အဆိုတော် ဂျီလတ်၏ ညီ ဖြစ်သူ တေးရေး ကမ္ဘာ သေဆုံးမှုကို အခင်းဖြစ် ပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများမှ တဆင့် ဆက်လက် စုံစမ်း စစ်ဆေးနေကြောင်း နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ထုံးဖို မြို့မ ရဲစခန်းမှ စခန်းမှူးက ဧရာဝတီသို့ ပြော သည်။
ဒုရဲမှူး ကျော်အောင်က “ကား၊ ဆိုင်ကယ် ဖြတ်သန်း သွားလာတာတွေနဲ့ ပတ်သက်ပြီး လမ်းဆုံတွေ ဖြစ်တဲ့ အင်ကြင်းပန်း အဝိုင်း၊ ဥတ္တရ မီးပွိုင့်၊ ဘူတာ မီးပွိုင့်လို့ ခေါ်တယ်။ စီစီတီဗွီ တပ်ထားတာ ရှိတယ်။ အဲဒီကနေ CCTV မှတ်တမ်းတွေ ကြည့်ပြီး စုံစမ်းနေပါတယ်” ဟု ဆိုသည်။
အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားခံ ဖမ်းဆီးနိုင်ရေး အတွက် ခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်ကာ မြို့နယ်မှူး၊ စခန်းမှူး၊ နယ် ထိန်း၊ မှုခင်း နှိမ်နင်း အဖွဲ့ စသည်တို့ဖြင့် အမှုစစ် အဖွဲ့ ဖွဲစည်းထားကာ ပတ်ဝန်းကျင် အခြေအနေများကိုလည်း စုံစမ်း စစ်ဆးနေကြောင်း ၎င်းက ပြောသည်။
ရဲတပ်ဖွဲ့ မှတ်တမ်းများ အရ အဆိုတော် ဂျီလတ်၏ ညီဖြစ်သူ တေးရေး ကမ္ဘာသည် မတ်လ ၄ ရက် နံနက် ၆ နာရီခန့်က ပုဗ္ဗ သီရိမြို့နယ်၊ နေပြည်တော် ဘူတာကြီးမှ ဥတ္တရ သီရိမြို့သို့ သွားရာ သီရိ မဏ္ဍိုင် လမ်းမပေါ်၌ ဒဏ်ရာများဖြင့် မှောက်ရက် လဲနေသော အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ရဲတပ်ဖွဲ့က ကမ္ဘာ(ခ) ကိုဖေကမ္ဘာငြိမ်းချမ်းတွင် ပြင်ပ ပွန်းပဲ့ ညိုမည်း ဒဏ်ရာများနှင့် ခါး၌ သွေးထွက်နေသာ ထိုးဖောက် ဒဏ်ရာ တွေ့ရှိခဲ့ သဖြင့် လူသတ်မှု ပုဒ်မ ၃၀၂ နှင့် အမှုဖွင့်ခဲ့ပြီး ရင်ခွဲ စစ်ဆေးရန် နေပြည်တော် ခုတင် ၁ ထောင် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ဆေးရုံ ရင်ခွဲဌာနမှ စစ်ဆေးချက်များ အရ သေဆုံးသူတွင် နံရိုး ကျိုးခြင်း၊ ခါးရိုး ကျိုးခြင်း၊ တင်ပဆုံရိုး ကျိုးခြင်းနှင့် ကိုယ် တွင်း ကလီစာများ စုတ်ပြဲကာ ရင်ခေါင်း ဝမ်းဗိုက် အတွင်း သွေးသွန်ခြင်းတို့ကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု တွေ့ရ ကြောင်း နေပြည်တော် ခုတင် ၁ ထောင် ဆေးရုံ မှုခင်း ဌာန၊ တာဝန်ခံ မှုခင်း ဆရာဝန်ကြီးက ဧရာဝတီကို ပြောသည်။
တာဝန်ခံ မှုခင်း ဆရာဝန်ကြီး ဒေါက်တာ ခင်မိုးမိုးခိုင်က “ရင်ခွဲ စစ်ဆေးမှု ပြုလုပ်ချက်တွေ အရ သူသေဆုံးရတဲ့ အကြောင်း ရင်းက ခန္ဓာကိုယ်ထဲမှာ ဒဏ်ရာ ကြီးကြီးမားမား ရထားတာတွေ ရှိပါတယ်။ နံရိုး ကျိုးတယ်။ အဆုတ်ထဲမှာ သွေးယိုနေ တယ်။ အသည်း စုတ်ပြဲတယ်။ ဝမ်းဗိုက်ထဲမှာ သွေးယိုခြင်း ရှိတယ်။ ကျောက်ကပ် နှစ်ခုမှာ စုတ်ပြဲနေတာ ရှိတယ်။ ခါးပိုင်း အရိုးကျိုးပြီး လွဲသွားတာ ရှိတယ်။ တင်ပဆုံရိုး နှစ်ဘက်စလုံး ကျိုးနေတာ တွေ့ရပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ကြီးမားတဲ့ ဒဏ်ရာတွေကြောင့် ရင်ခေါင်းနဲ့ ဝမ်းဗိုက်အတွင်းမှာ သွေးယိုပြီး သေဆုံးရခြင်း ဖြစ်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
သေဆုံးသူ၏ ခါးမှ သွေးထွက်နေသော ထိုးဖောက် ဒဏ်ရာကို စစ်ဆေးရာတွင် ယင်းဒဏ်ရာသည် ဝမ်းခေါင်းမှေး အထိ ရောက်ရှိနေသည်ကို တွေ့ရသော်လည်း ယင်းမှာ သေစေလောက်သည့် ဒဏ်ရာ အဖြစ် မတွေ့ရကြောင်း ဆက်လက် ပြော သည်။
“ကျမတို့ တွေ့တာ ဝဲဘက် တင်ပဆုံနားမှာ ၀ ဒသမ ၅ ၊ ၀ ဒသမ ၃ စင်တီမီတာ ရှိတဲ့ ထိုးဖောက် ဒဏ်ရာတခု တွေ့ရ ပါတယ်။ အဲဒီ ဒဏ်ရာက ဝမ်းခေါင်းမှေး အထိ ဖောက်ဝင်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် အတွင်းထဲမှာတော့ သူနဲ့ ဆက်စပ်ပြီးတော့ ခန္ဓာကိုယ် အတွင်း ကလီစာတွေကို ထိခိုက်ပြီး ဒဏ်ရာ ကြီးကြီးမားမား ရထားတာမျိုး မတွေ့ရပါဘူး” ဟု ၎င်းက ဆိုသည်။
သေဆုံးသူ၏ ဦးခေါင်းတွင် ဖူးရောင် ဒဏ်ရာ တခု တွေ့ရှိရပြီး ယင်းဒဏ်ရာမှာ အခင်းမဖြစ်မီ ရရှိခဲ့သော သာမန် ဒဏ်ရာ ဖြစ်ပြီး ပြင်းထန်ခြင်း မရှိဟုလည်း သိရသည်။
ယင်း စစ်ဆေးချက်များ အရ ယာဉ်တိုက်ခံရ၍ သေဆုံးခြင်း၊ ရိုက်နှက် ခံရ၍ သေဆုံးခြင်း ဆိုသည်တို့ကို သုံးသပ်၍ မရ ကြောင်း၊ ဆေးရုံ အနေဖြင့် သေဆုံးရသည့် အကြောင်းရင်းကိုသာ စစ်ဆေးနိုင်ကြောင်း မှုခင်း ဆရာဝန်ကြီးက ဆိုသည်။
ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်များ အရ တေးရေး ကမ္ဘာသည် ရန်ကုန်ရှိ မိသားစုနှင့် အတူ နေထိုင်ခြင်း မရှိဘဲ တောင်ငူ၊ မော်လမြိုင်၊ ပျဉ်းမနား စသည့် မြို့များရှိ အနုပညာ မိတ်ဆွေများထံ သွားလာ နေထိုင်နေခြင်း ဖြစ်ပြီး အခင်းမဖြစ်မီ ရက်ပိုင်း က နေပြည်တော် ဘူတာကြီးသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စခန်းမှူး ဒုရဲမှူးကျော်အောင်က “နောက်ဆုံး ပျဉ်းမနားမှာ သူ့ အသိမိတ်ဆွေဆီမှာ သုံးလ နီးပါး နေသွားတယ်လို့ သိရ တယ်။ အခင်း မဖြစ်ခင် ၂ ရက်နေ့မှာ ဘူတာကြီးမှာလည်း နေသွားတယ်။ ခရီးသွားဖို့ ရောက်ပြီးမှ မသွားဖြစ်ဘဲ အပြင် ထွက်လာရင်း ဖြစ်သွားတဲ့ အနေအထားမျိုးလည်း ယူဆတယ်လေ။ တချို့ ပတ်ဝန်းကျင် စစ်ဆေးချက်တွေ အရတော့ ဘူ တာကြီးထဲမှာ သွားလာနေတယ်။ CCTV တွေလည်း ကြည့်ပြီးပြီ။ သူ သွားလာနေတာ တွေ့ရတယ်။ မျက်နှာက ညိုမည်း ဒဏ်ရာလည်း CCTV မှာ ပေါ်တယ်လေ။ အခင်း မဖြစ်ခင်က ရတဲ့ ဒဏ်ရာပေါ့။ ဘူတာကြီးကနေ ၃ ရက်နေ့ ညကျမှ လမ်း ပေါ်ထွက်လာတဲ့ သဘောပေါ့” ဟု ဆိုသည်။
