ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ လူသတ်မှုဖြင့် စွဲချက် တင်ခံထားရသော ၃ ဦးက ကျေနပ်မှု မရှိသဖြင့် ပြင်ဆင်မှု လျှောက်လွှာ တင်ထားခြင်းကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်က လက်ခံလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယပတ် အတွင်းက လျှောက်ထားခဲ့မှုကို ယနေ့ နံနက်ပိုင်းက တိုင်းတရား လွှတ်တော် ရုံးခန်း အမှတ် (၆) တွင် ကြားနာမှု လုပ်ပြီးနောက် လက်ခံလိုက်သည်ဟု ညနေပိုင်းတွင် ထုတ်ပြန် ကြေညာခြင်း ဖြစ်ကြောင်းနှင့် နှစ်ဖက် ကြားနာမှု ပြုလုပ်မည့် ရက်ကို ပြန်လည် ကြေညာမည် ဖြစ်ကြောင်း ပြင်ဆင်မှု လျှောက်လွှာ တင်ခဲ့သူများက ဧရာ ဝတီကို အတည်ပြု ပြောသည်။
တိုင်းတရား လွှတ်တော်က လက်ခံလိုက်သည့် အတွက် လက်ရှိ အရှေ့ပိုင်း ခရိုင် တရားရုံးတွင် စစ်ဆေးနေမှုကို ရပ်ဆိုင်း ထားရမည် ဖြစ်သည်။
လက်ရှိ အရှေ့ပိုင်း ခရိုင် တရားရုံး၌ အောင်ရဲထွေး အမှုတွင် စွပ်စွဲခံရသူ ၃ ဦး စလုံးကို လူသတ်မှု ပုဒ်မများဖြင့် စွဲချက် တင်ပြီး နောက် ပြန်ခေါ် သက်သေ ၁၀ ဦးကို ပြန်လည် စစ်မေးမှုများ ပြုလုပ်လျက် ရှိရာ ၂ ဦးသာ ကျန်ရှိကြောင်း သိရ သည်။
သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေး တို့သည် အောင်ရဲထွေးအား လက်သီးဖြင့် ထိုးခြင်း၊ ခြေထောက်နှင့် ကန်ခြင်း၊ ဗော်ကာ
ပုလင်းခွံဖြင့် ရိုက်နှက်ခြင်းများကြောင့် သေဆုံးစေသည် ဟုဆိုကာ လူသတ်မှု ပုဒ်မ ၃၀၂(၂) ဖြင့် လည်းကောင်း၊ ကျောဇောဟန် (ခ) ကျော်ဇောကို ၎င်းတို့ နှစ်ဦး ပြစ်မှုကျူးလွန်ရန် အားပေးကူညီသည် ဟုဆို ကာ လူသတ်ရန် အားပေး ကူညီမှု ပုဒ်မ ၃၀၂(၂)/၁၁၄ ဖြင့် လည်းကောင်း ဇန်နဝါရီ ၇ ရက်က အရှေ့ပိုင်း ခရိုင် တရားရုံး၌ စွဲချက် တင်ခဲ့သည်။
စွဲချက် တင်ထားသည့် ပြစ်မှုများ ထင်ရှားပါက ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ၊ ၁၀ နှစ်ထိ အလုပ်ကြမ်းနှင့် ထောင် ဒဏ် ဖြစ်စေ ချမှတ်ခံရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ယနေ့ ကြားနာမှုတွင် အမှတ်(၁) (၂) စွပ်စွဲခံရသူတို့ ကိုယ်စား တရား လွှတ်တော် ရှေ့နေ ဦးရွှေလှိုင်တင်နှင့် အမှတ်(၃) စွပ်စွဲခံရသူ ကိုယ်စား တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကို တို့က မူလတရားရုံး (အရှေ့ပိုင်း ခရိုင် တရားရုံး)၏ စွဲချက် အမိန့်သည် သက်သေခံများနှင့် ကွဲလွဲနေ၍ ပြင်ဆင်မှု လျှောက်လွှာ တင်ရခြင်းနှင့် ပတ်သက်ပြီး ရုံးတော်သို့ အသီးသီး တင်ပြခဲ့ကြသည်။
ဦးချစ်ကိုကိုက စစ်ဆေးပြီးသည့် သက်သေများသည် မျက်မြင် သက်သေများ မဟုတ်ကြောင်း၊ သက်သေ အားလုံး၏ ထွက် ချက်တွင်လည်း အမှတ်(၃) စွပ်စွဲခံရသူနှင့် ငြိစွန်းသည့် အချက် တချက်မှ မပါဝင်ကြောင်း၊ လူစီတန်း ပြသရာနှင့် ဓာတ်ပုံ မှတ်တမ်းများတွင်လည်း မပါဝင်ကြောင်း တရားခွင် အတွင်း လျှောက်ထားခဲ့သည်။
“မျက်မြင် သက်သေ စွပ်စွဲချက် အထောက်အထား မရှိဘဲ ဒီဝန်းထဲမှာ ရှိနေလို့ ဆိုပြီး ပုဒ်မ ၃၀၂(၂)/၁၁၄ နဲ့ စွဲချက် တင် လိုက်တာဟာ မှားယွင်းနေတယ်လို့ ယူဆပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
ဦးရွှေလှိုင်တင် ကလည်း စွပ်စွဲခံရသူ အမှတ်(၁)(၂) တို့က ကျူးလွန်ကြောင်း တိုက်ရိုက် မျက်မြင် သက်သေ၊ အချက် အလက်၊ ပတ်ဝန်းကျင် သက်သေများ မရှိကြောင်း၊ ပြန်ခေါ် သက်သေများ စစ်ဆေးရာတွင်လည်း သက်သေ ဦးနေမျိုး အောင်၏ ထွက်ချက်၌ အချင်းဖြစ်နေ့က အောင်ရဲထွေးကို အရက်ပုလင်းနှင့် ရိုက်သူသည် အရပ် ရှည်ရှည်၊ ဆံပင်တိုတိုနှင့် လူဖြစ်ကြောင်း ၇ ပေ အကွာမှ မြင်လိုက်သည်ဟု ထွက်ဆိုထားကြောင်း ရုံးတော်သို့ တင်ပြခဲ့သည်။
