ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ် ယုဇန ဥယျာဉ်မြို့တော်ရှိ တိုက်ခန်းတခု အတွင်း အမျိုးသား တဦးနှင့် အမျိုး သမီး တဦး သေဆုံးမှုမှ လူသတ်မှု ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ် ပြန်ထားသည်။
ဒဂုံ ဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်က “တနင်္သာရီဘက်မှာ ဖမ်းလို့ရတာပါ။ ပြစ်မှုကျူးလွန်သူ ကျနော်တို့ဆီ မရောက်သေးတဲ့ အတွက် ဘာကြောင့် သတ်တယ် ဆိုတာတော့ မမေးရသေးဘူး” ဟု ဧရာဝတီကို အတည်ပြု ပြောဆို သည်။
ဖြစ်စဉ်မှာ ၉၄ ရပ်ကွက် ယုဇန ဥယျာဉ် မြို့တော် အေ(၉)လမ်း၊ တိုက်(၅/၂၀၄)ရှိ ဧည့်ခန်း၌ အသက် ၂၇ နှစ် အရွယ် ဟိန်း မင်းအောင်တွင် ထိုးသွင်း ဒဏ်ရာများနှင့် လည်းကောင်း၊ အသက် ၂၃ နှစ် အရွယ် မမြင့်မြင့်ဝင်းကို ခုတင်ပေါ်၌ ရင်ညွန့် ထိုးသွင်း ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း သေဆုံးနေသည်ကို မတ်လ ၆ ရက် ည ၇ နာရီ ဝန်းကျင်က ဒဂုံ ဆိပ်ကမ်း ရဲ တပ်ဖွဲ့သို့ ပတ်ဝန်းကျင်၏ သတင်းပေးမှုကြောင့် သိရှိခဲ့ခြင်း ဖြစ်သည်။
ဒဂုံဆိပ်ကမ်း မြို့မ ရဲစခန်းမှူးမှ တရားလို ပြုလုပ်၍ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်ပြီးနောက် ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးများ၏ ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များမှ စိစစ် ဖော်ထုတ်ခဲ့ရာ ပြစ်မှု ကျူးလွန်သည့် မွေ့ယာဆိုင် အ ရောင်း ဝန်ထမ်း ထက်ရှိုင်း(ခ)ဖိုးထက် ဖြစ်ကြောင်း သိရှိရသည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဆက်လက်၍ တနင်္သာရီတိုင်း ဒေသကြီးရှိ ၎င်း၏ ဆွေမျိုးများထံ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသဖြင့် တနင်္သာရီ တိုင်း ရဲတပ်ဖွဲ့တို့နှင့် ချိတ်ဆက်၍ စုံစမ်းမှုများ ပြုလုပ်ရာ မတ်လ ၇ ရက် နေ့လယ် ၁၂ နာရီကျော်တွင် ပြစ်မှု ကျူးလွန်သူ ထက်ရှိုင်း (ခ)ဖိုးထက်(၂၂ နှစ်) ကို မြိတ်မြို့နယ် ဒညက် ကျေးရွာ အုပ်စု၊ စနေထောင့် ကျေးရွာ၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်။
ရဲမှူး မောင်မောင်၏ ပြောပြချက် အရ သေဆုံးသွားသူ ၂ ဦးနှင့် ဖမ်းဆီး ရမိထားသူတို့သည် မွေ့ယာဆိုင်တွင် အလုပ် အတူတူ လုပ်ကြပြီး သူငယ်ချင်းများ ဖြစ်ကြကြောင်း သိရသည်။
ရဲမှူး မောင်မောင်က “ဆိုင်ဝန်ထမ်းတွေ ပြောပြချက် အရ သူတို့ ၃ ယောက်က သူငယ်ချင်းတွေလို့ ပြောကြတယ်။ တယောက်နဲ့ တယောက် ဆက်နွယ်မှုကတော့ သေသွားတဲ့ နှစ်ယောက်က တအိမ်တည်းမှာ living together အတူနေတဲ့ ပုံစံမျိုး။ ကျနော်တို့ အထင်တော့ ကောင်မလေး တယောက်ကို ဒီကောင်လေး နှစ်ယောက်က ဝိုင်းကြိုက်ရင်းနဲ့ အဲဒီလို ဖြစ် သွားတယ်ပေါ့”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ပတ်ဝန်းကျင်၏ ပြောပြချက် အရ မတ်လ ၅ ရက် နေ့လယ် ၂ နာရီလောက်က ရုန်းရင်းဆန်ခတ် အသံများ ကြားကြကြောင်း၊ ဆိုင်ဝန်ထမ်းများက ၎င်းတို့ ၃ ဦး ဆိုင်ကို မလာဘဲ ခွင့်မဲ့ ပျက်ကွက်နေ သဖြင့် နေအိမ်သို့ လိုက်သွားခဲ့ရာမှ သေဆုံးသူများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
ရဲမှူး မောင်မောင်က“ပိုက်ဆံလည်း မယူသွားဘူး။ သေတဲ့ ကောင်လေး လက်ထဲမှာ မောင်းကွင်း လက်စွပ် တကွင်း ရှိတယ်။ နားမှာလည်း ရွှေ နားကပ်လေး ရှိတယ်။ အဲဒါတွေလည်း ဘာမှ မယူသွားဘူး။ ကောင်လေး အိတ်ထဲက ပိုက်ဆံ တွေလည်း မယူသွားဘူး။ ကောင်မလေးမှာလည်း ပိုက်ဆံတွေ ရှိတယ်။ မယူသွားဘူး”ဟု ဆိုသည်။
သေဆုံးသူများ၏ မှတ်ပုံတင်များ၊ ဖုန်းဆက်သွယ် ပြောဆိုသည့် မှတ်တမ်းများမှ တဆင့် ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ ခြင်း ဖြစ်ကြောင်း၊ သေဆုံး အမျိုးသမီးသည် အိမ်ထောင်သည် ဖြစ်ပြီး ၎င်း၏ ခင်ပွန်း ဖြစ်သူသည် ထိုင်းနိုင်ငံသို့ အလုပ်သွား လုပ်နေသည်မှာ ၃/၄ လ ခန့် ရှိပြီ ဖြစ်ကြောင်း ရဲမှူး မောင်မောင်၏ ပြောပြချက် အရ သိရသည်။