ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲစခန်းကို ရက္ခိုင့်တပ်မတော် ( AA )က မတ်လ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန် ဝင်ရောက် တိုက်ခိုက်သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
တိုက်ခိုက်ခံရသည့် ယိုးတရုတ် ရဲစခန်းမှာ ကျေးရွာ၏ အရှေ့ဘက်တွင် ရွာထဲတွင် တည်ရှိပြီး ယင်းတို့ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ကျေးရွာသားမှာ အလွန်စိုးရိမ်နေရကြောင်း ၊ လက်ရှိအချိန်တွင်လည်း ကျေးရွာအနောက်ဘက် တောင်တန်းများတွင် သေနတ်ပစ်ခတ်သံများကို ကြားနေရသည်ဟု ဧရာဝတီက ဆက်သွယ်ရရှိသော ရွာခံများက ဆိုသည်။
ယိုးတရုတ်ကျေးရွာသား တဦးက “ မနေ့က ည ၁၂ နာရီလောက်မှာ စခန်းကို ဝင်တိုက်တယ်လို့ သိရတယ်။ သေနတ်သံတွေက တရွာလုံး ကြားနေရတော့ ကျနော်တို့ ရွာသားတွေ တညလုံး မအိပ်ရဲကြတော့ဘူး ။ ထွက်ပြေးဖို့ နေရာကလည်း မရှိဘူး ။ ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျတယ်လို့တော့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် အမည်မဖော်လိုသော အခြား အုပ်ချုပ်ရေးနှင့် လုံခြုံရေး တာဝန်ရှိသူများကလည်း ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးကြောင်း အတည်ပြုသည်။ ဧရာဝတီက ကြည့်ရှုခွင့်ရခဲ့သော ကျဆုံးသူ စာရင်းတခုကလည်း အမည်နှင့်တကွ ဖော်ပြထားသည်။
ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းကမူ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်မှန်ကန်ကြောင့် အတည်ပြုသော်လည်း အလုပ်အလွန်များနေသည့်အတွက် အသေးစိတ် မပြောဆိုနိုင်သေးကြောင်း ဧရာဝတီသို့ ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက “တိုက်ခိုက်မှုဖြစ်စဉ်က ဟုတ်ပါတယ်။ ကျေးရွာသားတွေကတော့ ထိခိုက်မှုမရှိဘူး။ တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်မှု ကျဆုံးမှုတွေလည်း ရှိတယ်ပါတယ်။ ကျနော်တို့ အလွန်အလုပ်များနေလို့ အသေးစိတ်ကို မပြောနိုင်သေးဘူး” ဟု ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းပြန်ကြားရေးတဝန်ခံ ဒုရဲမှူးကြီး မောင်မောင်စိုး သို့ ဆက်သွယ်ခဲ့ရာ “အဲဒီ ယိုးတရုတ်ဖြစ်စဉ်နဲ့ပဲ ကျနော်တို့ အစည်းအဝေး လုပ်နေတုန်းပါ ခင်ဗျ ။ နောက်မှ ကျနော် အသေးစိတ် ဖြေကြားနိုင်ပါမယ် ” ဟု ဧရာဝတီသို့ ဖြေကြားသည်။
လက်ရှိအချိန်တွင် အဆိုပါ ယိုးတရုတ် ရဲစခန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်က နယ်မြေ ရှင်းလင်းရေးများကို ဆောင်ရွက်နေကြောင်း လည်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်က AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ၎င်းတို့ ဝင်ရောက် တိုက်ခိုက်ခဲသည်မှာ မှန်ကန်သော်လည်း တိုက်ခိုက်သည့် အကြောင်းရင်းကို အောက်ခြေ တပ်မှူးများက သတင်း မတက်လာသေးကြောင်း ဧရာဝတီသို့ ဖြေကြားသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း AA အဖွဲ့သည် ရခိုင်ပြည်နယ် ဘူသီးတောင်မြို့ နယ်အတွင်းက ရဲကင်းစခန်း ၄ ခုကို ဝင်ရောက် တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရမှ ထုတ်ပြန်ခဲ့သည်။