ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး၌ ထိပ်သီးခေါင်းဆောင် ၂ ဦး နေရာ အပြောင်း အလဲဖြစ်ဖွယ်ရှိကြောင်း စုံစမ်းသိရှိရသည်။
PPST အစည်းအဝေးကို မတ်လ ၅ နေ့မှ ၆ ရက်နေ့အထိ ကျင်းပရန် ရာထားပြီး အစိုးရနှင့် တနိုင်ငံ လုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသော တိုင်းရင်း သား လက်နက်ကိုင် ၁၀ ဖွဲ့မှ ထိပ်သီး ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးနေကြသည်။
PPST အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး ဆေးဖိုးနှင့် ဒုဥက္ကဋ္ဌ အဖြစ် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး ယွက်စစ်တို့က ဦးဆောင် နေကြခြင်း ဖြစ်ပြီး ယခုအစည်းအဝေးတွင် အဆိုပါ ခေါင်းဆောင် ၂ ဦး ၏နေရာ အပြောင်း အလဲဖြစ်ဖွယ်ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် အချို့ က ဆိုသည်။
ယနေ့ အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကလည်း “KNU နဲ့ RCSS တို့ အနေနဲ့ကတော့ PPST အစည်းအဝေးနဲ့ ပတ်သက်ပြီး လိုက်လျောညီထွေ ဖြစ်စေမယ့် သင့်တော်တဲ့ ကိုယ်စားလှယ် လွှဲပြောင်းမှုတွေ ကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ် ဆိုတဲ့ အကြောင်းကိုလည်း အသိပေးအပ်ပါတယ်” ဟု တရားဝင် ထုတ်ဖော် ပြောဆိုသည်။
PPST ကို အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က အစိုးရ၊ တပ်မတော် တို့နှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေးရန် အတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၁၇ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ထိုအဖွဲ့တွင် KNU မှ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဥက္ကဋ္ဌ၊ RCSS/SSA မှ ဗိုလ်ချုပ်ကြီး ယွက်စစ် က ဒုဥက္ကဋ္ဌ အဖြစ်တာဝန် ယူထားသည်။
အပစ်ရပ် အဖွဲ့များ အကြား ကြိုတင်ထွက်ရှိနေသည့် သတင်းများအရ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနေရာတွင် KNU အထွေထွေ အတွင်းရေးမှူး ပဒို တာဒိုမှူး ဖြစ်လာနိုင်ဖွယ်ရှိပြီး ဗိုလ်ချုပ်ကြီး ယွက်စစ်နေရာတွင် RCSS/SSA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘောင်ခေး ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။
ခေါင်းဆောင် အပြောင်းအလဲ ကိစ္စမှာ အစည်းအဝေးအတွင်း ဆွေးနွေးမှု ရလဒ်အပေါ်တွင် မူတည် ကြောင်း အစည်းအဝေး တက်ရောက် နေသည့် ပြည်ထောင်စု သိပ္ပံ (PI) အဖွဲ့၏ ဦးဆောင် ညွှန်ကြား ရေးမှူး ဦးခွန်ဆိုင်း က သတင်းထောက်များကို ပြောသည်။
ဦးခွန်ဆိုင်း က “ဒီဥစ္စာကတော့ ကျနော်ထင်တယ် သူတို့ရဲ့ ဆွေးနွေးမှု ရလဒ် အပေါ်မှာ မူတည်တယ်။ တကယ်လို့ ဆွေးနွေးမှု ရလဒ်အရ အရင်ကလို ကောင်းတယ် ဆိုလို့ရှိရင်လည်း အရင်ကလို ဖြစ် ကောင်း ပြန်ဖြစ်နိုင်တယ်။ သို့သော်လည်း အဲလိုမျိုး မဟုတ်ဘူး ဆိုရင်လည်း သူတို့ ဘယ်လိုလုပ်မလဲ EU လိုမျိုးပေါ့ဗျာ၊ EU လိုမျိုး ကိုယ့်ရဲ့ ကိုယ်စားလှယ်ကို လွှတ်သွားတာပေါ့ဗျာ။ ဂျာမနီဝန်ကြီးချုပ် မာခယ်ကိုယ် တိုင်က မသွားဘူး သူ့ရဲ့ ကိုယ်စားလှယ်က EU မှာ သွားပြီးတော့ တက်တာပေါ့ဗျာ။ အဲလိုပုံစံမျိုး ဖြစ်ကောင်းဖြစ်နိုင်တာပေါ့ဗျာ” ဟုပြောသည်။
လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ရောက်ရှိနေသည့် NCA အကောင်အထည် ဖော်မှုလမ်းကြောင်း သည် မူလက ရည်မှန်းထားသော အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက် အပြည့်အဝရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံထားသည့် ပြည်ထောင်စုကို ရောက်ရှိစေမည့် လမ်းကြောင်းမှ “သွေဖည်သွားပြီ” ဖြစ်သည်ဟု ယနေ့ အစည်းအဝေး အဖွင့်မိန့်ခွန်း တွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ပြောသွားသည်။
ထို့ကြောင့် ယင်းအချက်များကို ဓမ္မဓိဌာန် ကျကျ သုံးသပ်ပြီး ပြန်လည်တည့်မတ် သွားရန် လိုအပ် ကြောင်း၊ အကယ်၍ ယင်းလမ်းကြောင်း အပြောင်းအလဲ ဖြစ်ရန်လိုအပ်လာပြီ ဆိုလျှင်လည်း NCA ပေးထားချက်များနှင့် သွေဖည်ခြင်း မရှိစေဘဲ ပါဝင်သူအားလုံးအကြားတွင် အကြေအလည် ညှိနှိုင်း ဆွေးနွေးရန် လိုအပ်မည်ဖြစ်သည်ဟု ဆိုသည်။
KNU နှင့် RCSS တို့အနေဖြင့် အဟန့်အတားဖြစ်နေသည့် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အနေအထားမှ အပေါင်း လက္ခဏာဆောင်ပြီး ပိုမိုကောင်းမွန်လာသည့် အရွေ့တခုကို ဖန်တီးနိုင်မည်ဟု ယူဆထားသဖြင့် PPST အဖွဲ့ဝင်များ အကြား အကြေအလည် ညှိနှိုင်းဆွေးနွေး နိုင်ရန် ယခုကဲ့သို့ အထူးအစည်းအဝေးတရပ် ခေါ်ယူရခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့ ၂ ဖွဲ့ အနေနဲ့ PPST စုဖွဲ့မှုကို အကြေအလည် ညှိနှိုင်းဆွေးနွေးပြီး ရည်မှန်းချက် တူညီရာ ကို အတူတကွ ပူးတွဲ အကောင်အထည် ဖော်နိုင်တဲ့ ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးအဖြစ်သို့ အသွင် ပြောင်းလိုတဲ့ကိစ္စကိုလည်း ဒီအထူးအစည်း အဝေးမှာ အဆိုပြု ဆွေးနွေးသွား မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောသည်။
ယနေ့ အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည် တည့်မတ်ရန် ရည်ရွယ်ချက်ဖြင့် KNU နှင့် RCSS ဥက္ကဋ္ဌ ၂ ဦးအနေဖြင့် ဆွေးနွေးစရာ အချက် ၃ ချက်ပါဝင်သည့် စာတစောင်ကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်တို့ထံ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့က ပေးပို့ခဲ့သည့် စာနှင့် ပတ်သက်၍ ဘုံသဘောထားရယူရန် ဆွေးနွေးကြမည်ဟုလည်း သိရသည်။