သတင်း

မော်လမြိုင် အခြေစိုက် သတင်းထောက် ၁ ဦး ခြိမ်းခြောက် ငွေတောင်းဟု တိုင်ကြားခံရ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် ဟင်္သာ မီဒီယာမှ သတင်းထောက် ကိုခင်မောင်ထွေး (ခ) ခေတ်မင်းသည် လောင်း ကစားဝိုင်း ပြုလုပ်သူများကို ခြိမ်းခြောက် ငွေတောင်းမှုများ ပြုလုပ်နေသည်ဟု တိုင်ကြား ခံထားရကြောင်း သတင်း ရရှိ သည်။

ယင်း သတင်းထောက်ကို တိုင်ကြားသူ ကိုငြိမ်းချမ်းမှာ ဇန်နဝါရီ ၁၅ ရက်က ကျင်းပသည့် မော်လမြိုင်မြို့ မြေနီကုန်း ရပ် ကွက်ရှိ ဆွမ်းကြီးလောင်းပွဲတွင် လောင်းကစားမှုနှင့် အဖမ်းခံ ခဲ့ရပြီး သတင်းထောက် ခေတ်မင်းထံ လောင်းကစားဝိုင်းများ အတွက် သတ်မှတ် ငွေကြေးပေးပြီးမှ အဖမ်းခံရသည့် အပေါ် နစ်နာကြောင်း မြန်မာပြည် တောင်ပိုင်း ဂျာနယ်လစ် ကွန် ရက် (SMJN) ထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်ကြားစာနှင့် ပတ်သက်၍ SMJN မှ မတ် ၄ ရက်တွင် ထုတ်ပြန်ချက် တစောင် ထုတ်ခဲ့ပြီး မော်လမြိုင်မြို့တွင် နယ်မြေခံ သတင်းထောက် တဦး ခြိမ်းခြောက် ငွေတောင်းနေသည်ဟု ကြားသိထားရကြောင်း ဖော်ပြထားသော်လည်း ခြိမ်းခြောက် ငွေတောင်းသူမှာ မည်သည့် သတင်းဌာနက ဖြစ်သည်ကိုမူ ဖော်ပြခြင်း မရှိပေ။

SMJN မှ ညှိနှိုင်းရေးမှူး ကိုဇော်လွင်ထွဋ်က“ကြေညာချက် ထုတ်ရတာ ကျနော်တို့ဆီ ဒီတိုင်စာ ရောက်လာတယ်။ တိုင်စာ မှာက လောင်းကစားဝိုင်းတွေမှာ သတင်းထောက် ၁ ယောက်က ငွေကြေး တောင်းခံနေတယ်။ နောက်တချက်က ဒီ လောင်းကစား ဝိုင်းတွေ ငွေကြေး မပေးရင် ရဲတပ်ဖွဲ့ကို သတင်းပေးနေတယ် ဆိုတဲ့ ဟာပေါ့။ အဲ့ဒီအချက် ၂ ချက်ကို တိုင် လာတယ်”ဟု ပြောသည်။

ယခုအခါ ကိုငြိမ်းချမ်း (၂၈ နှစ်)မှာ လောင်းကစားမှုဖြင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တရာရုံးက ထောင်ဒဏ် ၄ လ အမိန့် ချမှတ်ခံရပြီး ဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူ မသက်ဝေက ပြောပြသည်။

မသက်ဝေက“အချို့ မပေးတဲ့ ခုံတွေဆို ဓာတ်ပုံ လိုက်ရိုက်တော့ သူ့မှာ ဓာတ်ပုံ သက်သေတွေ ရှိတယ် ဆိုတော့ ခုံ (အံဂလုံ) သမားတွေက ကြောက်ကြတယ်။ သူကိုယ်တိုင်တော့ လာမတောင်းဘူး။ သူက ဖုန်းဆက်ပြီးတော့ ဘယ်ခုံမှာ ဘယ်လောက်ကောက် ဆိုပြီး သူ့ (ခေတ်မင်း) တပည့်တွေ လွှတ်လိုက်တယ်”ဟု ဆိုသည်။

တိုင်ကြားခံရသော ဟင်္သာ မီဒီယာ သတင်းထောက် ကိုခေတ်မင်းက လောင်းကစားသမား မည်သူ့ထံမှ ငွေကြေး မတောင်း ခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး ၎င်းနာမည်ကို အသုံးချ၍ ငွေတောင်းနေသည်ကိုလည်း ကိုယ်တိုင်ကြားနေရကြောင်း ဧရာဝတီ ကို ပြောပြသည်။

