပြီး တိုက်ပွဲရှောင် ပြည်သူတချို့အားလည်း လေ့လာသူအဖြစ် ပါဝင်ရန်လည်း ကြိုးပမ်းနေကြကြောင်း သိရသည်။

RCSS သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ဗဟိုဌာနချုပ်အား ရှမ်းပြည်နယ်တောင်ပိုင်း၊ ထိုင်းနိုင်ငံနယ်စပ် လွယ်တိုင်းလျဲန်မှာ အခြေစိုက်ထားသည်။

SSPP သည် NCA ရေးထိုးနိုင်ရေး အစိုးရ- တပ်မတော်နှင့် ညှိနှိုင်းနေသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဗဟိုဌာနချုပ်ကို ရှမ်းပြည်နယ်တောင်ပိုင်း(ရှမ်းပြည်နယ်အလယ် တည့်တည့်ရှိ)၊ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှာ အခြေစိုက်ထားသည်။

RCSS သည် တောင်ပိုင်း အခြေစိုက်ဖြစ်ပြီး ရှမ်းမြောက်တွင် အခြေစိုက် လှုပ်ရှားမှု မရှိကြောင်း ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် NCA ထိုးပြီးနောက်ပိုင်း ရှမ်းမြောက်ကို နယ်မြေကျူး ကျော်လှုပ်ရှားလာသည်ဟု SSPP ဘက်က ဆိုသည်။

RCSS ဘက်ကမူ မိမိတို့သည် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အတွင်း မည်သည့် ဒေသ မဆို လှုပ်ရှားခွင့်ရှိကြောင်း၊ ရှမ်းမြောက်ပိုင်းတွင် ယခင်ကတည်း အခြေစိုက် လှုပ်ရှားမှု ရှိကြောင်း၊ တရားဝင် နယ်မြေ သတ်မှတ်မှုလည်း မရှိသေးကြောင်း စသဖြင့် ဆိုသည်။

ဤသို့ နယ်မြေ အငြင်းပွားမှုဖြစ်ပွားကြပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ၊ လားရှိုး၊ နမ္မတူ၊ ကျောက်မဲ နှင့် ရှမ်းပြည် နယ်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်းကိုင်းမြို့နယ်ဘက်များမှာ ၂ ဖက် တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဖြစ်ပွားလာခဲ့ ကြသည်။

ထိုတိုက်ပွဲများကြောင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် နေကြ ရသလို မသင်္ကာဖြစ်သည့် ဒေသခံတချို့လည်း ဖမ်းဆီး ရိုက်နှက်စစ်ဆေးမှုများ ခံနေကြရာ ရှမ်းသံဃာတော် များနှင့် ရှမ်းလူထုများက တိုက်ပွဲများ ရပ်တန့်ပေးရန်နှင့် ၂ ဖက် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး အဖြေရှာ ပေးကြရန် ၂၀၁၈ နှစ်ကုန်ပိုင်းမှာ စာပို့ တောင်းဆိုခဲ့ကြသည်။

အလားတူ ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU) ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကလည်း ၂ ဖက် ခေါင်းဆောင်များ ဖြစ်သည့် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် SSPP ဥက္ကဌ ဗိုလ်ချုပ်ကြီး စဝ်ပန်ဖတို့ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန် ၂၀၁၈ ခုနှစ်အတွင်းက ၂ ကြိမ် တိတိ စာပို့ တောင်းဆိုထားသည်။

ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ(SSJAC)၏ ကြားဝင်စေ့စပ် ညှိနှိုင်းမှုဖြင့် RCSS နှင့် SSPP တို့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လက တိုက်ပွဲများ ရပ်တန့်နိုင်ရေး တောင်ကြီးမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြဖူးသော်လည်း တစုံတရာ သဘောတူညီချက် ရယူနိုင်ခဲ့ခြင်း မရှိပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading