၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် အခန်း ၁ အခြေခံမူများ ပြင်ဆင်နိုင်ရေးကို ယနေ့ နေပြည် တော်တွင် စတင် ဆွေးနွေးရာ တပ်မတော်နှင့် ကြံ့ခိုင်ရေး ပါတီတို့က ပြင်ဆင်ချက် တစုံတရာ တင်သွင်းခြင်း မရှိ ကြောင်း သိရသည်။
ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အစည်းအဝေး (၃/၂၀၁၉)ကို နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီ အထိ ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယ ထပ် အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ရခိုင် အမျိုးသား ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ က “တပ်နဲ့ ကြံ့ခိုင်ရေးက ဝင်ပြီး မပါတဲ့ သဘော။ သို့သော်လည်း သူများ ပါတီတွေ ပြောဆိုတဲ့ အပေါ်မှာ မှတ်တမ်းတော့ ယူတယ်။ လွှတ်တော် ကျရင်တော့ ဘယ်လိုလုပ် မလဲတော့ မသိဘူး။ မှတ်တမ်းတော့ ယူတယ်။ သူတို့က ပါကို မပါတာ။ ပြင်တဲ့သူတွေ ပြောတာကို ဝင် ပြောတာလည်း မရှိဘူး။ တခြား ပါတီတွေ ပြောတာကို အခုကတော့ စောင့်ကြည့်နေတုန်းပါပဲ” ဟု သတင်းထောက် များကို ပြောသည်။
ယနေ့ အစည်းအဝေး အစပိုင်းတွင် နားလည်မှု လွဲမှားမှု တချို့ကြောင့် စိတ်ကသိကအောက် ဖြစ်ခဲ့ရသော်လည်း နောက်ပိုင်း၌ အဆင်ပြေသွားကြောင်း၊ အခြေခံမူများတွင် အခန်း ၁ ပုဒ်မ ၁ မှ ၁၄ အထိ ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ရခိုင် အမျိုးသား ပါတီက လူမျိုးကို အခြေခံသော ပြည်နယ်များ ဖွဲ့စည်းနိုင်ရန် တင်ပြခဲ့ကြောင်း သိရသည်။
ယနေ့ အစည်းအဝေးနှင့် ပတ်သက်၍ တပ်မတော်နှင့် ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်တို့က သတင်းထောက်များကို အင်တာဗျူး ပေးရန် ငြင်းဆိုပြီး တပ်မတော်က မြဝတီ ရုပ်မြင်သံကြား တခုတည်းကိုသာ သီးသန့် အင်တာဗျုး ပေးခဲ့ ကြောင်း တွေ့ရသည်။
ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး ကလည်း “လျို့ဝှက် အဆင့်နဲ့ သတ်မှတ်ထားတဲ့ ကိစ္စတွေ ဆိုတော့ ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး ပြောပိုင်ခွင့် မရှိပါဘူး။ ဆွေးနွေးတဲ့ အကြောင်းက ရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး။ ပြောလို့ မရပါဘူး။ ပြောပိုင်ခွင့် မရှိပါဘူး” ဟု သတင်းထောက်များကို ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ယနေ့တွင် အခန်း ၁ မှ စတင် ဆွေးနွေးနေခြင်း ဖြစ်ပြီး ပုဒ်မ တချို့ တဝက်သို့ ရောက်နေပြီ ဖြစ်ကြောင်း၊ တပ်မတော်၊ တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်များ တက်တက်ကြွကြွ ပါဝင် ဆွေးနွေးကြကြောင်း၊ မည် သည့် နေရာ အထိ ပြီးပြတ်သည်ကို ကော်မတီက မှတ်တမ်း တင်ထားကြောင်း ယင်း ပူးပေါင်း ကော်မတီ အတွင်းရေး မှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
“ရှိသမျှ ဆွေးနွေးတဲ့ ပါတီတွေက တနေ့တနေ့ ဆွေးနွေးချက် မှတ်တမ်းကို အားလုံး အတည်ပြုထားပြီး ဖြစ်ပါတယ်။ အတွင်းရေးမှူး အဖွဲ့ အနေနဲ့ကတော့ ဒီနေ့ ဆွေးနွေးချက် အပေါ်မှာ နောက်ဆုံးအနေနဲ့ စိစစ်တာပေါ့။ စိစစ်တဲ့အတွက် ယနေ့ အထိ ဆွေးနွေးချက်တွေ အပေါ် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ အပါ စိစစ်ပြီး ဖြစ်ပါတယ်”ဟု ၎င်း က ဆိုသည်။
အခြေခံမူများတွင် တပ်မတော်နှင့် ကြံ့ခိုင်ရေး ပါတီတို့က ပြင်ဆင်ချက် အနေဖြင့် တင်ပြထားခြင်း မရှိသော်လည်း အခြား ပါတီများ၏ ပြင်ဆင်ချက်များ အပေါ်တွင် ဝင်ရောက် ဆွေးနွေးမှုများ ရှိကြောင်း၊ အခြေခံမူများကို လွှတ်တော်သို့ တင်ပြသည့် အခါတွင် မည်သည့် အတွက်ကြောင့် ပြင်ဆင်ရလဲ ဆိုသည့် ကျိုးကြောင်း ဖော်ပြချက်များ ပါဝင်လာနိုင် ကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
ယနေ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အစည်းအဝေး အမှတ် (၃/၂၀၁၉)သို့ “ဝ” ဒီမိုကရက် တစ် ပါတီမှ လွဲ၍ နိုင်ငံရေး ပါတီများ အားလုံး စုံစုံညီညီ တက်ရောက်ခဲ့သည်။
ယခု လွှတ်တော် ပူးပေါင်း ကော်မတီက စတင် ပြင်ဆင်လျက် ရှိသည် အခြေခံမူများတွင် ပုဒ်မပေါင်း ၄၈ ခု ရှိပြီး ၆ (စ) တွင် နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး အစဉ် တစိုက် ဦးတည်သည် ဆိုသော စာသား ပါဝင်ပြီး ယင်းစာသားကို ပြင်ဆင်ရန် ရှိ၊ မရှိ မေးမြန်းရာ အသေးစိတ် မရှင်းပြ နိုင်ကြောင်း ကော်မတီဝင်များက ပြောဆိုသည်။
ပူးပေါင်း ကော်မတီတွင် ပါဝင်သည့် ပါတီ အဖွဲ့အစည်းများမှာ NLD ပါတီ၊ ကြံ့ခိုင်ရေး ပါတီ၊ “ဝ” ဒီမိုကရက် တစ်ပါတီ၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပလောင် (တအာင်း) အမျိုးသား ပါတီ၊ ရှမ်း တိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် အမျိုးသား ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေး ပါတီ၊ မွန် အမျိုးသားပါတီ၊ အမျိုး သား ညီညွတ်သော ဒီမိုကရက်တစ် ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီနှင့် လီဆူ အမျိုးသား ဖွံဖြိုး တိုးတက်ရေး ပါတီ တို့ ဖြစ်ကြသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီး သီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
ယခု ဆွေးနွေးလျက် ရှိသည့် အခြေခံမူများ ဖြစ်သည့် ပုဒ်မ ၁ မှ ၄၈ အထိ ပုဒ်မများကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူရမည် ဖြစ်ပြီး ယင်းသို့ သဘောတူညီချက် ရရှိပါက ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် က ထောက်ခံရမည် ဖြစ်သည်။