သတင်း

မန်လီ ဒေသခံ ၁၀ ဦး ပျောက်ဆုံးမှု ယနေ့အထိ သတင်း မရရှိသေး

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် မန်လီ ကျေးရွာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်သူများကို ကူညီရင်း ပျောက်ဆုံးသွားသူ ဒေသခံ ၁၀ ဦး၏ သတင်းအစအနကို ယနေ့ထက်ထိတိုင် မရရှိသေးကြောင်း သိရသည်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ မန်လီကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားသဖြင့် တိုက်ပွဲရှောင်များကို ကယ်ထုတ်ရန် လာရောက်သည့် မန်လီ နာရေး ကူညီမှု အသင်းမှ ကိုစိုင်းငယ်လေး အပါအဝင် ဒေသခံ ၁၀ ဦးတို့ မတ် ၁ ရက်က ပျောက်ဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ပျောက်နေသည့် ကိုစိုင်းငယ်လေး၏ အစ်ကို ဖြစ်သူ ကိုမိုင်းစိုင်းက“ကျနော်ရဲ့ ညီအရင်းလည်း ဖြစ်တယ်။ နောက် ဒီရွာ သား တွေကို ကူညီပေးနေတဲ့ လူမှု ကူညီရေး အသင်းကလည်း ဖြစ်တယ်။ ကျနော်ကတော့ သူ အပါအဝင် မန်လီ ရွာသား ၁၀ ဦးကို ဖမ်းဆီးထားတာကို လူသားချင်း စာနာသောအနေဖြင့် အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

အဆိုပါ မန်လီ ရွာသားများ ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးသို့ အကြောင်းကြားထားသော် လည်း ယနေ့ထိတိုင် တစုံတရာ သတင်း အချက်အလက် မရရှိသေး သကဲ့သို့ မည်သည့် အဖွဲ့အစည်းက ဖမ်းသွားသည်နှင့် မည်သည့် နေရာသို့ ရောက်ရှိနေသည်ကိုလည်း မသိရဘဲ ဖြစ်နေသည့် အပေါ် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း လည်း သိရသည်။

ကိုစိုင်းငယ်လေးသည် မန်လီ နာရေး ကူညီမှုအသင်းမှ ဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း တိုက်ပွဲရှောင် တဦးဖြစ်သည်။

ကိုမိုင်းစိုင်း က“မန်လီရွာမှာ တိုက်ပွဲဖြစ်တော့ ဖေဖော်ဝါရီ ၂၇ ရက်မှာ တိုက်ပွဲ ရှောင်လာတယ်။ မတ် ၁ ရက်မှာ အဆိုးဆုံး အခြေ အနေ ဖြစ်လာတယ်။ ရွာက ဆရာမက နယ်စည်းမခြား ပရဟိတ အဖွဲ့ကို အကူအညီ လှမ်းတောင်းတယ်။ အဲဒီ နောက် ကား၂ စီးနဲ့ တိုက်ထုတ်ရတယ်။ ကွန်စံလိတ် တိုက်ပွဲရှောင် စခန်းကနေ တိုက်ပွဲရှောင်နေတဲ့ ကြားထဲက သူက လည်း တက်သွားတယ်။ အဲဒါနဲ့ပဲ ရွာမှာ အိမ်စောင့် ကျန်ခဲ့တဲ့ ရွာသားတွေနဲ့ အတူတူ ထွက်လာရင်း အခုထိ ပျောက်ဆုံး နေတာ”ဟု ပြောပြသည်။

ပျောက်ဆုံးသွားသည့် မန်လီကျေးရွာသား ၁၀ ဦး၏ မိသားစုဝင်များတွင် ကိုယ်ဝန် အရင့်အမာနှင့် အမျိုးသမီးများ ပါဝင်နေ သလို လသားအရွယ် ကလေးငယ်များလည်း ရှိနေကြောင်း၊ ကိုစိုင်းငယ်လေး ဆိုသူမှာလည်း ကလေး ၃ ဦး၏ ဖခင် ဖြစ်ကြောင်း သိရသည်။

မန်လီ ကျေးရွာ တိုက်ပွဲရှောင်များကို ကယ်ထုတ်ပေးလာသည့် သီပေါမြို့ နယ်စည်းမခြား ပရဟိတ အဖွဲ့မှ ကိုမျိုးက“မန်လီ ဒေသခံ ၁၀ ဦး ပျောက်နေတာတော့ ဟုတ်ပါတယ်။ တိုက်ပွဲရှောင်ကြရင်း ပျောက်သွားတာ။ ဘယ်လို အခြေအနေရှိလဲ ဆိုတာ အခုထိတော့ မသိရသေးဘူး။ ကိုစိုင်းငယ်လေးက မန်လီ နာမှု ကူညီရေး အသင်းကပါ၊ မန်လီ ကျေးရွာက လူတွေ က အကူအညီ တောင်းရင် သူက လိုက်ကူညီပေးနေတာပါ”ဟု ပြောပြသည်။

မန်လီ ကျေးရွာသား တိုက်ပွဲရှောင် ၁၀ ဦး ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်ပြီး SSPP မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းသန်း အောင်က မိမိတို့ အဖွဲ့အစည်းမှ ဖမ်းဆီးထားခြင်း မရှိကြောင်း၊ ပြည်သူ လူထုကို ထိခိုက်စေမည့် ကိစ္စရပ်များ မပြုလုပ်ရန် လည်း အမိန့်ချထားကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍“ကျနော်တို့ တပ်ကတော့ အမြဲတမ်း စိစစ် လုပ်ထားတယ်။ ဒီပြည်သူလူထုနဲ့ ပတ်သက်တဲ့ ကိစ္စကို တားမြစ် ထားတယ်။ ပြည်သူလူထုကို မထိခိုက်ဖို့၊ ပြည်သူလူထုရဲ့ စည်းစိမ်အိုးအိမ်တွေ မထိခိုက်ဖို့ ပြီးရင် ရွာထဲမှာ တိုက် ပွဲ မဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ပါလို့ အမိန့်ချထားတယ်။ ကျနော်တို့ တပ်တွေကို မေးကြည့်တယ်။ ကျနော်တို့ဘက် က မဖမ်းဘူး၊ ဒီရွာသား ၁၀ ဦးပျောက်ဆုံးသွားတယ် ဆိုတာ အခုထိ သတင်း အစအန မကြားဘူး။ သူတို့ ဘယ်ရောက် သွားလဲ၊ ဘယ် အဖွဲ့အစည်းက ဖမ်းသွားတယ် ဆိုတာ ကျနော်တို့ မကြားသေးဘူး။ ကျနော်တို့ ဘက်က မဖမ်းဘူးဗျ”ဟု လည်း ပြောဆိုသည်။

RCSS မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်း ကလည်း မိမိတို့ အနေဖြင့် မန်လီ ဒေသခံများ ပျောက်ဆုံးနေမှု သတင်း အချက်အလက် အပြည့်အစုံ မရရှိသေးကြောင်း၊ မိမိတို့ တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူလူထုအား မတရား ဖမ်းဆီးခြင်း လုံးဝ မရှိကြောင်း၊ တပ်တွင်း စည်းမျဉ်း စည်းကမ်းများကိုလည်း လိုက်နာရန် အမိန့်ချမှတ် ထားကြောင်း ဧရာဝတီသို့ ပြောသည်။

“မန်လီ ဒေသခံ ပြည်သူ ပျောက်ဆုံးခြင်းနဲ့ ပတ်သက်လို့ ကျနော်တို့ သတင်း အချက်အလက် ပြည့်ပြည့်စုံစုံ မကြားသိရ သေးပါ။ တဖက် အဖွဲ့အစည်းရဲ့ အာဘော်များနဲ့ မိမိတို့ အဖွဲ့အစည်းအား မဟုတ်မမှန် သတင်းများဖြင့် တိုက်ခိုက်နေမှု များကို တွေ့ရှိ နေရပါတယ်။ ကျနော်တို့ အောက်ခြေတပ်ကို စိစစ်ပါတယ်။ ကျနော်တို့ ရရှိတဲ့ သတင်းအရ မဟာမိတ် တပ်ပေါင်းစု အဖွဲ့များက ဖမ်းဆီးသွားတယ်လို့ သတင်း ရရှိပါတယ်။ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ ပြည်သူလူထုအား မတရား ဖမ်းဆီးခြင်းမျိုး လုံးဝ မရှိပါဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။

ထို့နောက် ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်းက RCSS မှ ချမှတ်ထားသည့် စစ်စည်းမျဉ်း စည်းကမ်းများကို တိကျစွာ လိုက်နာရန်၊ ပြည်သူလူထု အမြင်မှားစေနိုင်သည့် လုပ်ဆောင်ချက်များ လုံးဝ မလုပ်ဆောင်ကြရန်၊ ပြည်သူလူထု အပေါ် မတရား အနိုင် ကျင့်ခြင်းများ လုံးဝ မလုပ်ဆောင်ရန်၊ ပြည်သူလူထု အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ ပြည်သူလူထု၏ ဥစ္စာ ပစ္စည်းများ အများပြည်သူပိုင် ပစ္စည်းများ အားလုံး မထိခိုက်စေရန်နှင့် လာဘ်ပေး လာဘ်ယူမှုများ လုံးဝမရှိစေရန် စသဖြင့် အမိန့် ချမှတ်ထားပြီး လိုက်နာမှု မရှိပါက ထိရောက်စွာ အရေးယူသွားရန် အမိန့် ချမှတ်ထားကြောင်း ဆိုသည်။

RCSS နှင့် TNLA-SSPP ပူးပေါင်း တပ်ဖွဲ့ကြား၂၀၁၇ ခုနှစ် ဇူလိုင်လမှ စတင်၍ ၂၀၁၉ ခုနှစ် မတ် ၁ ရက်ထိ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ လားရှိုး စသည့် မြို့နယ်များ အတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိနေပြီး ဒေသခံများလည်း တိုက်ပွဲရှောင်များ အဖြစ် မကြာခဏ တိမ်းရှောင် နေကြရသည်။

RCSS နှင့် TNLA ကြားမူ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ စတင်၍ ဖြစ်ပွား လာခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

RCSS သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး TNLA နှင့် SSPP ကမူ NCA ထိုးနိုင်ရေး အစိုးရ၊ တပ်မတော် တို့နှင့် ညှိနှိုင်းနေသည့် လက်နက်ကိုင် အဖွဲ့များ ဖြစ် သည်။

ဆက်စပ် ဖတ်ရှုရန်ရှမ်း လက်နက်ကိုင် ၂ ဖွဲ့ ဘယ်လို စကားပြောကြမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading