သတင်း

မြစ်ဆုံဆည်ကို လက်ခံရန် ကချင်ခေါင်းဆောင်များအား တရုတ် ဖိအားပေးပြန်

Want create site? Find Free WordPress Themes and plugins.

တရုတ်နယ်စပ်မြို့ဖြစ်သည့် ရွှေလီတွင် ပြီးခဲ့သည့် အပတ်အတွင်းက တွေ့ဆုံခဲ့ရာ၌ အငြင်းပွားဖွယ်ရာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည်စတင်ရေးကို ထောက်ခံရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ထိပ်တန်းတာဝန်ရှိသူများက ကချင်ဘာ သာရေးခေါင်းဆောင်များကို နောက်တကြိမ် ထပ်မံဖိအားပေးခဲ့ကြောင်း သြဇာရှိသည့် ကချင်ဘာသာရေး ခေါင်းဆောင် တဦးက ဧရာဝတီသို့ ပြောသည်။

ယူနန်ပြည်နယ် ခေါင်းဆောင်များနှင့် ကချင်နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ ကိုယ်စားလှယ်များ မတ်လ ၁ ရက်နေ့က တွေ့ဆုံခဲ့ရာတွင် တရုတ်တာဝန်ရှိသူများက တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မြစ်ဆုံဆည် စီမံကိန်းကို အခိုင်အမာ ထောက်ခံသူတဦး ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

“ဒေသခံ ပြည်သူတွေအတွက် အကျိုးရှိမှာ ဖြစ်တဲ့အတွက် ကျနော်တို့က မြစ်ဆုံစီမံကိန်းကို လက်ခံရင် ပိုကောင်းလိမ့်မယ် လို့ သူတို့က ပြောတယ်” ဟု KBC ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန် ကပြောသည်။

မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီ မြစ်စတင်ပေါ်ပေါက်လာသည့် မြစ် ၂ စင်းဆုံရာတွင် တည်ရှိသော အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ(မြန်မာကျပ်ငွေ ၅.၅ ထရီလီယံခန့်) တန်သော စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် ထိုစဉ်က သမ္မတ ဦးသိန်းစိန်က ဆိုင်းငံ့ခဲ့သည်။

ဆည်၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပါသည့် သက်ရောက်မှု အလားအလာများအပေါ် စိုးရိမ်သော ပြည်သူလူထု၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဟုန်လျံက ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီးနောက် ကချင်ပြည်သူများက စီမံကိန်းပြန်လည်စတင်ရေးကို မဆန့်ကျင်ကြကြောင်း ပြောဆိုခဲ့သည့် အချိန်တွင် မြစ်ဆုံ စီမံကိန်းက အများ၏ အာရုံစူးစိုက်မှု အောက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သံအမတ် ဟုန်လျံက သမ္မတ ရှီကျင့်ဖျင်၏ အမှတ်တံဆိပ် နိုင်ငံခြားရေး မူဝါဒ စီမံကိန်းဖြစ်သော ခေတ်သစ်ပိုး လမ်းမ(BRI) ၏ အောက်မှ စီမံကိန်းများကို အကောင်အထည်ဖော်ရန် မြစ်ဆုံဆည်ကို လိုအပ်ကြောင်း ပြောကြားခဲ့သည်။

KBC တာဝန်ရှိသူများက ယူနန်ပြည်နယ် ထိပ်ပိုင်းခေါင်းဆောင် ၇ ဦးနှင့် တွေ့ဆုံခဲ့ကြသော်လည်း ၎င်းတို့၏ အမည်များ သို့မဟုတ် ရာထူးများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါ။

ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရန်နှင့် စစ်ရှောင်ဒုက္ခသည်များ ကချင်ပြည်နယ်သို့ ပြန်သွားနိုင်ရေး ကချင်လက်နက်ကိုင်အဖွဲ့အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက် (NCA) ကို ဖြစ်နိုင်သမျှ အမြန်ဆုံး လက်မှတ်ထိုးရန် လိုအပ်သည်ဟုလည်း တရုတ်တာဝန်ရှိသူများက တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြသည်။

တရုတ်နိုင်ငံက ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်မတော်(AA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) တို့ပူး ပေါင်းဖွဲ့စည်းထားသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော်တို့ကြားတွင် ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းသူ အဖြစ် ဆောင်ရွက်နေခဲ့သည်။ ဇန်နဝါရီလအတွင်းတွင် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် KIA တို့ကြားမှ ပုံမှန်မဟုတ် သော တွေ့ဆုံမှုတခုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းတွင် ပြုလုပ်ခဲ့သည်။

“တကယ်လို့ ကျနော်တို့က ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ထိုးရင် ကျနော်တို့ပြည်နယ်ထဲက သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ လုံခြုံမယ်လို့ သူတို့က ထင်နေတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ (တိုင်းရင်းသားအဖွဲ့တခုအနေနဲ့) ရည်မှန်းချက် တွေက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိရေးနဲ့ ကျနော်တို့ ပြည်နယ်အတွင်းမှာ တန်းတူအခွင့်အရေး ရရှိရေးကို အလေးပေးတယ်။ ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စုလိုချင်တယ်။ အဲဒီနေရာမှာ ကျနော်တို့ တော်တော်ကို ကွာဟနေခဲ့ပါတယ်” ဟု ဒေါက်တာ ခလမ်ဆမ်ဆွန် ကပြောသည်။

“BRI က မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပေးလိမ့်မယ်။ စီမံကိန်းက တရုတ်နိုင်ငံကိုပဲ အကျိုးစီးပွား ဖြစ်စေမယ်လို့ ကျနော်တို့က မထင်သင့်ဘူးလို့ သူတို့က ပြောပါတယ်” ဟု သူက ပြောသည်။

“BRI စီမံကိန်းကို နားလည်မှု မလွဲဖို့လည်း သူတို့က ကျနော်တို့ကို တိုက်တွန်းခဲ့ပါတယ်” ဟု သူက ထပ်ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ကချင်ပြည်နယ်က တရုတ်နိုင်ငံ၏ BRI အစီအစဉ်များတွင် အရေးကြီးသော အခန်းကဏ္ဍတခုမှ ပါဝင်နေသည်။

ကချင်ပြည်နယ်တွင် မြန်မာနှင့် တရုတ်တို့က အမေရိကန် ဒေါ်လာ ၅ သန်းတန် “စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်” တခုကို ကချင်ပြည်နယ် အထူးဒေသ ၁ အတွင်းရှိ ကန်ပိုက်တီးမြို့တွင် တည်ဆောက်ရန် စီစဉ်ထားသည်။ အထူးဒေသ ၁ သည် ပြည်သူ့စစ်အဖွဲ့တခုဖြစ်သည့် ကချင်ဒီမိုကရက်တစ် တပ်မတော် သစ်(New Democratic Army-Kachin) ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

မြစ်ကြီးနားတွင် တရုတ်ကျောထောက် နောက်ခံပြုသည့် စက်မှုဇုန်တခု စတင်လုပ်ကိုင်နေပြီး စုစုပေါင်း စီမံကိန်း ဧရိယာမှာ ၄၇၅၁ ဧက ရှိ၍ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ သန်းကျော်မည်ဟု ခန့်မှန်းရသည်။

တွေ့ဆုံမှုအတွင်းတွင် တရုတ်တာဝန်ရှိသူများက ကချင်ပြည်နယ်တွင်းမှ စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ရေး အဆင်ပြေ ချောမွေ့စေရေး ကူညီရန် သူတို့က အဆင်သင့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

“သူတို့ အဆိုအရ သမ္မတ ရှီကျင့်ဖျင်ရဲ့ မူဝါဒအောက်မှာ နယ်စပ်ဧရိယာ ဖွံ့ဖြိုးတိုးတက်ရေးက အရေးကြီးတယ်။ သူတို့ရဲ့ ဖွံဖြိုးတိုးတက်ရေး အစီအစဉ်တွေက ပြည်တွင်းစစ်ကြောင့်ရပ်တန့်နေတယ်။ မကြာခင်မှာ အဲဒါတွေ ဖြစ်လာအောင်လုပ်ဖို့ သူတို့က ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးလာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။

ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းမှ ပဋိပက္ခ ဧရိယာများတွင် ၄ လကြာ အပစ် အခတ် ရပ်စဲရေး ကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီလအတွင်းတွင် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် ကချင် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ သည်။ တွေ့ဆုံမှုအတွင်းတွင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ကချင်စစ်ရှောင်ဒုက္ခသည်များသူတို့၏ နေအိမ်များသို့ အလျှင်အမြန်ပြန်ရောက်စေလိုသော သူ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့သည်။

ကချင်လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုးတက်စေချင်သည့် ဆန္ဒကိုလည်း ဖော်ပြခဲ့သည်။ မြစ်ဆုံဆည်နှင့် ပတ်သက်သည့် နောက်ဆုံး ဆုံးဖြတ် ချက်က ပြည်သူလူထု၏ ဆန္ဒနှင့် လွှတ်တော်အပေါ်တွင် မူတည်ကြောင်းလည်းပြောကြားခဲ့သည်။

(Nan Lwin ၏  Chinese Officials Again Pressure Kachin Leaders to Back Myitsone Dam ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading