အလွန်တရာ လိုအပ်နေသော အခြေခံအဆောက်အဦးများတည်ဆောက်ရန် ဖိလစ်ပိုင်အစိုးရက တရုတ်နိုင်ငံ၏ ဘဏ္ဍာရေး အထောက်အပံ့များ ရယူနေသည့် အတွက် တရုတ်နိုင်ငံသို့ ပေးဆပ်ရမည့် အကြွေး အလွန်များပြားလာနေခြင်းနှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံကို မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က မတ်လ ၇ ရက်နေ့တွင် သတိပေးလိုက်သည်။
တိုင်းပြည်တွင် အခြေခံ အဆောက်အဦးကို မြှင့်တင်ရန် အလွန်စိတ်အားထက်သန်နေသော သမ္မတ ရိုဒရီဂို ဒူတာတေး၏ အစိုးရက လက်ခံသဘောတူခဲ့သော အတိုးနှုန်းများနှင့် တရုတ်နိုင်ငံက ကမ်းလှမ်းသော မေးခွန်းထုတ်ဖွယ်ရာ စည်းကမ်း ချက်များ အပေါ် စုံစမ်းစစ်ဆေးမှုတခုကို ယခင်အပတ်အစောပိုင်းတွင် ဖိလစ်ပိုင် အထက်လွှတ်တော်က ပြုလုပ်ခဲ့သည်။ ၂၀၁၆ ခုနှစ်က ဘေဂျင်းသို့ သွားရောက်ခဲ့သော သမ္မတ ဒူတာတေး၏ ခရီးစဉ် အတွင်းတွင် တရုတ်နိုင်ငံက အမေရိကန် ဒေါ် လာ ၉ ဘီလီယံ အထိ ချေးယူနိုင်မည့် လမ်းကြောင်းတခု ဖွင့်ပေးခဲ့သည်။ ထိုပမာဏထဲတွင် ယခုအချိန်အထိ ဆိုလျှင် ဆည် မြောင်း စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် အနည်းဆုံး ဒေါ်လာ သန်း ၃၀၀ ချေးယူရန် သဘောတူညီမှု ရရှိခဲ့ ပြီးဖြစ်သည်။
“တကယ်လို့ ခင်ဗျားက တရုတ်ဆီက ငွေကြေး ပမာဏ အမြောက်အမြား ချေးလိုက်တယ်ဆိုရင်၊ ပြန်မပေးနိုင်ဘူးဆိုရင်၊ မြီရှင်ရဲ့ ထိန်းချုပ်မှုအောက်က မြီးစားတယောက်ပဲ။ ဒါကြောင့် ကျနော်တို့က အဲဒါနဲ့ ပတ်သက်လို့ အလွန်ကို သတိထားရ မှာ ဖြစ်ပါတယ်” ဟု မဟာသီယာက ဒူတာတေး နှင့် တွေ့ဆုံမှု မတိုင်မီ ABS-CBN သတင်းရုပ် သံလိုင်းသို့ ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်သို့ ၂ ရက်ကြာ တရားဝင်ခရီးစဉ်အတွက် ရောက်သွားခဲ့သော မဟာသီယာသည် ပြီးခဲ့သည့်နှစ်က သူအာဏာရရှိခဲ့ပြီး များမကြာမီမှာပင် ဒေါ်လာ ၂၀ ဘီလီယံတန် ရထားလမ်း အပါအဝင် တရုတ် နိုင်ငံ၏ ငွေ ကြေးထောက်ပံ့မှုဖြင့် ပြုလုပ်မည့် စီမံကိန်း ၂ ခုကို ဘေးဖယ်ပစ်ခဲ့သည်။ မလေးရှားနိုင်ငံ အတွက် အဆင်မပြေသည့် စည်းကမ်းချက်များဖြစ်သည်ဟု ပြောကြားခဲ့သည်။ သူ၏ လုပ်ရပ်က တရုတ်အစိုးရ၏ ခေတ်သစ်ပိုးလမ်းမ (BRI) အခြေခံ အ ဆောက် အဦး စီမံကိန်းများအတွက် အဓိက ထိုးနှက်ချက်တခု ဖြစ်ခဲ့သည်။ တရုတ်အစိုးရက ငွေကြေးအထောက်အပံ့ပေး သည့် စီမံကိန်းများကို နိုင်ငံ အမျာအပြားတွင် တင်းတင်းကျပ်ကျပ် စိစစ်မှုများ ပြုလုပ်နေကြသည်။
တရုတ်၏ အကြွေးထောင်ချောက်အပေါ် ဒေသ၏ စိုးရိမ်ပူပန်မှုနှင့် ပတ်သက်၍ မေးမြန်းသည့် အခါ မဟာသီယာက “ဒါက တရုတ်နိုင်ငံ စွပ်စွဲခံနေရတဲ့ ကိစ္စတခုဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက သြဇာလွှမ်းမိုးမှုကို ထိန်းချုပ် စီမံခြင်း သို့မဟုတ် ကန့်သတ်ခြင်း ပြုလုပ်လို့ရနိုင်တဲ့ တိုင်းပြည်(ငွေချေးသည့်နိုင်ငံကိုရည်ညွှန်းသည်) နဲ့လည်းဆိုင်ပါတယ်” ဟု ပြောသည်။
အလားတူ အင်တာဗျူးမှာပင် အသက် ၉၃ နှစ်အရွယ် မလေးရှားခေါင်းဆောင်က နိုင်ငံခြားသားများ အစုအပြုံလိုက်ဝင် ရောက်လာခြင်းနှင့် ပတ်သက်သည့် အန္တရယ်များအကြောင်းကိုလည်း ပြောကြားခဲ့သည်။ “အဲဒါက တိုင်းပြည်တွင်းက နိုင် ငံရေး ညီမျှခြင်းတွေကို အနှောက်အယှက်ပေးနိုင်ပါတယ်” ဟု သူက ဆိုသည်။
သမ္မတ ဒူတာတေးအာဏာ ရရှိခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ တရုတ်နိုင်ငံသား ၃၀၀၀၀၀ ကျော်ကို ဖိလစ်ပိုင်တွင် အလုပ်လုပ် ရန်ပါမစ် ထုတ်ပေးခဲ့ပြီး ဖြစ်သည်။ တောင်တရုတ်ပင်လယ်တွင် ပင်လယ်ပြင်ပိုင်နက် အညင်းပွားမှုဖြစ်ပွားနေသည့်တိုင် ဖိ လစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံကို အရေးပါသည့် စီးပွားရေး မိတ်ဖက်တဦး အဖြစ်သဘောထားခဲ့သည်။
“တကယ်လို့ နိုင်ခြားသား(မည်သည့်နိုင်ငံသားဖြစ်စေ) အရေအတွက်ကြီးမားစွာ နိုင်ငံတခုအတွင်းကို လာရောက်နေထိုင် ပြီဆိုရင်၊ အဲဒီနိုင်ငံရဲ့ စီးပွားရေးကို သြဇာလွှမ်းမိုးပြီဆိုရင် အဲဒါက ကောင်းသလား၊ ဆိုးသလားဆိုတာကို ပြန်လည်စဉ်း စားရပါတော့မယ်။ ဒါမှမဟုတ် သူတို့ အပေါ်ချမှတ်ထားတဲ့ ကန့်သတ်မှုတွေကို ပြန်စဉ်းစားရပါတော့မယ်” ဟု မဟာသီယာကပြောသည်။
မွန်းလွဲပိုင်းမှ သူတို့၏ တွေ့ဆုံမှုအတွင်းတွင် တရုတ်နိုင်ငံက စစ်ရေး အဆောက်အဦးများပါဝင်သည့် ကျွန်းတခု ၇ ခု တည် ဆောက်ထားခဲ့သော တောင်တရုတ်ပင်လယ်ပြင်အတွင်းတွင် လွတ်လပ်သောရေကြောင်းသွားလာမှု သေချာစေရေးကို ဒူတာတေး နှင့် မဟာသီယာ တို့က ကတိပြုခဲ့ကြသည်။ ဖိလစ်ပိုင်နှင့် မလေးရှားတို့ကလည်း ၎င်းတို့၏ ပိုင်နက်ဖြစ်သည်ဟု ပြော ဆိုထားသည့် အညင်းပွားနေသော ဧရိယာ အတွင်းသို့ အမေရိကန်သင်္ဘောများဝင်ရောက်ခြင်းကို တရုတ်နိုင်ငံက ပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုလေ့ရှိပါသည်။
အင်ဒိုနီးရှားနိုင်ငံ နှင့် အတူ ၃ နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအောက်တွင် အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ခိုက်ရေး ကို ထောက်ခံရန်လည်း မဟာသီယာက ကတိပြုခဲ့သည်။ IS နှင့် ပတ်သက်နေသော စစ်သွေးကြွများက ဖိလစ် ပိုင် နိုင်ငံတောင်ပိုင်းကို ၅ လကြာ သိမ်းပိုက်ထားသည့် အချိန် ၂၀၁၇ ခုနှစ် ဇွန်လတွင် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ဖွဲ့စည်းခဲ့သည်။
တိုင်းပြည်၏ ပဋိပက္ခထူပြောသည့် တောင်ပိုင်း မိုရိုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်လာစေခဲ့သော မကြာသေးမီကပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ဒူတာတေး အစိုးရကို မလေး ရှား ခေါင်းဆောင်က ချီးကျူးဂုဏ်ပြုခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် မလေးရှားအစိုးရက အဆင်ပြေချောမွေ့ အောင်စီစဉ် ဆောင်ရွက်ပေးခဲ့သည်။
အပြန်အလှန်ကုန်သွယ်ရေးမြှင့်တင်ရန်နှင့် ကျန်းမာရေးနှင့် ပညာရေးတွင် ပူးပေါင်းဆောင်ရွက်ရန် လည်း ခေါင်းဆောင် ၂ ယောက် ဆွေးနွေးခဲ့ကြသည်။ သို့သော်လည်း မလေးရှားက ၎င်း၏ မြောက်ပိုင်း ဘော်နီယိုဒေသ၏ အစိတ်အပိုင်းအ ဖြစ်သဘောထားသည့် ဆာဘား Sabah နှင့် ပတ်သက်သည့် ပိုင်နက်နယ်မြေ အငြင်းပွားမှုကို ရှောင်ရှားခဲ့ကြကြောင်း သိရသည်။
ကိုးကား ။ ။ Nikkei Asian Review