ပြည်ထောင်စု လွှတ်တော်အတွင်း ဆောင်ရွက်လျက်ရှိသည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမှ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လုပ်ငန်း စဉ်များကို ဥပဒေနှင့်အညီ လုပ်ဆောင်ပါမည်ဟု ဆိုသော်လည်း လုပ်ရပ်များသည် ဥပဒေနှင့် မညီသဖြင့် မည်သည့်နှင့်နည်းမျှ လက် မခံနိုင်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) က တင်သွင်းထားသည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည့် ဖွဲ့ စည်းပုံ အခြေ ခံ ဥပဒေ ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေး စဉ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ပြည့်ဖြိုး ဟန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဥပဒေနဲ့အညီ လုပ်ပါမယ်လို့ ကတိတွေ အလီလီပေးပြီးမှကို ဥပဒေနှင့်အညီ မလုပ်တဲ့ ကိုယ်စားလှယ်များ၊ နာယကများရဲ့ လုပ်ရပ် ကို ဥပဒေနဲ့မညီတဲ့အတွက် ဘယ်နည်းနဲ့မှ လက်ခံစရာ အကြောင်းမရှိကြောင်း တင်ပြဆွေးနွေးလိုပါတယ်”ဟု ၎င်းက မတ်လ ၈ ရက်က ကျင်းပသည့် လွှတ်တော်တွင် ပြောသည်။
အတိုက်အခံ ကြံ့ခိုင်ရေးပါတီမှ ဦးသိန်းထွန်း တင်သွင်းသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို တိုက်ရိုက် မဆောင်ရွက်ဘဲ လူပုဂ္ဂိုလ် ၄၅ ဦး ဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအောက်သို့ ထည့်သွင်းသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော် မတီ၏ သဘောထား မှတ်ချက်ကို တပ်မတော်သား ကိုယ်စားလှယ်များက မတ်လ ၈ ရက်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြ သည်။
ယင်းပုဒ်မ ၂၆၁ အရ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို သမ္မတကသာ တိုက်ရိုက် ခန့်ထားခွင့်ရှိရာ ပြင်ဆင်နိုင်မည် ဆိုပါက သ က် ဆိုင်ရာ တိုင်းနှင့် ပြည်နယ် လွှတ်တော်များက တိုက်ရိုက် ရွေးချယ်ခွင့် ရရှိမည် ဖြစ်ကြောင်း ယင်းဥပဒေကြမ်းကို တင်သွင်းသူ ကြံ့ခိုင်ရေးပါတီမှ ဦးသိန်းထွန်းက ပြောဆိုထားသည်။
ယခုအခါ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက ပုဒ်မ ၂၆၁ ၏ ပုဒ်မခွဲများကို ပြင်ဆင်ရေး လေ့လာ စိစစ်ချက်ကို မဖော်ပြဘဲ အခြား ပြင်ဆင်ရေး ပူးပေါင်းကော်မတီတခုနှင့် ပူးပေါင်းရန် သဘောထားမှတ်ချက်ပြုသည့် အစီရင်ခံစာသည် လွှတ်တော် ဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေတို့နှင့် မညီကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက ထောက်ပြကြသည်။
“အစီရင်ခံစာမှာ ၄၅ ဦး ပါဝင်တဲ့ ကော်မတီထဲကို ထည့်သွင်းပြီးတော့ ပြင်ဆင်ရေးကို ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ ဟာက ဥပဒေနဲ့မညီသလို ပြင်ဆင်ရေးအတွက်ကိုလည်း ကြန့်ကြာစေမှာ ဖြစ်ပါတယ်။ ဒါကို အမြန်ဆုံး ပြင်ဆင်မှသာ တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေမှာ ရှိတဲ့ တိုင်းရင်းသား အများစုရဲ့ လိုလားချက်ကို အမြန်ဆုံး ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်”ဟု တပ်မတော်မှ ဗိုလ်မှူး ပြည့်ဖြိုးဟန်က ပြောသည်။
ပုဒ်မ ၂၆၁ ကို မပြင်ဆင်နိုင်ခဲ့သဖြင့် ရခိုင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော် နေရာ ၂၃ နေရာဖြင့် အများဆုံး အနိုင်ရခဲ့သော်လည်း အစိုးရ မဖွဲ့ နိုင်ခဲ့ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် ၈ နေရာသာရှိသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အစိုးရ ဖွဲ့ နိုင်ခဲ့ကြောင်း ရခိုင်အမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စေဝေက ထောက်ပြသည်။
“အခုလည်း ၄၅ ဦး ကော်မတီကသာ ဒီဥပဒေကြမ်းကို ကိုင်တွယ်မယ်ဆိုရင် အချိန်အကြာကြီး ကြာမြင့်ပြီး ဥပဒေမူကြမ်း အဆိုမှာ လည်း ဇာတ်မြောဖြစ်သွားမှာကို စိုးရိမ်မိပါတယ်”ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။
ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် မဆွေးနွေးဘူးဟု ပြောသံ မကြားမိကြောင်း၊ ဒီပုဒ်မ တခုတည်းသာမက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် နှင့် မကိုက်ညီသည့် ပုဒ်မများအားလုံးကို ပြင်ဆင်ရန် ဆန္ဒ ရှိနေခြင်း ဖြစ်ကြောင်း အာဏာရ NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးဝင်းဝင်းက လွှတ်တော်တွင် ပြောသည်။
“ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဖြစ်ဖို့အတွက် ဥပဒေနဲ့အညီ ဖြစ်ဖို့အတွက်ဆိုရင် ပြည်ထောင်စု လွှတ်တော်မှ သဘောတူညီစွာနဲ့ ဖွဲ့ စည်းထားတဲ့ ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်များအတိုင်း ယခုမူကြမ်းပါ ပုဒ်မကို တပါးတည်း ထည့်သွင်းပြီးတော့ အလေးထား ဆောင်ရွက်သင့်ပါတယ်”ဟု မင်းဘူးမြို့နယ် ကိုယ်စားလှယ် ဦးဝင်းဝင်းက ပြောသည်။
၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးကို ဆောင်ရွက်ရန် လိုအပ်နေသည်မှာ ထင်ရှားနေပြီ ဖြစ်သော်လည်း အာဏာရ NLD ပါတီနှင့် ဖွဲ့ စည်း ပုံ အခြေခံ ဥပဒေက ပေးထားသည့် ၂၅ ရာခိုင်နှုန်းရှိသည့် တပ်မတော်သား ကိုယ်စားလှယ်များကြား ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်မှ သာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ဦးစိုင်းထွန်းအေးက လွှတ်တော်တွင် ဆွေးနွေး သည်။
“ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှသာ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပိုမို ခိုင်မြဲလာစေမှာ ဖြစ်ပါတယ်။ မပြိုကွဲနိုင်တဲ့ ပြည်ထောင်စု ကြီးကို အတူတကွ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အများတကာက လေးစားလာမှာ ဖြစ် ပါတယ်”ဟု မိုင်ရှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးစိုင်းထွန်းအေးက ပြောသည်။
ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ဥပေဒကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏ စိုး ပြောဆိုခဲ့သည့် ပုဒ်မ ၂၆၁ ကိုပြင်ဆင်ရန် အခန်း ၁ ရှိ နိုင်ငံတော်၏ အခြေခံမူများကို စတင်ပြင်ဆင်မှသာ ရှေ့နောက် ညီညွှတ် မည်ဆိုသည့် မှတ်ချက်ကို ဝေဖန်ထောက်ပြသည်။
“တိုင်းရင်းသားတွေ အပေါ်မှာ ဒီလောက်မှ နားလည်မပေးနိုင်ဘူးဆိုရင် ဒီလောက်မှ မလိုက်လျောနိုင်ဘူးဆိုရင်တော့ ကြိုက်တဲ့ ဖက် ဒရယ်လုပ်ပါ။ မအောင်မြင်စေရဘူးလို့ ကျနော် ကြိုပြီး ပြောလိုက်မယ်”ဟု ဦးမောင်မြင့်က ပြောသည်။
ယမန်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် အာဏာရ NLD ၊ ကြံ့ခိုင်ရေးပါတီ၊ ရခိုင်အမျိုးသား ပါတီ၊ ရှမ်း တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ ချုပ်နှင့် တပ်မတော်တို့မှ ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့သည်။
ယခု ဥပဒေကြမ်းကို ဆွေးနွေးမည့် ကိုယ်စားလှယ် ၆၈ ဦးအထိ စာရင်းပေးထားသဖြင့် နောက်ရက်များတွင် ကျင်းပမည့် ပြည်ထောင် စု လွှတ်တော် အစည်းအဝေးများတွင် ဆက်လက် ဆွေးနွေးရဦးမည် ဖြစ်သည်။
ပုဒ်မ ၂၆၁ ကို လိုအပ်၍ ပြင်ဆင်ခဲ့မည် ဆိုပါကလည်း သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် လွှတ်တော်များရှိ ရွေးကောက်ခံ ကိုယ်စား လှယ် များ၏ ဆန္ဒမဲဖြင့်သာ သက်ဆိုင်ရာ ဝန်ကြီးချုပ်ကို ရွေးချယ်ရန် လိုအပ်ကြောင်း အာဏာရ ပါတီ လွှတ်တော် ကိုယ်စားလှယ် တချို့ နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များက ပြောသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ဦး ရှိကြောင်း သိရသည်။
ယခု ဆွေးနွေးလျက်ရှိသည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင် နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူညီမှု ရရုံဖြင့် ပြင်ဆင်နိုင်သည့် ပုဒ်မတခု ဖြစ်သည်။