တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အဖမ်းခံထားရသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့ ဝင်များကို ပြန်လွှတ်ပေးရန် RCSS/SSA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘောင်ခေး က တောင်းဆိုလိုက်သည်။
နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် အစိုးရ၊ တပ်မတော်တို့နှင့် RCSS ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ဘောင်ခေး က “ဒီလို ဖမ်းဆီးပြီးတော့ ထောင်ချတဲ့ဟာတွေ ဒါအဓိကအချက် ဖြစ်ပါတယ်။ ဒါတွေဟာ ကျနော်တို့ NCA လမ်းကြောင်း သွား နေတဲ့ကာလမှာ တော်တော် အနှောက်အယှက်ဖြစ်နေတဲ့ တခုဖြစ်နေလို့ ဒီကိစ္စကို ကျနော်တို့လည်း ဒီ NRPC ကိုရော အလေး အနက် စဉ်းစားပေးစေချင်တယ်” ဟု ပြောသည်။
RCSS/SSA တပ်ဖွဲ့ဝင် စုစုပေါင်း ၃၁ ဦးအထိ အဖမ်းခံထားရပြီး အများစုသည် မူးယစ်ဆေး ကိစ္စရပ်များအပေါ်တွင် အထင်အမြင် လွဲ မှားပြီး အဖမ်းခံရခြင်း ဖြစ်၍ ယင်းကိစ္စကို အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးလိုကြောင်း၊ မူးယစ် ဆေးဝါး ကိစ္စသည် ပြည်တွင်း၌ အလွန်ကြီးမားသည့် ပြဿနာ ဖြစ်လာကြောင်း ၎င်းတို့က ထောက်ပြသည်။
၎င်းတို့ RSCC/SSA အနေဖြင့် NCA လမ်းကြောင်းအတိုင်း ဆက်သွားနိုင်ရေး နည်းလမ်း ရှာချင်ကြောင်း၊ ယခု နည်းလမ်းအတိုင်း ရှေ့ဆက်နိုင်ရန် ဆုံးဖြတ်ထားသော်လည်း တစ်ဆို့နေသည့် ကိစ္စရပ်များ၊ နားလည်မှု လွဲနေသည့် ကိစ္စရပ်များကို ယခု ဆွေးနွေး နိုင်ရန် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ဘောင်ခေး က “ဒီကိစ္စမှာလည်း ကျနော်တို့ အချင်းချင်း အမြင်မှားတာတွေလည်း အများကြီး ရှိတယ်။ ဒါကြောင့်မို့ ဒီကိစ္စကြောင့် ခုနက ပြောတဲ့ဟာ တွေ ကျနော်တို့ အရပ်သားဖြစ်ဖြစ် ရဲဘော်တွေပဲဖြစ်ဖြစ် ဒီကြားကနေပြီးတော့ အထင်လွဲမှားခံပြီးတော့ ထောင်ကျတာတို့၊ အဖမ်းခံရ တာတို့တွေ အများကြီး ရှိတယ်။ ဒီကိစ္စတွေက ရှင်းရှင်း ပြောရလို့ရှိရင် ကျနော်ထင်တယ်၊ ဒီကိစ္စတွေက ကျနော်တို့ ဒီ NCA လမ်း ကြောင်း ဆက်သွားနိုင်ဖို့ ကျနော်တို့ အခက်အခဲ မရှိတော့ဘူးလို့ ကျနော်တို့ ထင်ကြတယ်”ဟု ပြောသည်။
ရှမ်းပြည်နယ်တွင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ခြင်း မရှိသည့် ကိစ္စမှာလည်း NCA လမ်းကြောင်း ရှေ့ဆက်နိုင် ရေး အခက်အခဲများ ဖြစ်စေကြောင်း၊ ပြည်သူလူထု၏ သဘောထားကို မရယူဘဲ ၂၁ ပင်လုံ ညီလာခံသို့ တက်ရောက်ရန် ၎င်းတို့ ဘက်တွင် အခက်အခဲများ ရှိကြောင်း၊ NCA ရေးထိုးပြီးကာလတွင် ဒေသဖွံ့ ဖြိုးရေး ဆောင်ရွက်ရာတွင်လည်း အခက်အခဲများ ရှိနေကြောင်း RCSS/SSA ဘက်က ပြောသည်။
NRPC ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုများကို ကိုအခြေခံပြီး ပင်လုံ စိတ် ဓာတ်နှင့် အညီ ဒီမိုကရေစီ အရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့် အဝရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးပွဲများ၏ ရလဒ်များနှင့် အညီ တည်ဆောက်သွား ရန် လုပ်ဆောင်ဖို့ ကတိပြုထားပြီး ဖြစ်ကြောင်း အစည်းအဝေးတွင် ပြောသည်။
ဒေါက်တာ တင်မျိုးဝင်း က “အကောင်အထည် ဖော်မှုတွေမှာကျတော့ နားလည်မှု မတူညီတာတွေ အမြင်ကွဲပြားတာတွေကတော့ ရှိနိုင်ပါတယ်။ လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီနေ့ ဆွေးနွေးပွဲမှာ ရင်းရင်း နှီးနှီး ပွင့် ပွင့်လင်းလင်း ဆွေးနွေးပေးကြဖို့ အစိုးရဘက်က ဖြည့်စွက် ဆောင်ရွက်မယ့်ကိစ္စတွေရှိပါကလည်း တင်ပြပြောကြားပေးဖို့ မေတ္တာ ရပ်ခံလိုပါတယ်” ဟု ပြောကြားခဲ့သည်။
မနက်ဖြန်တွင် RCSS/SSA အဖွဲ့ သည် တပ်မတော်ခေါင်းဆောင်များနှင့်ပါ နေပြည်တော်တွင် တွေ့ဆုံရန် ရှိနေပြီး ယခု အကြိမ် မတိုင်မီ တွေ့ဆုံရန် ညှိနှိုင်းမှုများမှာ အကြောင်းအမျိုးမျိုးဖြင့် ရွေ့ ဆိုင်းခဲ့ရသည်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်နယ်တွင် တပ်မတော်မှ တပ်ရင်းမှူး ၂ ဦး စီးနင်းလိုက်ပါလာသည့် မော်တော် ယာဉ်ကို RCSS တပ်ဖွဲ့ ဝင်များက တား၍ ယာဉ်ပေါ်ပါ ပစ္စည်းများကို ယူဆောင်သွားခဲ့သဖြင့် တပ်မတော်က ဖေဖော်ဝါရီလ ၁၃ ရက် နေ့တွင် RCSS ဌာနချုပ် လွယ်တိုင်းလျန်းဒေသသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့နောက် RCSS က တပ်မတော်မှ ယူဆောင်သွားသည့် ပစ္စည်းများကို ပြန်လည် ပေးအပ်ခဲ့သည်။
RCSS/SSA သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ တခုဖြစ်ပြီး လက်ရှိတွင် ရှမ်းပြည် မြောက်ပိုင်း ဒေသတချို့တွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတက်ရေ းပါတီ(SSPP) တို့ဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သလို နောက်ပိုင်းတွင် ပအို့ဝ် အမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO) နှင့်လည်း တိုက်ပွဲ ဖြစ်ပွားလျက် ရှိသည်။