ရန်ကုန်မြို့တလျှောက် သြင်္ကန် ရေကစား မဏ္ဍပ်နှင့် ဖျော်ဖြေရေး မဏ္ဍပ်များ လျှောက်ထားကြရာတွင် အစောဆုံး လျှောက် ထားသူများကို ဦးစားပေး ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) က သိရ သည်။
ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်း က “တနေရာထဲကိုပဲ ၇ ယောက်၊ ၈ ယောက်လောက် လျှောက်ထားတာ ထပ်နေမယ် ဆိုရင် လျှောက်လွှာ စောတဲ့သူကို ဦးစားပေးမယ်။ အကယ်၍ ရက်လည်း တူနေမယ် ဆိုရင် မဲနှိုက်ပြီး နေရာပေးမယ်။ မနှစ်ကလည်း မဲနှိုက်ပြီး နေရာပေးခဲ့တာပဲ”ဟု ပြောသည်။
မဏ္ဍပ် လျှောက်လွှာများကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့် တံတား) တွင် လျှောက်လွှာ ထုတ်ယူပြီး သတ်မှတ်ချက်များနှင့် အညီ မတ်လ ၂၅ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမည် ဖြစ်သည်။
ရန်ကုန်မြို့တလျှောက် ရေကစား မဏ္ဍပ် နေရာ ၃၅ ခု ခွင့်ပြုပေးမည် ဖြစ်ရာ ဝေဇယန္တာ လမ်းမကြီ၌ ၄ ခု၊ ပါရမီလမ်းတွင် ၃ ခု၊ မင်းဓမ္မလမ်းတွင် ၁ ခု၊ ပြည်လမ်း၌ ၁၂ ခု၊ တက္ကသိုလ် ရိပ်သာလမ်းတွင် ၅ ခုနှင့် စက်မှု (၁) လမ်းမ ဆီဒိုးနား ဟိုတယ် အနီး ၁ ခု တို့ကို ခွင့်ပြုပေးသွားမည် ဖြစ်သည်ဟု YCDC က ဆိုထားသည်။
ထို့အပြင် ဗိုလ်ချုပ်လမ်း ဗိုလ်ချုပ်ဈေးရှေ့၌ ၁ ခု၊ အနော်ရထာလမ်းတွင်၂ ခု၊ မဟာဗန္ဓုလ လမ်းတွင် ၁ ခု၊ ကုန်သည်လမ်း တွင် ၁ ခု၊ ပုဇွန်တောင် လမ်းမတွင် ၃ ခုနှင့် သံသုမာ လမ်းမ သုဝဏ္ဏ ဘူမိကွင်း အနီးတွင် ၁ ခု ခွင့်ပြုမည် ဖြစ်ကြောင်း လည်း သိရသည်။
ယခုနှစ် သြင်္ကန် အတွက် မဏ္ဍပ်ကြီးနှင့် အလတ်များသာ YCDC ၌ လာရောက်လျှောက်ထားရန် လိုအပ်ပြီး မြို့နယ် အတွင်း မဏ္ဍပ်ငယ်များ ကိုမူ မြို့နယ်၊ ခရိုင် ထွေအုပ် ခွင့်ပြုချက်နှင့် လျှောက်ထား နိုင်ကြောင်း ဦးသန်းက ပြောသည်။
၎င်းက “မဏ္ဍပ် ၃၅ နေရာ လျာထားချက်သည် မဏ္ဍပ် အကြီးနဲ့ အလတ် ဆောက်ဖို့ အတွက် လျာထား ပေးတာ။ မြို့နယ် တွေမှာ မိမိ အစီအစဉ်နဲ့ လျှောက်ထားမယ် ဆိုရင် မဏ္ဍပ် နေရာ ချထားရေးနဲ့ ကြံ့ခိုင်မှု စိစစ်ရေး ကေ်ာမတီကို လာပြီး တင် စရာ မလိုဘူး။ သူ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနနဲ့ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခွင့်ပြုချက်နဲ့ ဆောက်သွားနိုင်တယ်။ မဏ္ဍပ် အသေးက ကော်မတီရဲ့ ခွင့်ပြုချက် မလိုဘူး” ဟု ဆိုသည်။
