ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ တခုတည်းကို တိုက်ရိုက် မပြင်ဆင်ဘဲ လွှတ်တော်က ဖွဲ့စည်းပေးထားသည့် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီအောက်သို့ ထည့်သွင်းရန် အားထုတ်မှုသည် ဥပဒေနှင့် မညီ၍ သဘော မတူ နိုင်ကြောင်း တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များက ပြောသည်။
ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်များကသာ တိုက်ရိုက် ရွေးချယ်ခွင့် ရရှိစေရန် ရည်ရွယ်၍ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်သည့် ဥပဒေကြမ်းကို ကြံ့ခိုင်ရေးပါတီမှ ကျောင်းကုန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းထွန်းက တင်သွင်း ခဲ့ခြင်း ဖြစ်သည်။
ယင်းတင်သွင်းမှုကို လွှတ်တော်က လက်ခံခဲ့ပြီး ၂၆၁ ပြင်ဆင်ရေး အတွက် ကေ်ာမတီ အစည်းအဝေး ၂ ကြိမ် ကျင်းပ ပြီးနောက် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ကော်မတီ၏ အစီရင်ခံစာကို ယမန့်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ကမူ ပုဒ်မ ၂၆၁ ပြင်ဆင်ချက်များကို ၄၅ ဦးဖြင့် ဖွဲ့စည်းထားသည့် ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ ဆွေးနွေးချက်များ ထဲသို့ ပူးပေါင်းပေးရန် ဥပဒေကြမ်း ကော်မတီ ၏ အစီရင်ခံ တင်ပြချက်သည် ဥပဒေနှင့်မညီဘဲ လွဲမှားနေကြောင်း၊ ဥပဒေပြု အဖွဲ့အစည်းကိုယ်တိုင် တဖက် လှည့် ဖြင့် ဆောင်ရွက်လိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။
“ဥပဒေကြမ်းကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆိုရင် အဲ့ဒီအတိုင်း ဆက်လုပ်ရမယ် ဆိုတာ ကို ကျနော်တို့ က ထောက်ပြခြင်း ဖြစ်ပါတယ်။ ကျနော် ဒီဟာနဲ့ ပတ်သက်ပြီး ပြောစရာ တင်ပြစရာ ရှိတယ်ဆိုတာကို ကျနော်တို့ကို ပြောခွင့်မပေးပါဘူး။ မိုက်ဖွင့်မပေးပါဘူး”ဟု ပြည်ထောင်စု လွှတ်တော် ခေတ္တရပ်နားစဉ် ၎င်းက သတင်း ထောက် များကို ပြောသည်။
ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားပြီး နောက် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များက မတ်တတ်ရပ် ကန့်ကွက် ဆွေးနွေးခဲ့သော်လည်း လွှတ်တော် နာယက ဦးတီခွန်မြတ်က မိုက်ဖွင့် မပေးသဖြင့် ၎င်းတို့ ဆွေးနွေးခွင့် မရခဲ့ပေ။
ထို့ပြင် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း ပေးနိုင် ကြောင်းလည်း လွှတ်တော်က ဖိတ်ခေါ်ထားသည်။
ဗိုလ်မှူးချုပ် မောင်မောင်က“ကျနော်တို့က အခြားကို ပြောတာ မဟုတ်ဘူး။ ဥပဒေနဲ့ အညီပဲ ဆက်လက် ဆောင်ရွက် သွားဖို့ပါ။ နောက်တခုက ၄၅ ဦး ကော်မတီနဲ့ ပတ်သက်လို့ ဥပဒေနဲ့မညီဘူး ဆိုပြီး တောက်လျှောက် ကန့်ကွက် လာ တာ ဖြစ်တယ်”ဟု ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရာတွင် ပုဒ်မ ၂၆၁ နှင့် ပတ်သက်၍ ဥပဒေကြမ်း ကေ်ာမတီ၏ သဘောထား မှတ် ချက် ပေးရမည် ဖြစ်သော်လည်း ယခုအခါ ယင်းကော်မတီက ကြံ့ခိုင်ရေး ပါတီ၏ ၂၀ ရာခိုင်နှုန်းဖြင့် လုပ်ဆောင်သည့် အပေါ်တွင် ဝေဖန်သလို ဖြစ်နေကြောင်း ကြံ့ခိုင်ရေးပါတီမှ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောဆိုသည်။
