တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ မန်နေ ဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူလိုက်ပြီ ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့ညတွင် သတင်း ထုတ်ပြန် လိုက်သည်။
ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှုများ ကျူးလွန်ကြောင်း တိုင်ကြားစာများနှင့် ပတ်သက်၍ ကော်မ ရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ၂၀၁၉ ဖေဖော်ဝါရီ ၄ ရက်မှ မတ်လ ၆ ရက်နေ့ထိ နေပြည်တော်၊ ရန်ကုန်နှင့် ထား ဝယ်မြို့များ၌ စုံစမ်းဆေးစစ်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စုံစမ်းစစ်ရေး အဖွဲ့၏ စစ်ဆေး ဖော်ထုတ်ချက်များအရ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် ရာထူးတာဝန်ကို အလွဲသုံး စားပြုကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း မရှိကြောင်း၊ တံစိုးလက်ဆောင် အဖြစ် ရယူကာ GGS ကုမ္ပဏီကို လုပ်ပိုင်ခွင့်များစွာ ချပေးခဲ့ကြောင်း သိရှိရသည်။
၂၀၁၇ ဇူလိုင် ၁ ရက်မှ စ၍ စစ်ဆေးသည့် အချိန်အထိ သဘာဝဓါတ်ငွေ့ဖိုး ကျပ်သန်း (၈၀၀၀) ကျော် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ စိုက်ထုတ် ကျခံခဲ့ရသဖြင့် နိုင်ငံတော် ဘဏ္ဍာငွေများ ထိခိုက်နစ်နာ ဆုံးရှုံးမှု ရှိကြောင်း ပေါ်ပေါက်မှုအပေါ် ယင်း လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီ မှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ် တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
ထိုကဲ့သို့ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေး တွေ့ရှိချက်များအရ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ လည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ ၂၀၁၉ မတ်လ ၁၀ ရက်တွင် ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ယင်းဥပဒေ ပုဒ်မ ၆၃ တွင် မည်သူမဆို ဤဥပဒေပါ ပြစ်မှု တရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်း ကြံစည်ခြင်း (သို့) စီမံခန့်ခွဲခြင်း ပြုလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်း ထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံရမည် ဖြစ်သည်။
တနင်္သာရီ ဝန်ကြီးချုပ်နှင့် ပတ်သက်သည့် တိုင်ကြားစာကို မြိတ်နှင့် ထားဝယ် ဒေသခံ ၁၀၀ ကျော် လက်မှတ် ရေးထိုးကာ ဇန်နဝါရီ နောက်ဆုံးပတ် အတွင်းက သီခြားစီ တိုင်ကြားခဲ့ကြပြီး တိုင်းလွှတ်တော်၏ စိစစ်တွေ့ရှိများ ပါရှိသော အစီရင်ခံစာ တစောင်ကိုလည်း တိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် ၁၄ ဦးက လက်မှတ်ရေးထိုး၍ နိုင်ငံတော် သမ္မတ အပါအဝင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် NLD ဗဟို အလုပ်မှုဆောင် အဖွဲ့ထံ ပေးပို့ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၃ ရက်ကြာ သွားရောက် ခဲ့သော တနင်္သာရီ ခရီးစဉ် အတွင်း မြိတ်၊ ကော့သောင်း၊ ထားဝယ်တို့မှ ဒေသခံ လူထုများနှင့် တွေဆုံပွဲများ ပြုလုပ်ခဲ့ပြီး ယင်း ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုမှုများနှင့် အတူ ဒေသခံ တချို့က တိုင်း အစိုးရ အဖွဲ့၏ အားနည်းချက် များအား ဆန္ဒ ထုတ်ဖော်မှုများလည်း ရှိခဲ့သည်။
ခရီးစဉ် အတွင်း ဒေါ်အောင်စုကြည်က တိုင်ကြားထားသည့် ကိစ္စများအား သက်ဆိုင်ရာ ဌာနများက စုံစမ်းစစ်ဆေးနေပြီး ယင်းဌာနများ၏ တွေ့ရှိချက်များကို ဖုံးကွယ်ထားမည် မဟုတ်ဘဲ ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း တင်ပြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်စပ် ဖတ်ရှုရန်
တနင်္သာရီ ဝန်ကြီးချုပ်ကို အဂတိ ကော်မရှင်မှ စစ်ဆေးသည့် ရလဒ် စောင့်ဆိုင်းနေ ဟုဆို
ဝေဖန်မှုများ အတွက် ရှင်းစရာ မလိုဟု တနင်္သာရီတိုင်း ဝန်ကြီးချုပ် ပြော