အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ခေါင်းဆောင် ၂ ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ အဖွဲ့ခေါင်းဆောင် တာဝန်များမှ နုတ်ထွက်သွားပြီ ဖြစ်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပခဲ့သော PPST အစည်းအဝေးတွင် အဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သော KNU မှ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဒုအဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သော RCSS မှ ဗိုလ်ချုပ်ကြီး ယွက်စစ် တို့က PPST ခေါင်းဆောင် တာဝန်များမှ နုတ်ထွက် သွားကြခြင်း ဖြစ်သည်။
ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူး က“အခု ဒီ PPST အစည်းအဝေးမှာပဲ နုတ်ထွက်သွားတာပေါ့။ ကိုယ်စားလှယ် လွှဲသွားတာကတော့ ကျနော်နဲ့ ဗိုလ်ချုပ် ဘောင်ခေးပါ။ ခေါင်းဆောင်သစ် ရွေးချယ် တာကိုတော့ နောက်ထပ် လုပ်မယ့် Summit (ထိပ်သီးအစည်းအဝေး) ကြမှဖြစ်မှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
PPST အဖွဲ့၏ ခေါင်းဆောင် ရာထူးမှ နုတ်ထွက်သွားသော ခေါင်းဆောင် ၂ ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး သည် KNU ၏ ဥက္ကဋ္ဌ ဖြစ်ပြီး ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၏ ဥက္ကဋ္ဌ ဖြစ် သည်။
အပစ်ရပ် ၁၀ ဖွဲ့တွင် အင်အားအကြီးဆုံး အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် KNU နှင့် RCSS တို့သည် PPST ကိုယ်စားလှယ် လွှဲပြောင်းမှု အဖြစ် KNU အထွေထွေ အတွင်းရေးမှူး ပဒို စောတာဒိုမှူးနှင့် RCSS/SSA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘောင်ခေး တို့ကို အစား ထိုးခဲ့ကြသည်။
အပစ်ရပ်များအနေဖြင့် အစိုးရ တပ်မတော်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိနိုင်ငံရေး အခင်း အကျင်းအရ ရောက်ရှိနေသည့် NCA အကောင်အထည်ဖော်မှု လမ်းကြောင်းသည် မူလက ရည်မှန်းထားသော အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက် အပြည့်အဝရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံထားသည့် ပြည်ထောင်စုကို ရောက်ရှိစေမည့် လမ်းကြောင်းမှ သွေဖည်သွား ခဲ့သည်ဟု ဆိုသည်။
ယခု အပြောင်းအလဲသည် ထိုအခြေအနေများမှ ပြန်လည်တည့်မတ်နိုင်ရေးနှင့် အပစ်ရပ် ၁၀ ဖွဲ့အတွင်း ဘုံရပ်တည်ချက်ကို ကျေကျေလည်လည် ညှိနှိုင်းတိုင်ပင်ပြီး ထွက်ရှိလာမည့် ရလဒ်ကို ဆုပ်ကိုင်၍ အစိုးရနှင့် ဆွေးနွေးသွားနိုင်မည့် အခြေအနေ ကို လုပ်ဆောင် သွားနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။
“ပိုပြီးတော့ ဆွေးနွေး ငြင်းခုန်နိုင်တဲ့၊ ညှိနှိုင်းဆွေးနွေးနိုင်လောက်တဲ့ လူငယ်ပိုင်းတွေကို အစားထိုးတာ ဖြစ်ပါတယ်”ဟု ပဒို စောတာဒိုမှူးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ခေါင်းဆောင် ၂ ဦး နုတ်ထွက်သွားသဖြင့် PPST အနေဖြင့် အစိုးရ၊ တပ်မတော်တို့နှင့် ဆွေးနွေးရာတွင် အလေးထားမှု လျော့ ကျ သွားခြင်း၊ ထိရောက်မှု အားနည်းခြင်းများ ရှိမည်ကို အပစ်ရပ် အဖွဲ့ငယ် တချို့အတွင်း စိုးရိမ်မှု ရှိနေသော်လည်း ထိုအခြေအနေနှင့်ပတ်သက်၍ ထိလွယ် ရှလွယ် အခြေအနေဖြစ်သည်ဟု ဆိုကာ အမည်ထုတ်ပြောခြင်းများ မပြုလုပ်ကြ ပေ။
KNU နှင့် RCSS တို့ကတော့ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းတို့သည် လူကို ဦးမတည်ဘဲ မူကို ဦးတည် ဆောင်ရွက်မည် ဖြစ်၍ ဦးဆောင်သူများ အပြောင်းအလဲနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ရိုက်ခတ်မှု ရှိလိမ့်မည် မဟုတ်ဟု ဆိုသည်။
RCSS အတွင်ရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း က“ကျနော်တို့ မြင်တာကတော့ ရိုက်ခတ်မှု ရှိမယ်လို့တော့ မထင်ပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ကျနော်တို့က လူကို အခြေမခံဘူး။ မူဝါဒ အပေါ်မှာ အခြေခံပြီးတော့မှ ဆွေးနွေးမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ရိုက်ခက်မှု ရှိလိမ့်မယ် မရှိဘူးလို့ ထင်ပါတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
နုတ်ထွက်သွားသော PPST ခေါင်းဆောင် ၏ တာဝန်များကို ဒုအဖွဲ့ခေါင်းဆောင် တာဝန် ယူထားသော RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က နောက်ထပ် ခေါ်ယူကျင်းပမည့် PPST ထိပ်သီး စည်းအဝေး အထိ ယာယီ တာဝန်ယူ ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
PPST ထိပ်သီး အစည်းအဝေးကို ယခုနှစ် မေလ ၁၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် PPST ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ညှိနှိုင်းတိုင်ပင်ခြင်း အစည်းအဝေး (Peace Process Consultative Meeting) အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် တင်ပြမည်ဟုလည်း သိရသည်။
ခေါင်းဆောင်သစ်များကိုလည်း ထိုအစည်းအဝေးတွင် ရွေးချယ်သွားမည် ဖြစ်သည်။
PPST ကို အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က အစိုးရ၊ တပ်မတော် တို့နှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေးရန် အတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၁၇ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
PPST ကို ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ဦးဆောင်မှုနှင့် အတူ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေး မှုများ ပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရလဒ်များမှာ အနုတ်လက္ခဏာ ပြလာခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ လလယ်ပိုင်းတွင် တရားဝင် အစည်းအဝေးများ ရပ်တန့်သွားခဲ့သည်။
၂၀၁၈ အောက်တိုဘာလ ၁၅ ရက်၊ ၁၆ ရက်နေ့က နေပြည်တော်တွင် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်များကြား သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ရာ “တခုတည်းသော တပ်မတော်ထားရှိရေး”၊ “ခွဲမထွက်ရ” စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရာ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် PPST တရားဝင် အစည်း အဝေးများ ရပ်ဆိုင်းသွား ခဲ့ရခြင်း ဖြစ်သည်။