သတင်း

ကချင် လွတ်လပ်ရေး တပ်မတော်ကို NCA အမြန် ထိုးရန် ယူနန် အစိုးရ ပြော

Want create site? Find Free WordPress Themes and plugins.

ကချင် လွတ်လပ်ရေး တပ်မတော် (KIA)ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) အမြန်ထိုး စေလို ကြောင်း တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ယူနန် ပြည်နယ် အစိုးရ အဖွဲ့က ပြောသည်ဟု သတင်း ရရှိသည်။

ယူနန် ပြည်နယ် အစိုးရအဖွဲ့က မတ်လ ၁ ရက်တွင် ယူနန် ပြည်နယ် ရွှေလီမြို့သို့ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ ထိပ်သီး ခေါင်းဆောင်များကို ခေါ်ယူ တွေ့ဆုံပြီး ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က“NCA ကို အမြန်ဆုံး ထိုးဖို့ လိုတယ် ဆိုတဲ့ အကြောင်းတွေ၊ သူတို့ (တရုတ်) က တပ်မတော်၊ အစိုးရ၊ လက်နက်ကိုင် အားလုံးကို ဖိအားတွေ ပေးနေတယ် ဆိုတဲ့ အကြောင်းတွေ ပြောပါတယ်”ဟု ဧရာဝတီကို ပြောသည်။

တရုတ် ဗဟို အစိုးရက နယ်စပ် ဒေသ ဖွံ့ဖြိုးရေး၊ ပိုးလမ်းမ စီမံကိန်းများ လုပ်ဆောင်ရန် အဆင်သင့် ရှိနေပြီ ဖြစ်သော် လည်း မြန်မာနိုင်ငံဘက်တွင် လက်နက်ကိုင် ပဋိပက္ခများ ရှိနေဆဲ ဖြစ်သဖြင့် စောင့်ဆိုင်းနေရကြောင်း ပြောဆိုသည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောသည်။

အစည်းအဝေးတွင် ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ရေး ကိုလည်း တရုတ်က ကူညီမည်ဟု ပြောပြီး မြစ်ဆုံ စီမံကိန်း ဆက်လက် လုပ်ဆောင်ရေး အတွက်လည်း ပြောဆိုသည်ဟု သိရသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က“တပ်မတော်နဲ့ အစိုးရရဲ့ NCA က ငြိမ်းချမ်းရေး ရယူဖို့၊ တရုတ် အစိုးရက NCA ထိုးမှ ငြိမ်း ချမ်းမှ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ဆက်သွားနိုင်မယ် ဆိုတဲ့ ကဏ္ဍ၊ တိုင်းရင်းသားတွေ မြင်တဲ့ NCA က တန်းတူ အုပ်ချုပ် ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရချင်တဲ့ ကဏ္ဍ၊ NCA အပေါ် အမြင်တွေ ကွာဟ နေတယ်”ဟု ပြောသည်။

တိုင်းရင်းသားများ လိုချင်သည်မှာ ငြိမ်းချမ်းရေး ရယူပြီး လမ်းဆုံးသွားသည့် အနေအထား မဟုတ်ဘဲ အပစ်အခတ် ရပ် စဲရေး လက်မှတ် ထိုးပြီးပါက နိုင်ငံရေး တောင်းဆိုချက်များ၊ ရည်မှန်းချက်များကို ဆွေးနွေးနိုင်သည့် စာချုပ်ကို ချုပ်ဆို လိုခြင်း ဖြစ်သည်ဟုလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆိုသည်။

NCA လမ်းကြောင်း အတိုင်း သွားလျှင် ကချင်လူထု၏ နိုင်ငံရေး မျှော်လင့်ချက်အတိုင်း ရရန် လမ်း မမြင်သေးပါ ဟုလည်း ၎င်းက ပြောဆိုသည်။

ဆက်လက်၍ ၎င်းက“အခု ကရင်တွေတောင်မှ NCA လမ်းကြောင်းက သွေဖည်သွားပြီ ဆိုပြီး ပန်းတိုင် မရောက်ဘူး ဆို တာ ပြောနေပြီ။ ကျနော်တို့ဘက် ကလည်း လူထု အနေနဲ့ စိုးရိမ်မှုတွေ ရှိနေတာ အဲဒါပါပဲ”ဟု ပြောသည်။

ယူနန် ပြည်နယ် အစိုးရ အဖွဲ့က KBC ထိပ်သီး ခေါင်းဆောင်များကို ခေါ်ယူ တွေ့ဆုံချိန်သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့၌ KBC ၏ ဇုန်နယ် အသီးသီးမှ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပ နေချိန်လည်း ဖြစ်သည်။

KBC ၏ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂ ရက် အထိ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အပြန်အလှန် ပြောဆိုကြသည့် အသေးစိတ် အချက်အလက်များကို ဒေါက်တာ ခလမ်ဆမ်ဆွန်က ဧရာဝတီကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။

ယူနန်အစိုးရအဖွဲ့နှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်များအား ဒေါက်တာခလမ်ဆမ်ဆွန်က KBC ၏ ဇုန်နယ် အသီးသီးမှ ထိပ်သီးခေါင်းဆောင်များ၊ လူငယ်ခေါင်းဆောင် များကို ပြန်လည် ပြောပြနေသည့် အစည်းအဝေး ရုပ်သံ မှတ်တမ်း တခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