လက်ရှိတွင် ခါးမှ သွေးထွက် ဒဏ်ရာကြောင့် လူသတ်မှု ပုဒ်မဖြင့် အမှုဖွင့်ထားသော်လည်း ဆေးရုံမှ စစ်ဆေးချက်နှင့် သေ ဆုံးသူ၏ ပြင်ပ ပွန်းပဲ့ ညိုမည်း ဒဏ်ရာများ အရ ယာဉ်တိုက်မှုဖြင့် သေဆုံးရခြင်း ဖြစ်နိုင်သည် ဟုလည်း ရဲတပ်ဖွဲ့က ယူဆ ထားသည်။
“ဆရာဝန်တွေ ဆွေးနွေးချက် အရ ခါး အထက်က ဒဏ်ရာကလည်း အတွင်းကို မထိဘူး။ သေလောက်တဲ့ ဒဏ်ရာ မဟုတ် ဘူး ပေါ့နော်။ အတွင်းမှာ ရှိတဲ့ အသည်း၊ ကျောက်ကပ်တို့ ပျက်စီးပြီး ရတဲ့ ဒဏ်ရာလို့ပဲ ယူဆတယ်လေ” ဟု ဒုရဲမှူး ကျော် အောင်က ဆိုသည်။
၎င်းက ဆက်လက်ပြီး “လောလောဆယ်က ခါးက ဒဏ်ရာကို သံသယ ဖြစ်ဖွယ် အရ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ ဖွင့်ထားပါ တယ်။ ၃၀၂ နဲ့ပဲ ဆက်စစ်နေတယ်။ တရားခံကို မပေါ်မချင်း စုံစမ်းမှာပါ။ ရဲတာဝန်ပါပဲ” ဟု ဆိုသည်။
တေးရေး ကမ္ဘာ (ခ) ကိုဖေကမ္ဘာငြိမ်းချမ်းသည် မကွယ်လွန်မီ နှစ်ရက်ခန့်က နေပြည်တော် ဘူတာကြီးတွင် သွားလာ နေ ထိုင်နေကြောင်း ဘူတာကြီး အနီး နေထိုင်သူများထံက သိရသည်။
ဘူတာကြီး အနီးရှိ လုံခြုံရေး ဝန်ထမ်း တဦးက “လူပုံက သန့်သန့်ပြန့်ပြန့်ပဲ၊ မင်္ဂလာပါ ဘာညာ နှုတ်ဆက်တယ်။ ဘူတာ ကြီးထဲ သွားလာ နေတာပဲ။ အရက်တွေ ဘာတွေ သောက်တဲ့ ပုံတော့ ရှိတယ်။ ပုလင်းကြီး ကိုင်ပြီး သွားလာနေတာ တွေ့ တယ်” ဟု ပြောသည်။
ဘူတာကြီး အနီး ဆိုင်ကယ် ကယ်ရီ မောင်းနှင်သူ တဦးက “ဝတ်ထား စားထားတာလည်း သန့်ပြန့်တယ်။ အသားကလည်း ဖြူဖြူနဲ့ အဆင့်အတန်းတော့ ရှိမယ်လို့၊ အဆိုတော်ရဲ့ ညီလို့တော့ မသိဘူးပေါ့။ ဘူတာကြီးမှာ ဝင်ထွက်နေတာပဲ၊ အရက် သောက်တာ များတဲ့ ပုံမျိုး တွေ့တယ်။ သူများကို ရန်တွေဘာတွေ လုပ်နေတာမျိုးတော့ ကျနော်တို့လည်း မတွေ့မိဘူး”ဟု ပြောဆိုသည်။
တေးရေး ကမ္ဘာ (ခ) ကိုဖေကမ္ဘာငြိမ်းချမ်း၏ ရုပ်အလောင်းကို မိသားစုဝင်များက နေပြည်တော် ခုတင် ၁ ထောင် ဆေးရုံမှ ရန်ကုန်မြို့သို့ ပြန်လည် သယ်ဆောင်ခဲ့ပြီး မတ်လ ၇ ရက်က ၎င်း၏ ဈာပနကို ရေဝေး သုဿန်ရှိ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဥယျာဉ် တွင် ပြုလုပ်ခဲ့သည်။
တေးရေး ကမ္ဘာ ရေးသားခဲ့သော သီချင်းများကို အစ်ကိုဖြစ်သူ ဂျီလတ် အပါအဝင် အောင်လ၊ အိမ့်ချစ် စသည့် အဆိုတော် များ သီဆိုခဲ့ကြပြီး ခဏတာ၊ မြို့ပြ လမ်းခွဲ၊ အချိန်လွန် ငှက်၊ ထို့ကြောင့် ဝေးရသည် စသည့် သီချင်းများမှာ ထင်ရှားပြီး ပရိ သတ် နှစ်သက် အားပေးမှုများသော သီချင်းများ ဖြစ်သည်။