သတင်း

ရခိုင် တိုက်ပွဲကြောင့် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန တချို့ နေရာ ပြောင်းရွှေ့ရ

Want create site? Find Free WordPress Themes and plugins.

ရခိုင် ပြည်နယ် အတွင်း တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား ဖြစ်ပွားသော တိုက်ပွဲများ ကြောင့် တက္ကသိုလ်ဝင် တန်း စာစစ်ဌာန တချို့နေရာ ပြောင်းရွှေ့ထားရကြောင်း သတင်းရရှိသည်။

ရသေ့တောင် မြို့နယ် ကျောက်တန်း စာစစ် ဌာနကို ယင်းမြို့ပေါ်သို့ ပြောင်းရွှေ့ခဲ့ရပြီး မြောက်ဦးမြို့ နယ် ကျီရာပြင် စာစစ် ဌာနကိုမူ မြောက်ဦးမြို့ပေါ်ရှိ စာစစ်ဌာနများသို့ ပေါင်းထည့်လိုက်သည့် အတွက် ကျောင်းသူ၊ ကျောင်း သားများ မြို့ပေါ်သို့ ပြောင်းရွှေ့ ဖြေဆိုရမည် ဖြစ်ကြောင်း ရခိုင်ပြည် နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ပြောသည်။

ရခိုင် ပြည်နယ် ပညာရေးမှူးရုံးမှ ပြည်နယ် ပညာရေးမှူး ဦးအောင်မြင့်သန်း “ဆိုလိုတာက ကျောင်း သား၊ ကျောင်းသူတွေ က မြို့ပေါ်ကို သွားရောက်ပြီး ပြောင်းရွှေ့ဖြေဆိုရမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ကျောက်တန်း စာစစ် ဌာနတွင် ဖြေဆိုမည့် ကျောင်းသူ ကျောင်းသား ဦးရေမှာ ၅၀၀ ကျော် ရှိကြောင်း သိရသည်။

စာမေးပွဲ ဖြေဆိုနေချိန် အတွင်း ကျောင်းသူ/ကျောင်းသားများ၏ လုံခြုံရေး အခြေအနေနှင့် ပတ်သက် ၍ လည်း ယခင်နှစ်များ ကဲ့သို့ လုံခြုံရေး ကိစ္စရပ်များကို စီမံ ဆောင်ရွက်ထားကြောင်းလည်း ဦးအောင်သန်းမြင့်က ဆက်လက် ပြောကြားသည်။

လက်ရှိ အချိန်တွင် ရသေ့တောင် မြို့နယ် အတွင်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေမှာ ငြိမ်သက် နေကြောင်း ရခိုင် အမျိုသား ပါတီမှ ရသေ့တောင် မြို့နယ် အတွင်းရေးမှူး ဦးလှမြင့်က ပြောသည်။

သို့သော် လုံခြုံရေး အခြေအနေ စိတ်မချရသေး သဖြင့် မြို့ပေါ် ရပ်ကွက်များသို့ ပြောင်းရွှေ့လာသော ကျောက်တန်း စာစစ် ဌာနမှ ကျောင်းသူ/သားများ၏ နေထိုင်မှု အခက်အခဲ ဖြစ်ပေါ်လာပါက နေထိုင် စရာများ ကူညီပေးသွားမည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

မြောက်ဦး မြို့နယ် အတွင်း မတ်လ ၄ ရက်က လေးမြို့ချောင်း ဒေသတွင် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ သောကြောင့် ဂြိတ် ချောင်း ကျေးရွာ အုပ်စု၊ ဘုရားကြီး ရွာ၊ မော်ရွာသစ်၊ မော်ရွာဟောင်းရွာ စသည့် ကျေးရွာများက ဒေသခံ၂ ထောင် နီးပါး နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

မြောက်ဦး မြို့မိ မြို့ဖ အဖွဲ့ဝင် ဦးဦးထွန်းလှိုင် က “မနေ့က လေးမြို့ချောင်းထဲက ဘုရားကြီးရွာနားမှာ တိုက်ပွဲ ဖြစ်လို့ အဲဒီ နားက ဘုရားကြီး၊ မော်ရွာသစ်၊ မော်ရွာဟောင်းက လူတွေ ထွက်ပြေး နေကြရပါ တယ်။ ဒီနေ့ သူတို့ မြောက်ဦး မြို့ပေါ်ကို ခိုလှုံဖို့ လာမယ်လို့ ကြားတယ်။ ကျနော် တောင်းဆိုချင်က ဒီ ဆယ်တန်း စာမေးပွဲ စစ်တဲ့ အချိန်မှာ နှစ်ဖက် အဖွဲ့ အစည်း အနေနဲ့ ထိုးစစ် မဆင်ဘဲ ကိုယ့်နေရာမှာ ကိုယ်ပဲ နေပေးစေချင်ပါတယ်။ အဲဒါမှာလည်း ကျောင်းသူ/သား တွေ လည်း အေးအေးဆေးဆေး ဖြေဆိုနိုင်မယ်။ မိဘတွေလည်း စိတ်ချမ်းသာနိုင်မှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်း အပြင် လက်နက်ကိုင် အဖွဲ့အစည်း တခု၏ ဖမ်းဆီး ရိုက်နှက်ခြင်းကို ခံရ၍ ရန်ကုန် မြောက်ဥက္ကလာ ဆေးရုံတွင် တက်ရောက် ဆေးကုသ နေရသော ကျောက်တော် မြို့မှ ဆယ်တန်း ကျောင်းသား မောင်ဇော်နိုင်နိုင်ဌေး ကိုလည်း ဆေးရုံ၌ပင် စာမေးပွဲ ဖြေဆိုနိုင်ရန် ပညာရေး ဌာနက စီစဉ်ထားရှိကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် ပညာသင်နှစ် အတွက် စာစစ် ဌာန ၁၂၁ ခု ဖွင့်လှစ်ထားပြီး မတ်လ ၆ ရက်တွင် ကျင်းပ မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် အတွက် ကျောင်းသူ ကျောင်းသား ၄၅၅၃၃ ဦး စာရင်းသွင်းထားကြောင်း လည်း ပြည်နယ် ပညာရေးမှူးရုံးက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading