သတင်း

တိုက်ပွဲကြောင့် မြောက်ဦး ဒေသခံ ၂၅၀၀ ကျော် တိမ်းရှောင်ရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ် အတွင်း ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ ၂၅၀၀ ကျော် နေရပ် စွန့်ခွာ တိမ်းရှောင် နေရကြောင်း သတင်း ရရှိသည်။

မြောက်ဦး မြို့နယ် လေးမြို့မြစ်ကမ်း အနီးရှိ ဘုရားကြီးရွာနှင့် မော်ရွာသစ်ရွာ ကြား၌ မတ်လ ၄ ရက် ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ယင်း ကျေးရွာ၂ ရွာ အပါအဝင် လေးမြို့ မြစ်ကမ်းဘေးတွင် တည်ရှိသော ကျေးရွာ ဒေသခံ များသည် အနီးရှိ စင်္ဘောကိုင်း ကျေးရွာနှင့် မြောက်ဦးမြို့ပေါ်သို့ တိမ်းရှောင်လာကြကြောင်း မြောက်ဦး မဲဆန္ဒ နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောသည်။

ဦးထွန်းသာစိန်က“မြောက်ဦး မြို့ပေါ်ကို ထွက်ပြေး ရောက်ရှိနေတာ ၈၀၀ ကျော် ရှိပါတယ်။ စင်္ဘောကိုင်း ရွာမှာတော့ လူ ၁၂၀၀ ကျော် ရှိပါတယ်။ စားသောက် နေထိုင်ရေးတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အိမ်သာတွေ လိုအပ်ချက် တွေကတော့ အများကြီး လိုနေပါတယ်။ ဒီလို အချိန်မှာ မိုးကလည်း ရွာနေတယ် ဆိုတော့ လိုနေတာကတော့ အများကြီး ပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

တိမ်းရှောင်လာကြသူများမှာ လေးမြို့ မြစ်ကမ်း တလျှောက်တွင် တည်ရှိသော ဘုရားကြီးရွာ၊ မော်ရွာသစ်၊ မော် ရွာဟောင်း၊ ဗြုတ်ချောင်း၊ လှေညှင်းတောင်၊ ခမောင်းဆိပ်၊ ဂုန်းကျွန်း စသည့် ကျေးရွာများမှ ဖြစ်ကြပြီး မတ်လ ၅ ရက်က စတင် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

စင်္ဘောကိုင်း ကျေးရွာသို့ ဝင်ရောက် ခိုလှုံနေသော ဘုရားကြီး ကျေးရွာသား ကိုနိုင်ဝင်းက“ရွာနားမှာ တိုက်ပွဲဖြစ် တော့ ရွာသားတွေ အကုန်လုံး ကြောက်ကြတာပေါ့။ မသင်္ကာမှုနဲ့ အဖမ်းခံရမှာကိုလည်း ကြောက်တယ်။ သမီးလှ ဖြစ်စဉ်လိုမျိုး ဖြစ် မှာကို ကြောက်ကြတယ်။ အဲဒါကြောင့် ကျနော်တို့ ဘာမှ ယူချိန် မရဘူး။ အဝတ်တထည် ကိုယ်တခု နဲ့ ပြေးလာကြ တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ အချိန်တွင် မြောက်ဦး မြို့ပေါ်သို့ ထွက်ပြေး ရောက်ရှိလာသော ဒေသခံ ကျေးရွာသားများကို မြတန်ဆောင် ဘုန်းကြီးကျောင်း၊ လက်ကောက်ဈေး ဘုန်းကြီးကျောင်း၊ ရွှေတောင် ဘုန်းကြီးကျောင်း၊ ဘုရားပေါ် ဘုရား သိမ်တော် နှင့် သူရိယ ရောင်ခြည် ဘုန်းကြီးကျောင်း တို့တွင် ယာယီ နေရာ ချပေးထားကြောင်းလည်း မြောက်ဦးမြို့ စစ်ဘေး ရှောင် ပြည်သူ ကူညီ ထောက်ပံ့ရေး ကော်မတီမှ ကိုထွန်းနီဝင်းက ပြောသည်။