ရုပ်သံ မှတ်တမ်းတွင် ဒေါက်တာ ဆလမ်ဆွန်ဆမ်က ကချင်ဘာသာ စကားဖြင့် ပြောဆိုထားကာ NCA မထိုးပါက တရုတ် အစိုးရဘက်မှ နယ်စပ်ဂိတ်များ ပိတ်ပြီး KIA လက်နက် စက်ရုံတွင် ကူညီနေသည့် တရုတ် ပညာရှင်များ ကိုလည်း ပြန်ခေါ် လိုက်မည် ဖြစ်ကြောင်း ယူနန် အစိုးရ အဖွဲ့ဘက်မှ ပြောသည်ဟု တွေ့ရသည်။

ယခင် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ် ဘရန်ဆိုင်း လက်ထက်က တရုတ် နိုင်ငံဘက်မှ ကွန်မြူနစ်ဝါဒ လက်ခံရန် ကမ်းလှမ်း ရာ KBC မှ ကန့်ကွက်ခဲ့ သဖြင့် ယနေ့ထိ ကချင်လူမျိုးများ ဒုက္ခရောက်နေကြောင်း ပြောကာ NCA လက်မှတ် ရေးထိုး လာရန်လည်း KIA ကို KBC က တိုက်တွန်းပေးရန် ပြောဆိုကြောင်း၊ ယခုတကြိမ်တွင် တရုတ်ဘက်မှ ပြောသည့် စကားကို နားထောင်ရန် ပြောကြောင်း ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောဆိုနေသည်ကို မှတ်တမ်း၌ ပါရှိသည်။

KIA ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အပစ်ရပ် စာချုပ်များ ချုပ်ဆိုရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်အထိ အပစ် ရပ်ဆိုင်း ပေးကြောင်း ကြေညာ ထား သည်။

ဖေဖော်ဝါရီလ၂၅ ရက်က ယူနန် ပြည်နယ် ကူမင်းမြို့တွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စား လှယ်များ တွေ့ဆုံခဲ့ကြသည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် ဆွေးနွေးချက်များ အပေါ် မေးမြန်းရန် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဖြစ်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၊ ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ကို ဧရာဝတီက ဆက်သွယ်သော်လည်း ဖြေဆိုခြင်း မရှိပါ။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် ရက္ခိုင့် တပ်မတော် (AA) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ၎င်းတို့ မဟာမိတ် ၄ ဖွဲ့မှ ပဏာမ အပစ်ရပ် စာချုပ် Bilateral ထိုးချင်သော်လည်း အစိုးရဘက်က လက်မခံဘဲ ကတိကဝတ် စာချုပ် (Deed Of Commitment ) တခုကို သဘောတူပြီးနောက် NCA အမြန် ထိုးစေလိုသည်ဟု ပြောသည်။

KIA ၊ AA အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့လုံးသည် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဦး ဆောင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) တွင် ပါဝင် ထားကြပြီး FPNCC က NCA ကို လက်မှတ် မထိုးနိုင်ကြောင်း ငြင်းဆိုထားသည်။

KIA သည် တပ်မတော်၊ အစိုးရနှင့် NCA ချုပ်ဆိုနိုင်ရေး ဆွေးနွေးနေစဉ် ၂၀၁၆ ခုနှစ်တွင် ၃ လ ကျော်ကြာ ထိုးစစ်ဆင်ပြီး KIA၏ တပ်ရင်း ၂၅၂၊ ဂီဒုန် စခန်းကုန်း တကြောကို သိမ်းခဲ့သည်။

ဂီဒုန်တောင်ကြော အနီးရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၃ခုလည်း လက်နက်ကြီးကျည်များ ကျသဖြင့် ဒုက္ခသည် ၃၀၀၀ ခန့် တရုတ်-မြန်မာနယ်စပ်ရှိ KIA ထိန်းချုပ်နယ်မြေ အတွင်းသို့ ထွက်ပြေးခဲ့ရသည်။

ထို တိုက်ခိုက်မှုများ ဖြစ်ပြီးနောက်တွင် KIA နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရပ်တန့်သွားပြီး ၂၀၁၇ ခုနှစ် ဖေ ဖော်ဝါရီလတွင် KIA က FPNCC ဖွဲ့စည်းသည့်ထဲတွင် ပါဝင်ခဲ့သည်။

အပစ်အခတ် ရပ်စဲရေး အတွက် အစိုးရနှင့် KIA ကြား ပြန်လည် တွေ့ဆုံနိုင်ရေး ကြိုးစားနေစဉ် ၂၀၁၇ ခုနှစ် ဇူလိုင်လ အတွင်း တပ်မတော်က တနိုင်းမြို့နယ်ရှိ ပယင်း၊ ကျောက်နီ၊ရွှေထွက်သည့် KIA ၏ တပ်ရင်း ၁၄ နယ်မြေများကို ထိုးစစ် ဆင် တိုက်ခိုက် သိမ်းယူပြီး အရပ်သားများကိုလည်း ထွက်သွားရန် ရဟတ်ယာဉ်ဖြင့် စာကြဲ ခဲ့သည်။

NCA ထိုးထားသည်မှာ ၃ နှစ်ကြာပြီ ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ အနက် အင်အားကြီး လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့မှာ လည်း တပ်မတော်နှင့် တိုက်ပွဲများ ပြန်ဖြစ်ပြီး ငြိမ်းချမ်းရေး ဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်မှုကို ရပ်ဆိုင်းထားသည်။

NCA ထိုးပြီး ၃ နှစ် ကာလ အတွင်း နှစ်ဖက်တပ် နေရာချထားရေး၊ ဒုက္ခသည်များ ပြန်လည် နေရာ ချထားရေးများ လည်း မလုပ်နိုင်သည့် အပြင် တန်းတူ ညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ဆိုင်ရာ နိုင်ငံရေး ရည်မှန်းချက်များ အတွက် လည်း ကြီးမားသည့် သဘော တူညီချက်များ ချမှတ်နိုင်ခြင်း မရှိသေးပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading