ငြိမ်းချမ်းရေးနှင့် စီးပွားရေး တပြိုင်တည်း သွားရန်လိုဟု ကိုးရီးယားသံအမတ်ပြော
မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရန် ငြိမ်းချမ်းရေး တခုတည်း သွားမရ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့်ပါ တပြိုင် တည်းသွားမှ ငြိမ်းချမ်းရေး မြန်မြန်ရမည်ဟု ကိုးရီးယားသံအမတ်ကြီး Mr. Lee Sang –hwa က ပြောသည်။
ယနေ့ ရန်ကုန်မြို့ JMC-U ရုံး၌ ကျင်းပသည့် ကိုရီးယား သမ္မတ နိုင်ငံမှ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-U)သို့ ကိုးရီးယားလုပ် KIA အမျိုးအစား ကားတစီး၊ ဆမ်ဆောင်း တက်ဘလက် အလုံး ၁၁၀ လုံး၊ မီးစက် အလုံး ၂၀ တို့ကို လှူဒါန်းသည် ပွဲ တွင် ကိုရီးယား သံအမတ်ကြီးက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
မြန်မာငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကိုရီးယားနိုင်ငံ အနေဖြင့် ပြင်ပမှ လေ့လာစောင့်ကြည့်ရာတွင် မည် သည့် အားနည်းချက်များ တွေ့ရှိ၍ မည်သို့မည်ပုံ ဆောင်ရွက်သင့်သနည်း ဆိုသည့် ဧရာဝတီ သတင်း ဌာန၏ မေးမြန်းမှုကို သံအမတ်ကြီး Mr.Lee Sang-hwa က ကိုရီးယား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပုံစံခြင်း မတူသော်လည်း ငြိမ်းချမ်းရေးကို လိုအပ်နေမှုမှာ တူညီသည့် အချိန်ဟု ပြောနိုင်ကြောင်း ဆိုသည်။
“ပြီးခဲ့တဲ့လ ရခိုင်ပြည်နယ်မှာ ငပလီမှာ ကျင်းပခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုပွဲကို ကိုးရီးယား လုပ်ငန်းရှင်တွေနဲ့ အတူတူ ပွဲတက်ခဲ့ ပါတယ်။ အဓိက ငြိမ်းချမ်းရေး တခုတည်း သွားလို့မရဘဲနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုလည်း တပြိုင်တည်း သွားမှ ငြိမ်းချမ်းရေးလည်း မြန်မြန်ရမှာလို့ ကျနော်တို့ထင်တဲ့အတွက် အခု ရခိုင်ပြည်ဖွံ့ ဖြိုးတိုးတက်ဖို့အတွက် ကျနော်တို့လည်း ကဏ္ဍ တခုအနေနဲ့ အားထုတ်နေခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြော သည်။
၎င်းတို့ ကိုယ်တိုင် ကိုးရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေးအတွက် မြောက်ကိုရီယား နှင့် ငြိမ်းချမ်းရေး ရရှိရေး ကြိုးပမ်းနေရပြီး ပြီးခဲ့သည့်လက မြောက်ကိုရီးယားနှင့် အမေရိကန်တို့ ဗီယက်နမ် နိုင်ငံမှာ နျူကလီးယား ဖျက် သိမ်းရေး ဆွေးနွေးခဲ့ရာမှာ မိမိတို့ မျှော်လင့်သည့် အဖြေ မထွက်ခဲ့ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အချိန်ယူလုပ်ရမည်ဟု နားလည်လာ ကြောင်း သံအမတ်ကြီး Mr. Lee Sang-hwa က ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင် အမျိုး သား အစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်း ရေးကောင်စီ(KNU/KNLA-PC)၊ ရခိုင် ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ NMSP၊ LDU တို့ လက်မှတ် ထိုးထားကြသည်။
သို့သော် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (ND AA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရက္ခိုင့်တပ်မတော်(AA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ကရင်နီ အမျိုးသား တိုးတက် ရေး ပါတီ(KNPP)၊ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)တို့ကတော့ NCA ရေးထိုးနိုင်ရေး အစိုးရ-တပ်မတော်ဖြင့် ညှိနှိုင်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် နှစ် ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သည့် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက် တစ် အစည်းအရုံး (LDU)တို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးပွဲသို့ မိမိ တက်ရောက်ခဲ့ရာ မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ရန်နှင့် အောင်မြင် ရန် အတွက် အချိန်တော်တော်လေး သည်းခံယူရမည် ကို ခံစား နားလည်မိခဲ့ကြောင်း ကိုးရီးယား သံအမတ်ကြီး Mr.Lee Sang-hwa က ပြောသည်။
“ကျနော် ဖေဖော်ဝါရီလက လူမျိုး ၂ မျိုး NCA လက်မှတ်ထိုးပွဲကို တက် ခဲ့တယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အချိန်ကို တော်တော်လေးကို စောင့်ယူရမယ်ဆိုတာ နားလည်ခဲ့ ပါတယ်။ အခု မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်လည်း ဥပမာ ကျနော်တို့ ကိုရီးယားက အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ဗီယက်နမ်မှာ ထိပ်သီး အစည်းအဝေးလုပ်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ လိုချင် သလောက် ဖြစ်ချင်သလောက် အဖြေက မထွက်ခဲ့ပါဘူး၊ အဲသလိုပဲ မြန်မာနိုင်ငံလည်း အချိန်ကို ယူပြီး တော့မှ အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ နည်းနည်း စောင့်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
JMC-U ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ မိမိတို့ အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိ အောင် ကြိုးပမ်းလျက် ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး NCA မှာ ပါဝင် လက်မှတ်ထိုးကာ နိုင်ငံ ရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် တွေ့ဆုံ ဆွေးနွေးမှုများလည်း ဆောင်ရွက် လျက်ရှိကြောင်း ယင်း အခမ်းအနား၌ ပြောသည်။
“ကျနော်တို့ မြန်မာနိုင်ငံဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးပမ်း လျက်ရှိနေပြီးတော့ အခုဆိုရင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း အားလုံးကနေပြီးတော့ NCA မှာ ပါဝင် လက်မှတ်ရေး ထိုးပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပ နိုင်ဖို့အတွက် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းဆောင် ရွက်လျက်ရှိပါတယ်”ဟု ၎င်းက ပြော သည်။
ကိုးရီးယားသမ္မတနိုင်ငံက JMC-U သို့ လှူဒါန်းခဲ့သည့် ပစ္စည်းများကို ပြည်နယ်အဆင့် JMC-S၊ ဒေသန္တရာ အဆင့် JMC-L ၊ ဒေသန္တရာအရပ်သားစောင့်ကြည့်ရေးကော်မတီ MCL တို့မှာ အသီးသီး ခွဲဝေ သုံးစွဲသွားမည် ဖြစ်ကြောင်း JMC-U ထံမှ သိရသည်။