အငြိမ်းစား ဗိုလ်ချုပ်များ ပါဝင် တည်ထောင်ထားသည့် “အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ် ပါတီ (DNP)”သည် မြန်မာ ပြည်သူ့ ဒီမိုကရက်တစ် ပါတီ (MPD) နှင့် လိုဂို (အမှတ် တံဆိပ်) ဆင်တူနေသဖြင့် ယနေ့ ရွေးကောက်ပွဲ ကော်မရှင် (UEC) တွင် ဥပဒေနှင့် အညီ ကန့်ကွက် လိုက်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော် က ပြောသည်။
MPD ဥက္ကဋ္ဌ ဖြစ်သူ ဦးဌေးကျော် က“ကျနော်တို့ ပါတီရဲ့ အဓိက အရောင်က အဝါရောင် ဖြစ်နေတယ်။ အမျိုးသား ဒီမို ကရက်တစ် ပါတီကလည်း ၂ ရက်နေ့ သတင်းစာမှာ ကြည့်လိုက်တော့ အရောင်နဲ့ ပုံစံက တူနေတယ်။ အများပြည်သူ ကြည့်လိုက်ရင် သိသာ ထင်ရှား ကွဲပြားအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာပြီး ကန့်ကွက်ရခြင်း ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။
DNP ပါတီကို၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ကော်မရှင်သို့ လာရောက် လျှောက်ထားကြောင်း သိရသည်။
ထို့နောက် ယင်းပါတီ၏ အမည်၊ အလံနှင့် လိုဂို အသုံးပြုမည့် ပုံစံကို မတ်လ ၁ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ DNP ၏ ကြေညာချက်တွင် ပါရှိသည့် လိုဂို အမှတ်တံဆိပ်မှာ MPD ပါတီနှင့် လိုဂို အမှတ် တံဆိပ်နှင့် ဆင်တူ ယိုးမှား ဖြစ်နေသဖြင့် ကြေညာပြီး ၇ ရက် အတွင်း လာရောက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း၊ ကန့်ကွက်စာကို UEC မှ လက်ခံထားကြောင်း ဦးဌေးကျော် က ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြောရေး ဆိုခွင့် ရှိသူ ဦးမြင့်နိုင်က“ကန့်ကွက်တာကို ဘယ်လို လုပ်မယ် ဆိုတာ မဆုံးဖြတ်ရ သေးဘူး။ သတင်းစာထဲ ထည့်လိုက်တော့ လာကန့်ကွက်တာပါ။ ၇ ရက် အတွင်း ကန့်ကွက်နိုင်တယ်လေ”ဟု ဧရာဝတီသို့ ပြောသည်။
ပါတီ တခု လျှောက်ထားလာပါက ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနတို့က ဦးစွာ စိစစ်ရပြီး ပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့် အညီ အကြမ်းဖက် အဖွဲ့ ဟုတ် မဟုတ်၊ မတရား အသင်းများနှင့် ဆက်သွယ်မှု ရှိ မရှိ တို့ကို စိစစ်ရ သည်ဟုလည်း ရွေးကောက်ပွဲ ကော်မရှင် ရုံးက သိရသည်။
MPD ပါတီကို၂၀၁၇ ခုနှစ် မေလ ၁၈ ရက်က ကော်မရှင်မှ တရားဝင် ခွင့်ပြုချက်ရရှိခဲ့သဖြင့် ၂၀၁၈ ကြားဖြတ် ရွေးကောက် ပွဲတွင် ရန်ကုန်မြို့ ဆိပ်ကမ်း၊ တာမွေနှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ အုတ်တွင်းမြို့ ၃ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင် ကာ ရှုံးနိမ့်ခဲ့ကြောင်း၊ သို့သော် ၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် နေရာ အစုံမှ ဝင်ရောက် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း ဦးဌေးကျော် က ဆိုသည်။
DNP ပါတီတွင် အငြိမ်းစား ဗိုလ်ချုပ်များ ဖြစ်ကြသည့် ဦးစိုးမောင်နှင့် ဦးလွန်းမောင်တို့ ဦးဆောင် ပါဝင်ပြီး ဦးစိုးမောင်မှာ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် သမ္မတရုံး ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီးကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင်လည်း ဗဟို ဦးဆောင် ကော်မတီဝင် တဦး အနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။
အငြိမ်းစား ဗိုလ်ချုပ် လွန်းမောင်မှာ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရသူ ဖြစ်သည်။
ဦးဌေးကျော်က မြန်မာနိုင်ငံတွင် ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေပြီး ပါတီ အသစ်များ ဖွဲ့စည်းခြင်းကို ၎င်းတို့ အနေ ဖြင့် ကြိုဆိုကြောင်း၊ ယခု ကန့်ကွက်ခြင်းသည် ဥပဒေမှ ပေးအပ်ထားသည့် အခွင့်အရေးအရ အပြုသဘောဆောင် ကန့် ကွက်ခြင်းမျိုး ဖြစ်ပြီး လူပုဂ္ဂိုလ်နှင့် ပါတီသစ်ကို ကန့်ကွက်ခြင်း မဟုတ်ဘဲ ပါတီ အသစ်တွင် အသုံးပြုထားသည့် အလံနှင့် တံဆိပ် တို့ကိုသာ ကန့်ကွက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ယင်းသို့ တူညီနေသည့် အချက် သုံးချက် ရှိပြီး ယင်းတို့မှာ ပါတီ အလံတွင် အောက်ခံ အဝါရောင် တူညီနေခြင်း၊ အလံ၏ အလယ် တွင်စက်ဝိုင်း ပါရှိမှုနှင့် အပြာရောင်မှာ အရောင်တူခြင်း၊ အဓိကအားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ ထည့်သွင်း ထားရှိမှု တူညီနေခြင်း အပြင် အမှတ်တံဆိပ်တွင် ထည့်သွင်းထားသည့် ကြယ်ပွင့်ကို မြန်မာ ပြည်သူ့ ဒီမို ကရက်တစ် ပါတီက စက်ဝိုင်းထိပ်တွင် ထားပြီး အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ် ပါတီ က အလယ်တွင် ထားရှိခြင်းတို့ ဖြစ်သည်။
တချိန်တည်းတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်း ဦးဆောင်မည့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) အနေဖြင့်လည်း ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ဖေဖော်ဝါရီ ၅ ရက်တွင် မှတ်ပုံတင်ထားပြီး ဖြစ်သည်။
သူရ ဦးရွှေမန်း က UBP ပါတီ အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးစီးပွားကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ပြည်သူများနှင့် အတူ နိုးကြား တက်ကြွစွာ ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါတီ မှတ်ပုံတင်သည့် နေ့က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ကြေညာခဲ့သည်။