မြောက်ကိုရီးယား ခေါင်းဆောင်၏ အဖေတူ အမေကွဲ ညီအစ်ကိုအား လုပ်ကြံ သတ်ဖြတ်မှုဖြင့် ဖမ်းဆီး ခံရသည့် အင်ဒိုနီးရှား အမျိုးသမီးကို တနှစ်ခွဲကြာ ရုံးတင်စစ်ဆေးပြီးနောက် ယနေ့တွင် အံ့အားသင့် ဖွယ်ဆုံးဖြတ်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၇ခုနှစ် ဖေဖေါ်ဝါရီလက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဖအေတူ အမေကွဲ ညီအကို ကင်ဂျုံနန်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ် ပြီး၊ ယင်းအမှုတွင် အင်ဒိုနီးရှား အမျိုးသမီး တဦးနှင့် ဗီယက်နမ်အမျိုးသမီးတဦး ဖမ်းဆီးခြင်းခံခဲ့ရ သည်။
“ကျမ ဝမ်းသာပါတယ်။ ဒီလိုလွတ်လိမ့်မယ်လို့ ကျမ မသိထားပါဘူး။ မျှော်လည်းမမျှော်လင့်ဘူးရှင့်” ဟု လွတ်မြောက် လာသူ အင်ဒိုနီးရှား အမျိုးသမီး အီရှားက ပြောသည်။
အသက် ၂၀ ကျော်အရွယ်ရှိ ၎င်းအမျိုးသမီးများသည် လူသတ်မှုအတွက် တရားခွင်တလျှောက် ငြင်းဆိုခဲ့ကြပြီး မြောက် ကိုရီးယား အေးဂျင့်များက ပရိယာယ်ဆင်၍ ၎င်းတို့ကို နောက်ပြောင်ကျီစယ် သည်ဟုသာ ယုံကြည်ထားကြောင်း ရုံးတော်တွင် ထွက်ဆိုခဲ့ကြသည်။
မိမိတို့အမှုသည်များမှာ ခုတုံးလုပ် အသုံးချခံရခြင်းသာဖြစ်ကြောင်း၊ အာဏာပိုင်များအနေဖြင့် လူသတ်သမားအစစ်များကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ၎င်းတို့ရှေ့နေများက လျှောက်လဲခဲ့ကြသည်။
မလေးရှားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး ရက်ဒီ ကီရန္နာက တရားရုံးအပြင်၌ သတင်းထောက်များကို “ရုံးတော်ရဲ့ဆုံးဖြတ်ချက်ကို ကျနော်တို့ ကျေနပ်ပါတယ်။ စီတီက အင်ဒိုနီးရှားကို လေကြောင်းနဲ့ ဒီနေ့ပြန်ခေါ်နိုင်ဖို့ ကျနော်တို့ အဆောတလျင်စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ကင်ဂျုံနမ်ကို လုပ်ကြံသတ်ဖြတ်သည့် အမှုတွဲ မလေးရှား တရားရုံးချုပ်သို့ ရွှေ့ပြောင်းပေးပို့
ကင်ဂျုံနမ် အမှု သံသယရှိသူ အမျိုးသမီး ၂ဦး ကျည်ကာအင်္ကျီဝတ်ဆင် ရုံးထုတ်
ကင်ဂျုံနမ်ကို ဓာတုဆေးရည်ဖြင့် လုပ်ကြံခြင်းဖြစ်ဟု မလေးရှားအတည်ပြု
ကင်ဂျုံနမ်ကို လုပ်ကြံသူဟုယူဆရသည့် အမျိုးသမီး ဓာတ်ပုံထွက်ပေါ်
ကင်ဂျုံနမ် အသတ်ခံရမှု မလေးရှားအမျိုးသားတဦး ထပ်မံဖမ်းဆီး