မဏ္ဍပ် အကြီး ဆောက်လုပ်ရန် လျှောက်ထားပါက စပေါ်ငွေ ကျပ်သိန်း၂၀၀ နှင့် အလတ်များ အတွက် စပေါ်ငွေ ကျပ်သိန်း ၁၀၀ ပေးသွင်းထားရမည် ဖြစ်ပြီး မဏ္ဍပ် အကြီးများ အတွက် မြေ အသုံးပြုခ ၇၀၀၀၀ ကျပ်၊ အလတ်များ အတွက် ၅၀၀၀၀ ကျပ်နှင့် သန့်ရှင်းရေး ဆောင်ရွက်ခ အနေဖြင့် မဏ္ဍပ် အကြီးများ အတွက် ၁ သိန်း၊ အလတ်များ အတွက် ၄၀၀၀၀ ၊ အသေးများ အတွက်၂၀၀၀၀ သတ်မှတ်ထားကြောင်း စည်ပင် သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
မဏ္ဍပ်များတွင် ကော်မတီပိုင် ရေပိုက်မှ ရေသွယ် ယူပါက ၁ လက်မ ပိုက် အတွက် ကျပ် ၂ သိန်း၊ ၁ လက်မခွဲပိုက်ကို ၃ သိန်း၊၂ လက်မ ပိုက် ၄ သိန်းကျော် ပေးသွင်းရမည် ဖြစ်ပြီး ကန်တော်ကြီးနှင့် အင်းလျားကန်မှ ရေများကို သွယ်ယူ အသုံး ပြုမည် ဆိုလျှင် ၃ လက်မ ပိုက် အတွက် ၄ သိန်း၊ ၄ လက်မပိုက် အတွက် ၆ သိန်းခွဲ၊ ၆ လက်မပိုက် အတွက် ကျပ် ၁၀ သိန်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
နှစ်စဉ် မဏ္ဍပ် လုပ်ကိုင်နေသည့် Barrack မဏ္ဍပ် စီစဉ်သူ တဦးက “အခု လတ်တလောတော့ စောနေသေးတော့ လျှောက် လွှာလည်း မတင်ရသေးဘူး။ အခု တပတ်အတွင်းကို တင်ဖြစ်မယ်။ မဏ္ဍပ် တည်ဆောက်တာက ၁၂ ရက် ၁၃ ရက်လောက် အချိန်ပေးတယ် ဆိုတော့ အချိန်ကတော့ လောက်ပါတယ်” ဟု ဆိုသည်။
ယခုနှစ် အတွက် စီးပွားဖြစ် မဏ္ဍပ်များ အပြင် ရန်ကုန် လမ်းလျှောက် သြင်္ကန် နေရာကိုလည်း ယခင် နှစ်ထက် နေရာ နှစ် နေရာ တိုးချဲ့ထားပြီး စုစုပေါင်း ၅ နေရာ အထိ ရှိလာကြောင်း စည်ပင်က သိရသည်။
မဟာဗန္ဓုလ ပန်းခြံ လမ်းရှိ လမ်းလျှောက် သြင်္ကန်ကို ကုန်သည်လမ်း အထိ နေရာ တိုးချဲ့ ပြုလုပ်မည် ဖြစ်ပြီး ဦးဥတ္တမ ပန်း ခြံနှင့် ကန်တော်ကြီးတွင်လည်း ယခင်နှစ်များ အတိုင်း ပြုလုပ်မည် ဖြစ်သည်။
ထို့ပြင် အင်းလျားကန်ဘောင်ဘေးနှင့် တက္ကသိုလ် ရိပ်သာ လမ်းတလျှောက်၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ် သြင်္ကန်တွင် ကန်တော်ကြီး ပတ်လမ်း၊ ကမ္ဘာအေး ဘုရားလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်း တို့တွင် မည်သည့် မဏ္ဍပ်ကိုမှ ခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
ပြီးခဲ့သည့်နှစ် သြင်္ကန်တွင် မဏ္ဍပ် ၉၅ ခုကို ခွင့်ပြုပေးမည်ဟု ထုတ်ပြန်ခဲ့သော်လည်း မဏ္ဍပ် ၃၀ ကျော်သာ လျှောက်ထားခဲ့သည်။