“အဲဒီ တင်ထားတဲ့ ၂၆၁ အပေါ်မှာပဲ ဥပဒေကြမ်း ကော်မတီကနေပြီးတော့ ဘာတွေ ပြင်သင့်တယ်။ မပြင်သင့်ဘူး။ ဘယ်လို ပြင်မယ် ဆိုတဲ့ သူ့ရဲ့ သဘောထားမှတ်ချက် ပြန်ရမှာ။ အဲဒီလို မဟုတ်ဘဲနဲ့ တင်လာတဲ့ ဟိုဘက်ကဟာနဲ့ သွား ပေါင်းမယ်ဆိုရင် ကန့်သတ်ချက်တွေ ရှိတယ်။ ဟို ၂၁ ရာစု ပင်လုံနဲ့ပါ ဆက်ဆွဲမယ်ဆိုရင် သူတို့ လိုချင်တာကို ပြောနေ တယ်”ဟု ဦးသောင်းအေးက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၃ တွင် ပြဌာန်းချက်အရ ပြင်ဆင်ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရပ်ရပ်ကို ပြင်ဆင် ရန် ဟုသာ ဖော်ပြထားပြီး တအုပ်လုံးပြင်ရန် မပါကြောင်း၊ ပြင်သင့်ပြင်ထိုက်သည့် ပုံစံ၊ ပြင်သင့်ပြင်ထိုက်သည့် ဥပဒေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားပြီး ဖြစ်ကြောင်း တပ်မတော်မှ အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီးဟောင်း လည်း ဖြစ်သူ ဦးသောင်းအေး က ပြောဆိုသည်။
“ဒါကြောင့် ဒီဥပဒေနဲ့အညီ ဒီပုဒ်မ ၂၆၁ ကို တင်တာပါ။ ဒီဥပဒေကို ဥပဒေနဲ့အညီ ပြင်တာကိုပဲ ထောက်ခံချင်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်လို့ ကျန်တဲ့ဟာတွေလည်း ရှိတဲ့အတွက် ဟိုဘက် ပူးပေါင်းကော်မတီကို ပြောင်းပေးဖို့ဆိုတဲ့ အကြံ ပြုချက်မျိုးကိုတော့ လက်ခံလို့ မရဘူး။ ဥပဒေနဲ့အညီ တင်တာ ဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ သွားဖို့ ပြောဖို့အတွက် မိုက်တောင်းတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည် ဆိုပါက ဆက်နွယ်နေ သည့် ပုဒ်မများကို ထည့်သွင်း စီစဉ်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး ညီလာခံမှ အတည်ပြုချက်များနှင့်လည်းကိုက်ညီ စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁ တွင် ပါရှိသည့် နိုင်ငံတော် အခြေခံမူများကို စတင်ပြီး ပြင်ဆင်မှသာလျှင် ယခု ပြင်ဆင်ရန် တင်သွင်းလာသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ခြင်းနှင့် ရှေ့နောက် ညီညွတ်မှုရှိမည်ဟု လွှတ်တော်တွင် ပြောကြား သည်။
“ဒီလို ဆီလျော် ညီညွတ်မှုရှိစေဖို့ ပြင်ဆင်ရန် လိုအပ်တဲ့ အတွက်ကြောင့် မို့လို့ ပုဒ်မ ၁ ခုချင်းစီကို သီးခြား ပြင်ဆင်နေ မယ် ဆိုရင် ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို လွှတ်တော်သို့ အကြိမ်ကြိမ် တင်သွင်းဆောင်ရွက်ရန် လိုအပ်ကြောင်းကို လည်း လေ့လာ တွေ့ရှိရပါတယ်”ဟု ၎င်းက လွှတ်တော်တွင် ပြောကြားသွားသည်။
လက်ရှိတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ၂၀၀၈ ဖွဲ့စည်းပုံ စောလျင်စွာ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ တရပ် ဖွဲ့စည်းရန် အဆိုကို လွှတ်တော်သို့ တင်ပြပြီး လူပုဂ္ဂိုလ် ၄၅ ဦးဖြင့် ဖွဲ့စည်းပြီး ဖွဲ့စည်းပုံ ပြင်ဆင်နိုင် ရေး အစည်းအဝေးများကို လွှတ်တော်တွင် အပတ်စဉ် ပြုလုပ်လျက် ရှိသည်။
NLD ပါတီ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦးအောင် ကြည်ညွှန့်က“အစီရင်ခံစာတင်တယ်ဆိုတာ ဆုံးဖြတ်တာ မဟုတ်ဘူး။ ဒီအစီရင်ခံစာ အပေါ် မူတည်ပြီး ထောက်ခံတဲ့လူလည်း ရှိချင် ရှိမယ်။ ကန့်ကွက်တဲ့သူတွေလည်း ရှိချင် ရှိ မယ်။ အဲဒီအတွက် အမည်စာရင်း တောင်းတယ်။ တကယ့် Procedure အတိုင်း က ရိုးရိုးလေးပဲ။ ဒါကြီး ကိုထပြီး ကန့်ကွက် နေဖို့တောင် အထူး မလိုအပ်ဘူးလေ”ဟု ပြောဆိုသည်။
ပုဒ်မ ၂၆၁ ပြင်ဆင်နိုင်ရေးသည် တိုင်းရင်းသား ဒေသများနှင့် အဓိက သက်ဆိုင်သဖြင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို သီးသန့် ဆက်လက် ဆောင်ရွက်ရန် သဘောတူကြောင်း ရခိုင် အမျိုးသား ပါတီမှ ကျောက်ဖြူ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က သတင်းထောက်များကို ပြောသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီး သီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။