မြန်မာနိုင်ငံတွင် မျိုးတုံးမည့် ဘေးအန္တရာယ် ကျရောက်နေသော သတ္တဝါ မျိုးစိတ်ပေါင်း ၃၃၁ မျိုး ရှိ ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ဆွစ်ဇာလန် အခြေစိုက် အပြည် ပြည်ဆိုင်ရာ သမဂ္ဂ (IUCN) ၏ နောက်ဆုံး အစီရင်ခံစာအရ သိရှိရသည်။
အဆိုပါ ၃၃၁ မျိုးတွင် ငှက်မျိုးစိတ်များ၊ မျောက်ဝံများ၊ နွားလားများ၊ အာရှဆင်၊ Eld မျိုးစိတ် ရွှေသမင်များ၊ ရေချိုလိပ် များ၊ သင်းခွေချပ်များနှင့် ကျားများ ပါဝင်သည်ဟု ဖော်ပြထားသည်။
ICUN သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ သုတေသနပြုမှုများ၊ ကွင်းဆင်း လေ့လာမှုများ၊ ပညာပေး လှုံ့ဆော်မှုများ ပြုလုပ်နေသည့် နိုင်ငံတကာ အဖွဲ့အစည်း တခု ဖြစ်သည်။
ယနေ့ ရန်ကုန်မြို့ ဂျာမန် ယဉ်ကျေးမှုဌာန Goethe Villa တွင် ပြုလုပ်သည့် ဥရောပသမဂ္ဂ (EU) နှင့် သားငှက် ထိန်းသိမ်း ရေး အဖွဲ့(WCS) တို့ ပူးပေါင်း သုတေသန ပြုထားသော “ကျားထက်သာလွန်၍” အစီရင်ခံစာ သတင်း ထုထ်ပြန်ချက်တွင် ICUN ၏ တွေ့ရှိချက်ကို ကိုးကား ဖော်ပြထားခြင်း ဖြစ်သည်။
အာရှဒေသ တခွင်လုံးတွင် မျိုးတုန်းတော့မည့် မျိုးစိတ်ပေါင်း ၅၀၀၀ ကျော်ရှိပြီး မဟာမဲခေါင်ဒေသ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်)တွင် ၈၀၀ ခန့်နှင့် မြန်မာနိုင်ငံတွင် ၃၀၀ ကျော်ခန့် မျိုးတုန်းမည့် အန္တရာယ် ကြုံနေရပြီဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) အမျိုးသား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညှိနှိုင်းရေးမှူး နော်မေလေးသန့်ကလည်း ဖြည့်စွက် ပြောဆိုသည်။
“ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ခြိမ်းခြောက်နေတဲ့ အချက်တွေ အများကြီး ရှိတယ်။ အဓိကအားဖြင့် သက်ရှိ ဇီဝမျိုးစုံမျိုးကွဲ တွေ ရှင်သန် နေထိုင်တဲ့ တောတွေ လုံးဝ ပျက်စီးသွားတယ်။ သူတို့ ရှင်သန်နေ ထိုင်တဲ့ တောတွေရဲ့အရည်အသွေး တဖြည်းဖြည်း နိမ့်ကျလာတယ်။ သစ်တောတွေ သက်ရှိသတ္တဝါ တွေကို တရားမဝင် ရောင်းဝယ် ဖောက်ကားမှုအတွက် စီးပွားဖြစ် အလွန်အကျွံ ထုတ်ယူသုံးစွဲနေတာ ခြိမ်းခြောက်မှု အကြီးဆုံးဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
တရားမဝင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ရောင်းဝယ် ဖောက်ကားမှုတွင် တိုင်းရင်းရိုးရာ ဆေး များ ဖော်စပ်ရာတွင် အသုံးပြုသည့် အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ၊ ထူးခြားဆန်းပြားသော အစား အစာများ၊ အဝတ်အစားနှင့် အသုံးအဆောင် ပစ္စည်းများ၊ ရှားပါးအိမ်မွေးတိရစ္ဆာန် ကုန်သွယ် မှုများ ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဥရောပသမဂ္ဂ ကထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ ဘေးမဲ့ ကန့်သတ်ထားသော နေရာ၏ ၇၀ ရာခိုင်နှုန်းခန့်တွင် အမဲလိုက် သတ်ဖြတ်မှုများကို တွေ့ရှိရကြောင်း၊ အရှေ့တောင်အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း တရားမဝင် တောရိုင်းတိရစ္ဆာန် ထွက်ပစ္စည်းများ ရောင်း ဝယ်ဖောက်ကားမှု ဈေးကွက်တန်ဖိုးသည် နှစ်စဉ် ယူရို ၁၇ ဘီလီယံခန့် ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၈ မေလတွင် ပြည်ထောင်စု လွှတ်တော်က ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေ များ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့သလို ၂၀၁၈ အောက်တိုဘာလမှ စတင်ကာ ရန်ကုန်တိုင်း အတွင်း တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းချမှု များကို တိုင်းအစိုးရက တားမြစ်ခဲ့သည်။
သို့သော် တရားမဝင် ရောင်းဝယ် ဖောက်ကားသူတို့၏ ဥပဒေကို လက်တလုံးခြား ပြုလုပ်မှုများကြောင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်နေသူများက သုံးသပ်သည်။
“ကျားကို အမဲလိုက်တာဟာ အန္တရာယ် တော်တော်များပေမယ့် သူ့ကို အမဲလိုက်ပြီး ရတဲ့အမြတ်က အင်မတန်မှ များပါ တယ်။ ကုန်ကျတဲ့ စရိတ်နဲ့ အကျိုးအမြတ်ကို ပြန်တွက်လိုက်ရင် အကျိုးက များတဲ့အတွက် ဘယ်လောက် အန္တရာယ် ရှိရှိ လုပ်နေမှာပဲ။ ဘာကြောင့်ဆို သူ့ရဲ့ဝယ်လိုအားက အင်မတန်မှ များနေလို့ ဖြစ်ပါတယ်” ဟု WCS ဌာနေ ပရိုဂရမ် ဒါရိုက် တာ ဦးစောထွန်းက ပြော သည်။
ဆက်လက်၍ ၎င်းက ဂေဟစနစ်မှ မျိုးစိတ်တခု၊ သစ်တော တတော ပြုန်းသွားသည်ကို ဘာမှမဖြစ် သေးဘဲ အသက်ရှင်နေ ထိုင်နေသေးသည်ဟု ပေါ့တန်တန် ထားလိုက်ပါက အချိန်ကာလတခုရောက် လျှင် အားလုံးပျက်စီးကာ လူသားမျိုးနွယ်စု တ ခုလုံးပါ မျိုးတုံး ပျောက်ကွယ် သွားနိုင်သည်အထိ ဖြစ်နိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ အားလုံးကို ထိန်းသိမ်းရန် အရေးကြီးကြောင်း တိုက်တွန်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများသည် အရေခွံ ခွာယူရန်အတွက် ၁ ပတ်လျှင် ၁ ကောင်နှုန်းခန့် သတ်ဖြတ်ခံနေရပြီး အဆိုပါနှုန်းအတိုင်းသာ ဆက်ဖြစ်နေပါက နောက်နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင် တောဆင်ရိုင်း လုံးဝ ပျောက် ကွယ်သွားနိုင်သည့် အန္တရာယ်ရှိကြောင်းလည်း ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF) မြန်မာက ထုတ် ပြန်ထားသည်။
အလားတူ ဘေးအန္တရာယ် ကျရောက်နေသည့် ကျား ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သစ်တောဦးစီး ဌာန၊ သဘာဝဝန်းကျင် နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ဦးဆောင်ကာ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ NGO, INGO အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းလည်း ဦးစောထွန်းက ပြောဆိုသည်။
ယနေ့ ထုတ်ပြန်လိုက်သည့် “ကျားထက်သာလွန်၍” အစီရင်ခံစာကို စာတမ်းပြုစုသူ ၂၈ ဦးတို့က ၂ နှစ် တာ အချိန်ယူကာ ပူးပေါင်း သုတေသန ပြုစုခဲ့ခြင်းဖြစ်ပြီး အာရှ နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှ အဖွဲ့ အစည်းပေါင်း ၁၅၀ ကျော်ရှိ ပညာရှင် ၃၈၂ ဦးတို့နှင့်လည်း တိုင်ပင်ဆွေးနွေးကာ အချက်အလက် များ ရယူခဲ့ကြောင်း သိရသည်။
အဆိုပါ အစီရင်ခံစာတွင် တောရိုင်း တိရစ္ဆာန်များဆိုင်ရာ ရာဇဝတ်မှုများ ပပျောက်သွားရန် မြန်မာ နိုင်ငံနှင့် မဟာမဲခေါင်ဒေ သအတွင်းရှိ နိုင်ငံများအတွက် ဖြစ်နိုင်ချေရှိသည့် အကြံပြုချက်များ ထည့် သွင်း ဖော်ပြထားသကဲ့သို့ မြန်မာ့ အဖိုးတန် သဘာဝ အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများကိုလည်း အင်တိုက်အားတိုက် ကူညီပေးသွား မည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Kristian Schmidt က ပြောသည်။