နေပြည်တော် ပြည်ထောင်စု လွှတ်တော် အမှတ်၂ ကြိုးတံတား အနီး ဒရုန်း လွှတ်တင်သဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ လ အပြစ်ပေးခံရပြီး ရမည်းသင်း အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသည့် ပြင်သစ် နိုင်ငံသားသည် နေပြည် တော်၌ ဆက်လက် အချုပ်ခံထားရဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။
ပြစ်ဒဏ်များမှ လွတ်မြောက်လာသော်လည်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ ချုပ်နှောင်ခြင်း နည်းဥပဒေ ၂ (၁) အရ ပြင်သစ်နိုင်ငံသား Mr Arthur Desclaux ကို မြန်မာ အစိုးရက ပြည်နှင်ဒဏ် ပေးရမည် ဖြစ်ရာ ပြည်နှင်ခွင့် မကျမီ ကာလတွင် အာမခံ ပေးမည့်သူ မရှိသဖြင့် ဥတ္တရ သီရိမြို့ နယ်၊ ဘုရားကုန်း ရဲစခန်းတွင် အချုပ်ခံထားရမည် ဖြစ် ကြောင်း မြို့နယ် လူဝင်မှု ကြီးကြပ်ရေး (လဝက) အရာရှိ ဦးမြင့်ဇော်က သတင်းထောက်များကို ပြောသည်။
လဝက အရာရှိ ဦးမြင့်ဇော်က“ကံမကောင်းစွာနဲ့ပဲ သူ့မိသားစုက ဒီမှာ အသိ မရှိဘူးပေါ့။ အခု လောလောဆယ် အထိ တော့ အာမခံပေးမယ့်သူ မရှိသေးတော့ ဒီမှာပဲ ဆက်နေရဦးမှာပေါ့။ သံရုံး အနေနဲ့လည်း အာမခံပေးလို့ မရဘူး။ တကယ် တော့ အာမခံပေးတယ် ဆိုတာက လူကိုယ်တိုင်က လုပ်ပေးရမယ့် ကိစ္စ မို့လို့ပါ”ဟု ရှင်းပြသည်။
ပြည်နှင်ခွင့် မကျမီ လဝက ဌာနမှ ၁၅ ရက်ထက် မပိုဘဲ ချုပ်ထားခွင့် ရှိသော်လည်း၂ နိုင်ငံ ဆက်ဆံရေးကြောင့် ခွင့်ပြု ချက်ကျရန် အမြန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြင်သစ် ကောင်စစ်ဝန်ကလည်း တရားရုံး၏ အမိန့်ချ ဆောင်ရွက် ပေးမှုများ အပေါ် ကျေနပ်မှုရှိကြောင်း ပြောဆိုခဲ့သည်ဟု ၎င်းက ပြောသည်။
ယင်း ပြင်သစ်နိုင်ငံသားသည် ထိုင်းနိုင်ငံမှ မြဝတီသို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စက်ဘီးနှင့် ဝင်ရောက် လာခဲ့ပြီး နေပြည်တော်သို့ ဖေဖော်ဝါရီလ ၇ ရက်တွင် ရောက်ရှိလာကြောင်း၊ နေပြည်တော်တွင် မည်သည့် နေရာတွင် မှ မတည်းခိုသေးဘဲ လွှတ်တော် အနီးတွင် ဒရုန်း လွှတ်တင်နေစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြင်သစ် နိုင်ငံသား ကိုယ်တိုင်က မြန်မာနိုင်ငံသို့ မြဝတီ နယ်စပ် ဂိတ်မှ တဆင့် ဝင်ရောက်စဉ် ဒရုန်းပါ လာပါက ကြေ ညာရန် မည်သူကမှ မပြောဆိုခဲ့ သဖြင့် မသိရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ ၈ ကို ချိုးဖောက်မိခဲ့ကြောင်း အပြစ် ဝန်ခံခဲ့ကာ ၎င်းကို ထောင်ဒဏ် ၁ လ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
ပြင်သစ်နိုင်ငံသား စွဲတင်ခံထားရသည့် ပို့ကုန်/သွင်းကုန် ပုဒ်မ ၈ ဆိုသည်မှာ မည်သူမဆို ကန့်သတ် တားမြစ် ပိတ်ပင် ထားသည့် ပစ္စည်းများကို တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ခွင့်ပြုချက် ရယူရန် သတ်မှတ်ထားသည့် ပစ္စည်းများကို ခွင့်ပြုချက် မယူဘဲ တင်သွင်းခြင်း၊ တင်ပို့ခြင်း တို့ကို ကျူးလွန်ပါက ငွေဒဏ်နှင့် ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်သည်။