ကိုခေတ်မင်းက“ကျနော့် အနေနဲ့ လောင်းကစားဝိုင်းတွေကို ငွေကြေး တောင်းခံခဲ့မှု မရှိသလို ဘယ်သူနဲ့မှလည်း တောင်း ခိုင်းတာမျိုး မရှိဘူး။ အခု တိုင်တဲ့သူကို ယနေ့ အချိန်ထိ တခါမှ မမြင်ဖူးသေးဘူး။ ကျနော့် နာမည်နဲ့ ဆိုတော့ နောက်ကွယ် က ပယောဂ တခုခုတော့ ရှိမှာပေါ့”ဟု ရှင်းပြသည်။

၎င်းက ဆက်လက်၍ “ခြိမ်းခြောက်ပြီးတော့ ဖမ်းပါ၊ အရေးယူပါ တခါမှ မပြောခဲ့ဖူးဘူး။ ကျနော့်ကို မဟုတ်မမှန် တိုင်တာနဲ့ ပတ်သက်ပြီးတော့ တရား ဥပဒေအရတော့ ဖြေရှင်းသွားမှာပေါ့”ဟု ဆိုသည်။

SMJN ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီနောက် မတ် ၆ ရက်တွင် ဟင်္သာ မီဒီယာမှလည်း အသိပေး ကြေညာချက် ၁ စောင် ထုတ်ပြန်ခဲ့ကာ ယခု ထွက်ပေါ် ပျံ့နှံနေသော အဂတိ လိုက်စားမှု သတင်း မှန်ကန် ခိုင်လုံပါက သက်ဆိုင်ရာ အဖွဲ့ အစည်း အဆင့်ဆင့်နှင့် ပူးပေါင်း လက်တွဲ၍ မိမိတို့ မီဒီယာ၏ မူဝါဒ အရ လည်းကောင်း အရေးယူခြင်း၊ တရားစွဲဆိုခြင်းများ ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

ဟင်္သာ မီဒီယာ အယ်ဒီတာချုပ် ဦးကျော်ထွဋ်ဦးက“တကယ် မှန်ကန်ခဲ့ရင်တော့ သတင်းထောက် အဖြစ်က ရပ်စဲမှာပေါ့ နော်။ ဥပဒေ အရဆိုတာက မီဒီယာ ဥပဒေ အရပေါ့နော်၊ စာနယ်ဇင်း ကောင်စီကိုလည်း အကြောင်းကြားပြီးတော့ သတင်း ထောက် အဖြစ် လုပ်ပိုင်ခွင့် မရှိအောင် နာမည်ပျက် စာရင်းနဲ့ ဒီလူက ဒီလို ရှိပါတယ်လို့ အဲဒီသဘောပါ”ဟု ပြောသည်။

သတင်းသမားများသည် သစ်မှောင်ခို၊ မူးယစ် ဆေးဝါးနှင့် လောင်းကစား ကဲ့သို့သော တရားမဝင် ကိစ္စရပ်များကို ဖော်ထုတ် ရေးသားရမည် ဖြစ်သော်လည်း အမှု ၁ ခုချင်း အပေါ် ရဲတပ်ဖွဲ့ထံ သတင်းပေး တိုင်ကြားမည် ဆိုပါက သတင်းထောက်၏ ကြားနေမှုကို ထိခိုက်မည် ဖြစ်ပြီး ထိုသို့ ရဲတပ်ဖွဲ့ထံ သတင်းပေးရာမှ နှုတ်ပိတ်ရန် အတွက် ငွေကြေးပေးရမှုများ ဖြစ်ပေါ် လာနိုင်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ ဦးမြင့်ကျော်က မှတ်ချက် ပြုသည်။

ဦးမြင့်ကျော်က“ဥပမာ မူးယစ် ဆေးဝါးပဲ ဖြစ်စေ၊ သစ်မှောင်ခိုပဲ ဖြစ်စေ ဒါက ဥပဒေ ချိုးဖောက်တာ၊ သတင်းသမားက သတင်းရေးလို့ ရတယ်။ ဒါပေမယ့် ဘယ်သူ၊ ဘယ်ဝါက ဘယ်နေရာမှာ ဘာလုပ်နေပါပြီ ဆိုတဲ့ သတင်းပေးတယ်တဲ့ ဟာမျိုးက သတင်းသမားရဲ့ ကြားနေမှုကို ထိခိုက်စေတယ်။ အဲဒီမှာ ငွေညှစ်တာမျိုးတွေ ဖြစ်နိုင်တာက အဲ့ဒီက စတာ၊ အဲဒီလို အခြေနေမျိုးမှာ ပိုပြီး ဖြစ်နိုင်တာ ရှိတယ်။ နှုတ်ပိတ်တဲ့ ပုံစံ အတွက် ပိုက်ဆံပေးရတာမျိုးတွေ ဖြစ်နိုင်တယ်”ဟု လည်း ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading