ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားတွင် ခိုလှုံနေသော မြန်မာနိုင်ငံမှ ဒုက္ခသည် တသန်းကျော်ကို ပြန်လည် ပို့ဆောင်ရေးအတွက် နည်းလမ်း ကူညီရှာဖွေပေးရန် အမေရိကန် ပြည်ထောင်စုအား ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး အန်နာမာ ရာမန်က မတ်လ ၃ ရက်နေ့က ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အားလ် မိုင်လာနှင့် ဒါကာတွင် ထိုနေ့ အစောပိုင်းက တွေ့ဆုံစဉ် အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“လှူဒါန်းတာတွေ၊ အကူအညီပေးတဲ့ ငွေတွေက အဓိကအကြောင်းအရာ မဟုတ်ဘူးလို့ အစည်းအဝေးမှာ ကျနော် ပြောခဲ့တယ်။ ရက်တွေကုန်ဆုံးကုန်ပြီ။ ကျနော်တို့ အခုလိုချင်တာ ချစ်ခင်ရင်းနှီးစွာ နိုင်ငံသား အခွင့်အရေးနဲ့၊ ဂုဏ်သိက္ခာနဲ့ ဒုက္ခသည်တွေ ပြန်သွားတာပဲ” ဟု ရာမန်က ဧရာဝတီသို့ ပြောသည်။
“နိုင်ငံသား အခွင့်အရေးနဲ့ ဒုက္ခသည်တွေ အမြန်ဆုံးပြန်တာကို ကျနော်တို့လိုချင်တယ်။ သူတို့တွေ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ လူ့အခွင့်အရေး အားလုံးရရမယ်” ဟုလည်း သူက ပြောသည်။
“ကျနော်က သူ့ရဲ့ ထင်မြင်ချက်ကို တောင်းခံခဲ့တယ်” ဟုလည်း သူက ဆိုသည်။
အမေရိကန်သံအမတ်က အမေရိကန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးသော ငွေကြေး အကူအညီအကြောင်း ရှင်းပြပြီး ဒုက္ခသည်များ ပြန်ပို့ရေးအတွက် အမေရိကန် အစိုးရက ကူညီမည်ဖြစ်ကြောင်း အာမခံသည်ဟု ၎င်း၏ အဆိုအရ သိရသည်။
“အမေရိကန်ပြည်ထောင်စု အနေဖြင့် အကျပ်အတည်းကြောင့် ထိခိုက်သူအားလုံးကို ကူညီရန် ကတိပြုသည်” ဟု ဒါကာရှိ အမေရိကန်သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“လွန်စွာ ဒုက္ခရောက်နေသော ရိုဟင်ဂျာ အသိုင်းအဝန်းအတွက် နယ်စပ်နှင့် နှလုံးသားများကို ဖွင့်ထားပေးသော ဘင်္ဂလားဒေဒ့ရှ် နိုင်ငံနှင့်ပြည်သူများ၏ ရက်ရောမှုကို မိမိတို့ အလေးအနက် အသိအမှတ်ပြုသည်။ ဤ လူသားချင်း စာနာမှုအရေးကို နည်းလမ်းအားလုံးဖြင့် ကူညီရန် နိုင်ငံအားလုံးကို တောင်းဆိုသည်” ဟုလည်း ထို ကြေညာချက်က ဆိုသည်။
ဒုက္ခသည်များကို ဘင်္ဂလားပင်လယ်အော်ရှိ ဘာစန်ချား ကျွန်းသို့ ပို့ဆောင်မည့် အငြင်းပွားဖွယ် အစီအစဉ်ကို ဆက်လက် ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရည်ရွယ်ထားကြောင်းလည်း ရာမန်က ပြောသည်။
“မိသားစု ၂၃၀၀၀ လောက်အတွက် ဆောက်ထားတဲ့ အဲဒီကအိမ်တွေဆီ သူတို့ကိုရွှေ့ပြောင်းဖို့ ဝန်ကြီးချုပ်က ဆန္ဒရှိတယ်” ဟု ၎င်းက ပြောပြီး ထိုစီမံကိန်းအတွက် ဝန်ကြီးချုပ်ရုံးသည် သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲရေးနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ အေဂျင်စီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ဆွေးနွေး နေကြောင်းလည်း ဆက်ပြောသည်။
ဝန်ကြီးချုပ်ရုံး အတွင်းဝန်ချုပ် နိုဂျီဗာ ရာမန်နှင့် အခြားအရာရှိများသည် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး မီရာ ဆက်ပိုနှင့် ဗုဒ္ဓဟူးနေ့တွင် ဒါကာ၌ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
“မတ်လ ၆ ရက် အစည်းအဝေး နောက်ပိုင်းမှာ သူတို့ကို ဘယ်လိုရွှေ့ပြောင်းမယ် ဆိုတာနဲ့ပတ်သက်ပြီး နောက်ဆုံး လမ်းပြမြေပုံကို ရေးဆွဲမယ်” ဟု ရာမန်က ဆိုသည်။
ယခင်က သံသယများနှင့် ပူပန်မှုများဖြစ်စေသော နေရာရွှေ့ပြောင်းရန် အစီအစဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ဆက်ပိုက ရှင်းလင်း ပြောကြားခြင်း မရှိပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်က “ပြောင်းရွှေ့ နေရာချထားခြင်းကို ဆန္ဒအလျောက်သာ ဆောင်ရွက်မည်ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့က ထပ်မံအကဲဖြတ်မည်ဟု ယူဆရသည်” ဟု မတ်လ ၄ ရက်နေ့က တွစ်တာတွင် ရေးသားထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကီလိုမီတာ ၃၀ ခန့်အကွာရှိ ဘေးမဲ့တော ဖြစ်သော ဘာဆန်ချားရှိ ရွှေ့ပြောင်းရေးစခန်းကို ဘင်္ဂလားဒေ့ရှ် ရေတပ်က ယခုနှစ်ကုန်တွင် တည်ဆောက် ပြီးစီးရန် မျှော်မှန်းထားသည်။
အမေရိကန် ပြည်ထောင်စုသည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များကို ထောက်ပံ့ရန် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်သို့ အမေရိကန်ဒေါ်လာ ၄၅.၅ သန်းပေးမည် ဖြစ်ကြောင်း အမေရိကန်သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုငွေသည် ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ ပူးတွဲတုံ့ပြန်ရေးအစီအစဉ်ကို ဂျနီဗာတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်စဉ် အမေရိကန် ပြည်ထောင်စုက ကတိပြုခဲ့သော ဒေါ်လာ သန်း ၆၀ အပြင် ထပ်မံ ကူညီသော ငွေဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်အတွက် လူသားချင်း စာနာမှုအကူအညီ များကို ထိပ်ဆုံးမှပေးနေသော နိုင်ငံဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ မှစတင်ပြီး ကူညီငွေ စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ နီးပါးရှိပြီဖြစ်သည်။
နောက်ဆုံး ပေးအပ်သော ကူညီငွေများကို အစားအသောက်၊ မုတ်သုန်နှင့် မုန်တိုင်းအတွက် ပြင်ဆင်ခြင်းနှင့် မိခင်နှင့် ကလေးများအတွက် အာဟာရဆိုင်ရာ ပံ့ပိုးမှုများအတွက် သုံးမည်ဟု အမေရိကန်သံရုံးက ဆိုသည်။
(ဒါကာမြို့ရှိ ဧရာဝတီ သတင်းထောက် Muktadir Rashid ၏ Bangladesh Urges U.S. to Help Repatriate Rohingya Refugees ကို ဘာသာပြန်သည်။)