ယနေ့တွင်လည်း ရဲတပ်ဖွဲ့က လွတ်ရက်စေ့ သဖြင့် ပြင်သစ် နိုင်ငံသားကို အကျဉ်းထောင်မှ ခေါ်ထုတ်လာခဲ့သော်လည်း လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေး ဌာနတို့က အမှု ၁ မှုစီဖြင့် စွဲချက်တင် သဖြင့် ဥတ္တရ သီရိမြို့နယ် တရားရုံးတွင် အမှု ဆက်လက် ရင်ဆိုင်ရသည်။

လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနက ဒရုန်းလွှတ်ရန် ကန့်သတ်နေရာတွင် လွှတ်တင်ခဲ့သဖြင့် ၁၉၃၄ ခုနှစ် မြန်မာ နိုင်ငံ လေယာဉ် အက်ဥပဒေ အရ အမှုစွဲတင်ရခြင်း ဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ရာ ပြင်သစ်နိုင်ငံသား ကလည်း ၎င်းတွင် အပြစ်ရှိကြောင်း ဝန်ခံသဖြင့် ငွေဒဏ် ငါးသောင်း ဆောင်ရန်၊ မဆောင်နိုင်ပါက ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် ဥတ္တရသီရိမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
မြို့နယ် တရားသူကြီး ဒေါ်ဆုလာဘ်ရတနာဦးက“သူဟာ နိုင်ငံခြားသားလည်း ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ လည်း အကျွမ်းတဝင် မရှိဘူး။ ပြီးတော့ ပို့ကုန်/သွင်းကုန် ဥပဒေ နဲ့လည်း ပြစ်ဒဏ်ကျခံပြီး ဖြစ်တာကြောင့်ပါ”ဟု တရား ခွင်တွင် ပြောသည်။
ပြင်သစ် နိုင်ငံသားသည် ဒရုန်းကို မြန်မာနိုင်ငံ အတွင်းသို့ ယူဆောင်လာရာတွင် နယ်စပ် ဂိတ်၌ ဒရုန်းပါလာကြောင်း မကြေညာခဲ့မိသဖြင့် ပို့ကုန်/သွင်းကုန် ဥပဒေကို ချိုးဖောက်ကြောင်း ဝန်ခံပြီး ထောင်ဒဏ် ၁ လ အပြစ်ခံခဲ့ရသဖြင့် ဗီဇာ စည်းကမ်း ချိုးဖောက်သည် ဟု ဆိုကာ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနက ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး (လတ်တလော) ပြဌာန်းချက် အရ ပုဒ်မ ၄ (၂) ကို ကျူးလွန်သည့်အတွက် အရေးယူပေးရန် ထပ်မံ တင်ပြခဲ့သည်။
ပြင်သစ်နိုင်ငံသားကလည်း ၎င်းသည် ဗီဇာ စည်းကမ်းကို ဖောက်ဖျက်မိကြောင်း ဝန်ခံသဖြင့် ယင်းမြို့နယ် တရားရုံးက ငွေဒဏ် ၁ သိန်း ချမှတ်ခဲ့ပြီး ငွေဒဏ် မဆောင်နိုင်ပါက ထောင်ဒဏ် ၁ လ ကျခံစေရန် အမိန့်ချခဲ့သည်။
ထို့ကြောင့် ပြင်သစ်နိုင်ငံသား Mr Arthur Desclaux သည် စုစုပေါင်း ဒဏ်ငွေ ၁ သိန်းခွဲ ပေးဆောင်ရမည် ဖြစ်ပြီး ၎င်း၏ သံရုံးက ယင်းဒဏ်ငွေကို ပေးဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းကို တရားရုံးက လွှတ်ပေးခဲ့သော်လည်း လူဝင်မှု ကြီးကြပ်ရေး ဌာနသို့ ထပ်မံ ခေါ်ဆောင်သွားခြင်းခံရပြီး ပြည်နှင်ဒဏ် အမိန့်မကျမီ ကာလတွင် သိန်း ၁၀၀ ဖြင့် အာမခံပေးမည့်သူ မရှိသဖြင့် ဥတ္တရ သီရိမြို့နယ် ဘုရားကုန်း ရဲစခန်းတွင် ဆက်လက် အချုပ်ခံနေရသည်။