နိုင်ငံခြားသားများသာ ဝင်ရောက် ကစားခွင့် ရှိမည့် ကာစီနိုများ တရားဝင် ဖွင့်လှစ်ခွင့် ပါဝင်သည့် လောင်းကစား ဥပဒေ အား ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အတည်ပြုလိုက်သည်။
ယင်း ဥပဒေ အရ ၁၉၈၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် လောင်းကစား ဥပဒေအား ပယ်ဖျက်ရမည် ဖြစ်ပြီး ကာစီနို လောင်းကစား ရုံ များကို ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူ ခွင့်ပြုချက်ဖြင့်သာ ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ဆိုသည်။
ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက“ကျနော်တို့ မြန်မာ နိုင်ငံသားတွေကို လုံးဝ (လုံးဝ) ဝင်ကစားခွင့် မပြုပါဘူး။ လက်ရှိမှာ ဖွင့်ထားတဲ့ ကာစီနိုတွေလည်း တရားဝင် မှတ်ပုံတင်ပြီး အခွန်ထမ်းဆောင်ဖို့ ဥပဒေ အရ သွားရမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ဥပဒေ၌ လောင်းကစားဝိုင်းများအား သတင်းပေးသူကို နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်ဆည်းရမိသည့် အထဲမှ ၁၀ ရာခိုင်နှုန်းကို ဆုငွေ ချီးမြှင့်ခြင်းနှင့် ဖမ်းဆီးသူများအား ၂၀ ရာခိုင်နှုန်း ချီးမြှင့်မည့် ပြဋ္ဌာန်းချက်များလည်း ထည့်သွင်း ပြဋ္ဌာန်း ထားကြောင်း သိရသည်။
ဥပဒေ အတည်ပြု အသက်ဝင်ရေး အတွက် နိုင်ငံတော် သမ္မတက အတည်ပြု လက်မှတ် ရေးထိုးရန် အဆင့်ကျန်နေသေး ပြီး ကာစီနိုနှင့် ပတ်သက်သည့် အသေးစိတ် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခွင့် ကိုလည်း ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူညီချက် အရ ဆောင်ရွက်ခွင့် ပြုထားသည်ဟု ဆိုသည်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက“နိုင်ငံတော် အတွက် အခွန်အကောက်တွေ ပိုရ လာမယ့် အချက် ဖြစ်လို့ မြန်မြန် လုပ်စေချင်တယ်။ သြင်္ကန် မတိုင်မီ ဥပဒေတရပ် အဖြစ် အသက်ဝင်ဖို့ မျှော်လင့်တယ်”ဟု ပြောသည်။
၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေ အရ ကာစီနိုများသည် တရားမဝင်သော်လည်း ကော့သောင်းမြို့နယ်နှင့် မြဝတီမြို့နယ် များ အတွင်း ကာစီနိုများ ဖွင့်လှစ် လုပ်ကိုင်နေသည်မှာ ၁၀ စုနှစ် တခုကျော်ပြီ ဖြစ်ကြောင်း သိရသည်။
ကော့သောင်း မြို့နယ် သူဌေးကျွန်း၊ ရတနာကျွန်းပေါ်ရှိ ဟိုတယ်များနှင့် ပတ်သက်ပြီး တရားဝင် ခွင့်ပြုပေးထားခြင်း မရှိ ကြောင်းနှင့် အခွန် စည်းကြပ် ကောက်ခံခြင်းလည်း မရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် ပြောထားသည်။
တနင်္သာရီ မြို့နယ် အမှတ်၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက“အရင်က တရားမဝင်ရင် ပိတ်သိမ်း ဖို့ လွှတ်တော်မှာ တင်ပြတာ တနှစ်ကျော်ပြီး အခုထိ ဖွင့်နေဆဲပါပဲ။ တရားမဝင်လည်း ထိန်းချုပ်လို့ မရမယ့် အတူတူ အခုလို တရားဝင် စည်းကမ်း လုပ်တာ ပိုကောင်းတယ်။ နိုင်ငံတော်လည်း အခွန်ဝင်ငွေ ပိုရမယ်။ ဒါပေမယ့် ရလာတဲ့ အခွန်ဝင်ငွေ ကိုတော့ ဘယ်နေရာတွေမှာ ပြန်သုံးမလဲ တရားဝင် ချပြဖို့ လိုပါတယ်”ဟု ပြောသည်။
မြဝတီမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နယ်တွင် ကာစီနို ၈ ခုခန့် ရှိကြောင်း သိရသော်လည်း မည်ကဲ့သို့ ခွင့်ပြုထားပြီး နိုင်ငံတော် အစိုးရက အခွန် ရမရကို ရှင်းလင်းစွာ မသိ ရပေ။
ကရင် နယ်ခြား စောင့်တပ်(BGF)နှင့် တရုတ် လုပ်ငန်းရှင်များ ပါဝင်သည့် Myanmar Yatai International Group တို့ အကောင်အထည် ဖော်နေသည့် ရွှေကုက္ကို အဆင့်မြင့် အိမ်ရာ စီမံကိန်းတွင် ကာစီနိုများ ပါဝင်လာနိုင်ကြောင်း ASIA Time က ဖော်ထုတ် ရေးသားခဲ့သော်လည်း ယင်းစီမံကိန်အား လတ်တလောတွင် အိမ်ရာသာ ခွင့်ပြုထားသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဘက်က ဆိုထားသည်။
ပြင်ဦးလွင်မြို့အနီး အကောင်အထည်ဖော်ရန် စီစဉ်နေသည့် ရတနာပုံ ဆိုက်ဘာစီးတီး စီမံကိန်းတွင်လည်း ကာစီနို ထည့်သွင်း တည်ဆောက်ခွင့်ပြုရန် ပြည်ထောင်စု အစိုးရ အဖွဲ့ထံ တင်ပြမှုများ ရှိထားကြောင်း မန္တလေးတိုင်း ဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောကြားထားသည်။
ကာစီနိုများ ခွင့်ပြုရေး ပထမဆုံး အဆိုတင် မေးမြန်းခဲ့သည့် ဦးအောင်လှိုင်ဝင်းက ကာစီနို လုပ်ငန်းသည် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးနှင့် နိုင်ငံတော် အခွန်ဘဏ္ဍာ ရရှိရေး တို့ကို များစွာ အထောက်အကူ ပြုမည့် လုပ်ငန်း ဖြစ်သည့် အတွက် ဥပဒေ အမြန်ဆုံး အသက်ဝင်ကာ လုပ်ငန်း မြန်ဆန်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆောင်ရွက်ပေးရန်ကိုလည်း တိုက် တွန်းထားသည်။
မကာအိုနှင့် စင်္ကာပူ နိုင်ငံတို့တွင် ကာစီနို လုပ်ငန်းမှ နှစ်စဉ် အခွန် ဒေါ်လာသန်းထောင်ချီ ရနေသည့် အချက်ကိုလည်း ထောက်ပြပြောဆိုခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့သည်လည်း ကာစီနိုလုပ်ငန်းများအား တရားဝင် ဖွင့်လှစ်ခွင့်ပြု၍ ဝင်ငွေရှာဖွေ လျက်ရှိကြောင်း ဦးအောင်လှိုင်ဝင်းက ပြောသည်။