ဆက်လက်၍ ၎င်းက သက်သေ အဖြစ် တင်ပြထားသည့် ဓာတ်ပုံပါ သန်းထွဋ်အောင်နှင့် ပြည့်ဖြိုးအောင်တို့၂ ဦးစလုံးသည် ဆံပင်ရှည်ဖြင့် တွေ့ရသောကြောင့် အောင်ရဲထွေးကို ပုလင်းဖြင့် ရိုက်သူသည် ၎င်းတို့ နှစ်ဦး မဟုတ်သည်မှာ ထင်ရှားနေ သည်ဟု ဆိုသည်။
ဦးနေမျိုးအောင်သည် အခင်း ဖြစ်ပွားခဲ့သည့် ညက The One Entertainment Park အတွင်း ပါတီပွဲ ကျင်းပရာ၌ လုံခြုံရေး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ယင်းသို့ စွဲချက် တင်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ ၃ ဦးတို့၏ မိဘများက တိုင်းတရား လွှတ်တော်သို့ ပြင်ဆင်မှု လျှောက်လွှာတင်ခဲ့ သလို သမ္မတ၏ လမ်းညွှန်မှု အရ ပြန်လည် စစ်ဆေးနေသည့် အမှုဖြစ်ရာ ဥပဒေနှင့် အညီ လမ်းညွှန် တည့်မတ်ပေးနိုင်ရန် နိုင်ငံတော် သမ္မတထံ တင်ပြထားကြောင်း စုံစမ်းသိရှိရသည်။
၂၀၁၆ က စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင် ရဲထွေး သည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်း The One Entertainment Park ၌ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံ ကြော ဌာနတွင် အရေးပေါ် ခွဲစိတ် ကုသပြီးနောက်၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း သည်။
ယင်းအမှုနှင့် ပတ်သက်၍ ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးက ၆ လကြာ စစ်ဆေးပြီးနောက် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ အမှု ရုပ်သိမ်းကြောင်း ဇူလိုင် ၂၅ ရက်တွင် အမိန့်ချခဲ့ပြီး ဖမ်းဆီးထားသည့် သံသယ တရားခံ ၃ ဦးကို စွဲချက် မတင်ခင် ပြန်လွှတ်ပေးခဲ့ရာ လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်။
သမ္မတ ဦးဝင်းမြင့်ကလည်း အောင်ရဲထွေး အမှုနှင့် ပတ်သက်၍ နောက်ခံ အကြောင်းရင်းများ၊ တခြား ဆက်နွယ် ပတ်သက် မှုများနှင့် စပ်လျဉ်း၍ တိတိကျကျစိစစ်ကာ ဥပေဒနှင့် အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားမှုများ ပြုလုပ် ခဲ့သည်။
ထို့နောက် အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပါ ပါဝင်လာခဲ့ပြီး စုံစမ်း စစ်ဆေးမှုများ၊ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် အောင်ရဲထွေး အမှုကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် ၂၀၁၈ ခု အောက်တိုဘာ ၉ ရက်မှ စတင်ကာ နောက်တကြိမ် ပြန်လည် စစ်ဆေးမှု ပြုလုပ်နေခြင်း ဖြစ်သည်။
တဖက်တွင်လည်း အမှု ရုပ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု ရှိသည်ဆိုကာ တိုင်း ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်း ဥပဒေ အရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်း ခရိုင် ဥပဒေ အရာရှိ ဦးကိုကိုလေး၊ ဒု ခရိုင် ဥပဒေ အရာရှိ ဒေါ်သစ်သစ်ခင်၊ ဒု ခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် တိုင်းရဲတပ်ဖွဲ့ရွှေပေါက္ကံ နယ်မြေ စခန်းမှူး (ယခင် သုဝဏ္ဏ နယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကို တို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် တရားစွဲထားရာ တိုင်းတရား လွှတ်တော် တွင် အမှု ရင်ဆိုင်ရလျက် ရှိသည်။
ဆက်စပ် ဖတ်ရှုရန်
အောင်ရဲထွေး သေဆုံးမှု လူသတ်မှုဖြင့် စွဲချက်တင်ခံရခြင်း အပေါ် တရားခံဘက်က မကျေနပ်
သရုပ်ဆောင်အောင်ရဲထွေး အမှု စွပ်စွဲခံရသူများ၊ လူသတ်မှုဖြင့် စွဲချက်တင်