ရခိုင် ပြည်နယ် မြောက်ဦး မြို့နယ်ရှိ အောက်သားကန် ကျေးရွာသား ၃ ဦး ထင်းခုတ် သွားစဉ် မိုင်းနင်းမိ၍ အငြိမ်းစား တပ်မတော်သား တဦး သေဆုံးပြီး ရွာသား၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အောက်သားကန် ကျေးရွာသား ၃ ဦးသည် မတ်လ ၆ ရက် နံနက်ပိုင်းက ရွာနှင့်၂ မိုင်ခန့်ကွာသော ၎င်းတို့ ပိုင်ဆိုင် သည့် ဥယျာဉ်ခြံသို့ ထင်းခုတ်သွားပြီး ပြန်လာစဉ် တောလမ်း တနေရာ၌ မိုင်းနင်းမိခြင်း ဖြစ်ကြောင်း မြောက်ဦး မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်သူမျိုးက ပြောသည်။
ဒုရဲမှူး အောင်သူမျိုးက“မနေ့က သူတို့ ၃ ဦး ထင်းခုတ်ဖို့ တောထဲကို သွားပြီး ပြန်လာတဲ့ အခါမိုင်းနင်းမိတာ။ အဲဒီမှာ ရွာ သား၂ ဦး ကတော့ သာမန် ထိခိုက် ဒဏ်ရာ ရပါတယ်။ အသက် ၆၀ ကျော် စစ်မှုထမ်းဟောင်း တဦးက ခြေထောက် ပြတ် ပြီးတော့ သေဆုံးသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်း မိုင်းနင်းမိပြီး သေဆုံးသွားသူ စစ်မှုထမ်း အငြိမ်းစားမှာ အသက် ၆၈ နှစ် အရွယ် ဦးထွန်းစိန်ဦး ဖြစ်ပြီး ညာဘက် ခြေထောက် ပြတ်တောက်သွားသည့် အတွက် မြောက်ဦးမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သွေးထွက် လွန် ပြီး သေဆုံး သွားခဲ့ကြောင်းလည်း သိရသည်။
ဦးထွန်းစိန်ဦးသည် စစ်မှုထမ်းဟောင်း တဦး ဖြစ်သည်မှာ မှန်ကန်သော်လည်း မည့်သည့် ခုနှစ်က အငြိမ်းစား ယူခဲ့သည် ဆိုသည့် အသေးစိတ်ကိုမူ မသိရှိဟု ဒုရဲမှူး အောင်သူမျိုးက ဆိုသည်။
ကျန်ရွာသား ၂ ဦး ဖြစ်သည့် ဦးကျော်ထွန်းဦး (၅၅နှစ်) နှင့် ဦးမောင်ပြားယေ (၃၀ နှစ်) တို့မှာ ခြေထောက်နှင့် ကျောကုန်း တို့၌ မိုင်းအစအန ထိမှန်ပြီး မစိုးရိမ်ရ အခြေအနေနှင့် တိမ်ညို တိုက်နယ် ဆေးရုံတွင် ကုသမှု ခံယူနေ ကြောင်းလည်း မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဧရာဝတီကို ပြော ပြသည်။
ဦးထွန်းသာစိန်က“မနေ့က သူတို့ ၃ ဦး ရွာ အရှေ့ဘက် က သူတို့ ပိုင်တဲ့ စိုက်ခင်းထဲကို ထင်းခုတ်ဖို့ သွားတာ။ ပြန် လာ တဲ့ အခါ အလယ်ကလူ ဦးထွန်းစိန်ဦးက မိုင်းနင်းမိပြီး ညာဘက် ဒူးအောက်ကနေ ပြတ်ထွက်သွားတယ်။ ကျန်တဲ့ လူ ၂ ဦးက အစ အန မှန်တာလောက်ပဲ”ဟုလည်း ပြောသည်။
အဆိုပါ မိုင်းနင်းမိသည့် နေရာ အနီး၌ ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်တို့က ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော် တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် ကလည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် သင်ပုန်းတန်း ကျေးရွာအုပ်စု၊ လိပ်ဖား ကျေးရွာနေ မြို တိုင်းရင်းသား ညီအစ်ကို နှစ်ဦး စားနပ်ရိက္ခာ ဝယ်ယူရန် ကျောက်တော်မြို့နယ် ဘက်သို့ သွားရောက်စဉ် ခမောင်းချောင်းဖျား အရောက်တွင် ကိုမင်းမင်း (၁၆ နှစ်)မှာ မိုင်းနင်းမိသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိကာ ကျောက်တော် ပြည်သူ့ ဆေးရုံ၌ တက်ရောက် ကုသခဲ့ရသည်။