ကိုထွန်းနီဝင်းက“လောလောဆယ် ကျနော်တို့ ဘုန်းကြီးကျောင်းတွေနဲ့ သိမ်တော်တွေမှာ နေရာချပေးထားပါတယ်။ ဒီနေ့ တရက်နဲ့ မနေ့က တရက် အတွက်တော့ မြို့ခံ အလှူရှင်တွေနဲ့ အဝေးရောက် ရခိုင် အဖွဲ့အစည်းတွေက အလှူ ငွေ တွေနဲ့ သူတို့ကို ကျွေးမွေးထားတာ ရှိပါတယ်။ ကြာလာရင်တော့ ကျန်းမာရေး၊ စားသောက် နေထိုင်ရေး အခက် အခဲ များစွာ ရှိလာနိုင်ပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။

ထို့ပြင် တိမ်းရှောင်လာသော တချို့ ကျေးရွာ ဒေသခံများသည် ကယ်ဆယ်ရေး စခန်းသို့ မရောက်ရှိလာဘဲ မြို့ပေါ် ရပ် ကွက်များတွင် ရှိသည့် ဆွေးမျိုးသားချင်း နေအိမ်များတွင် ဝင်ရောက် ခိုလှုံ နေထိုင်ကြသည့် သူများလည်း ရှိကြောင်း သိရသည်။

AA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “တိုက်ပွဲက ဆက်ဖြစ်နေတယ်။ မြောက်ဦး မြို့နယ် ထဲက လေးမြို့မြစ်ကမ်းမှာ ရှိတဲ့ ကျောက်ပေါက် ရွာရဲ့ အနောက်ဘက် တောင်ကြော တဝိုက်မှာ တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်ပါတယ်။ မတ်လ၅ ရက်ကလည်း တိုက်ပွဲက တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်ထားတယ်” ဟု မတ်လ၆ ရက်တွင် ဧရာဝတီကို ပြောသည်။

မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်ကမ်း၊ ကျောက်ပေါက်ရွာ၏ အနောက်ဘက် တောင်ကြောတွင် မတ်လ ၅ ရက်က တိုက်ပွဲ များ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီး AA တပ်ဖွဲ့များကို တပ်မတော်ဘက်က အဘက် ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်နေ သည်ဟု ဦးခိုင်သုခက ပြောသည်။

“ကျနော်တို့ ရက္ခိုင့်တပ်မတော်ဘက်က စစ်သည်တော်တဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေး ခဲ့ရတယ်” ဟု ဦးခိုင်သုခက ဆိုသည်။

ဦးခိုင်သုခက “မြန်မာ့တပ်မတော်ဘက်က ထိုးစစ်တွေ ပြင်းပြင်းထန်ထန် လုပ်နေတယ်။ သူတို့ဘက်က ထိုးစစ်ကြီးတွေ ထပ်လုပ်နေရင် ကျနော်တို့ဘက်ကလည်း ခုခံတိုက်ခိုက်ရုံမှအပ မရှိဘူး။ နောက်နေ့တွေမှာလည်း တိုက်ပွဲက ဆက်လက်ပြင်းထန်လာမယ့် အနေအထားရှိတယ်”ဟု ပြောသည်။

မတ်လ၃ ရက်မှ ၅ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဥတ္တလင်းချောင်းအနီး ခန်ခက်တောင်ကြောတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကာ ယနေ့ထိ စစ်ရေးတင်းမာနေဆဲ ဟု သိရသည်။

ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရပါ။

အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်က မြောက်ဦး မြို့နယ် ရမ်းချောင်း တောင်တန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အနီး ဝန်းကျင်ရှိ ဆင်အိုး၊ ကွမ်းချောင်း၊ နေပူခံ၊ ကြပ်စင်၊ ခူလိုင် စသည့် ကျေးရွာများမှ ဒေသခံ ၄၀၀ ကျော်မှာလည်း တိမ်ညို ကျေးရွာ၊ စေတီတောင် ကျေးရွာ၊ အောက်သားကန် ကျေးရွာများသို ဝင်ရောက် ခိုလှုံလျက် ရှိသည်။

မြောက်ဦး မြို့နယ်၊ ရမ်းချောင်း တောင်တန်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက် တို့က ဖြစ်ပွားခဲ့ သော တိုက်ပွဲ တွင် နှစ်ဖက် အထိအခိုက် ကျဆုံးမှုများလည်း ရှိကြောင်း နှစ်ဖက် အဖွဲ့၏ ထုတ်ပြန်ချက်များ အရ သိရသည်။

ရခိုင် ပြည်နယ် အတွင်း ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော် တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၁ သောင်းနီးပါး အထိ များလာပြီ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading