မတရား အကျဉ်းကျ ခံနေရသူများကို ပြစ်ဒဏ် လျှော့ပေ့ါခြင်းနှင့် လွတ်ငြိမ်း သက်သာခွင့်များ ရရှိရေး အတွက် သမ္မတထံ တင်ပြသွားရန် စီစဉ် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် ပြောသည်။
လူ့အခွင့်အရေးနှင့် အကျဉ်းထောင် ပြုပြင် ပြောင်းလဲရေး အလားအလာ အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) တို့က နေပြည်တော်ရှိ Man Myanmar ဟိုတယ်၌ မတ်လ ၉ ရက်မှ ၁၀ ရက် အထိ ၂ ရက် ကျင်းပခဲ့သည်။
ဦးယုလွင်အောင် က“ကျနော်တို့ ပြန်လည် စိစစ်တဲ့ ကော်မရှင် တခုကို ဖွဲ့စည်းသင့်တယ်လို့ တင်ပြတာ ရှိပါတယ်။ ကျနော်တို့ မတရား ခံရတာပါလို့ ပြောတဲ့သူ ရှိရင် ကျနော်တို့က ပြန်လည် စိစစ်ပြီး သူတို့ကို ပြစ်ဒဏ် လျှော့ပေါ့ဖို့၊ လွတ်ငြိမ်း သက်သာဖို့၊ နိုင်ငံတော် သမ္မတ ဆီကို တင်ပြဖို့ အဲဒီလို အဖွဲ့တွေကို ဖွဲ့ဖို့ စလုပ်နေပါပြီ”ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် အကျဉ်းသား စိစစ် လျှော့ချရေး ကော်မရှင်များ ဖွဲ့ရန် အကြံပြုထားကြောင်း၊ ယခုကိစ္စအား သမ္မတကြီး ၏ အမိန့်ဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ လုပ်ဆောင်ရန် စီစဉ် ဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြောဆိုသည်။
အကျဉ်းထောင်များတွင် ဝင်ဆံ့နိုင်သည့် အကျဉ်းသား ဦးရေထက် နှစ်ဆကျော် မြင့်မားနေမှုများ ရှိနေကြောင်း၊ အကျဉ်း ထောင် ဥပဒေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက ဥပဒေ ဖြစ်သည့် အတွက် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှု မရှိတော့ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ထို့ပြင် အမှုအခင်း ပြဿနာများ ယခုခေတ်တွင် အလွန်များပြားနေကာ တချို့ထောင်များ၌ မူးယစ် ဆေးဝါးကြောင့် အကျဉ်း ကျခံရသူမှာ ၈၀ ရာခိုင်နှုန်းခန့် ရှိနေသဖြင့် ယင်းအချက်များ ပြင်ဆင်ရန် ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ဦးယုလွင်အောင် က ပြောဆိုသည်။
၎င်းက“တချို့ကျတော့လည်း မူးယစ်ဆေးဝါး ၂ ပြားနဲ့ ထောင် ၁၀ နှစ် ကျတာ ရှိတယ်။ တပြားနဲ့ ထောင် ၁၀ နှစ် ကျတာ ရှိတယ်။ တချို့ကျတော့လည်း ဝ.၀၀၂ ဂရမ်လောက်နဲ့ ထောင်၁၀ နှစ် ကျတာလည်း ရှိတယ်။ ဆိုတော့ ဒါတွေကို ပြန်စဉ်း စားရမှာ ဖြစ်ပါတယ်။ သောင်းနဲ့ သိန်းနဲ့ ကားနဲ့ မိတာမျိုး ဆိုရင်တော့ တမျိုးပေါ့။ ရာနဲ့ ထောင်နဲ့ ဆိုရင် လည်း များများ ချလို့ ကောင်းပါတယ်။ တပြား၊ ၂ ပြား၊ တမှုန်၊ တမှုန် နဲ့ ထောင်ကျတာ မျိုးတွေ တချို့ကျတော့လည်း ဘုမသိ ဘမသိနဲ့ ထောင်ကျတာမျိုးတွေလည်း ရှိတယ်”ဟုလည်း ပြောသည်။
မူးယစ်ဆေးဝါး နည်းလမ်း ပေါင်းစုံဖြင့် ထောင်ကျနေသည့် သူများကို စိစစ်သင့်ကာ မူးယစ်ဆေးဝါး အမှုနှင့် ထောင်ဒဏ် အပြစ်ပေးခြင်းသည် နောက်ဆုံးမှ ရွေးချယ်သင့်သည့် ကိစ္စ ဖြစ်ကြောင်း AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ဆိုသည်။
၎င်းက ဆက်လက်၍ တရားသူကြီး၏ ဆင်ခြင်တုံ တရားဖြင့် ပြန်လွှတ်ပေးနိုင်သည့် ကိစ္စများရှိနေပြီး အခြား နိုင်ငံတွင် လည်း လူမှုရေး ပြစ်ဒဏ်ပေးသည့် နည်းလမ်း ရှိခြင်းတို့ကြောင့် အကျဉ်းသားဦးရေ လျှော့ချရာတွင် မည်သည့် နည်းလမ်း ဖြင့် လျှော့ချ၍ ရနိုင်မည်ကို ဆွေးနွေးပွဲတွင် အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟု ပြောဆိုသည်။
ဦးတိတ်နိုင်က“အကျဉ်းထောင်မှာ အရေးတကြီး ဆောင်ရွက်ရမှာက အကျဉ်းသား ၂ ဆ မြင့်တက်လာမှုကို ဖြေရှင်း ရ မှာပါ။ တိုင်းပြည်ရဲ့လုံခြုံရေး အတွက်ပါ စိန်ခေါ်မှု ဖြစ်ပါတယ်။ ဒါကြောင့် ဒါကို အမြန်ဆုံး လမ်းစဉ်တွေကို လုပ်သင့် တယ် ဆိုတာကို ဆွေးနွေးခဲ့ပါတယ်”ဟု ပြောပြသည်။
လက်ရှိ တနိုင်ငံလုံးတွင် အကျဉ်းသားပေါင်း ၆ သောင်းကျော် ရှိကြောင်းလည်း AAPP က ပြောသည်။
ထို့ပြင် အကျဉ်းသား အချင်းချင်း အုပ်ချုပ်သည့် စနစ်သည် မြန်မာနိုင်ငံ အကျဉ်းထောင် ဖွဲ့စည်းမှု အခြေနေနှင့် ကိုလိုနီ ခေတ် အမွေဆိုးများကြောင့် ဖြစ်ကြောင်း၊ ဝန်ထမ်းက အမြဲတမ်း မအုပ်ချုပ်နိုင်သည့် အတွက် တန်းစီးဟု ခေါ်သည့် ထောင်တွင်း လူမိုက်များကို ခန့်အပ်ရခြင်း ဖြစ်ကြောင်း အကျဉ်း ဦးစီးဌာနမှ သိရသည်။
အကျဉ်းဦးစီး ဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သည့် ဒု ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးဇော်ထွန်းက တနိုင်ငံလုံးတွင် အကျဉ်းထောင် ၄၄ ခု ရှိသည့်အနက် ထောင် ၃၀ ခန့်မှာ သတ်မှတ် အကျဉ်းသားများထက် ပိုလျှံနေကြောင်းနှင့် အင်းစိန် ထောင်တွင် အကျဉ်းသား ၅၀၀၀ ဆံ့သော်လည်း ၁၃၀၀၀ နီးပါးရှိနေသဖြင့် ထက်ဝက် ကျော်ကြောင်းကို ပြော သည်။
ထို့ကြောင့် နောက်ဆက်တွဲ ပြဿနာ အဖြစ် လုံခြုံရေး၊ အုပ်ချုပ်ရေးတွင် မနိုင်မနင်း ဖြစ်စဉ်များ ရှိနေကာ ယင်းကို ဦး စားပေး ဆောင်ရွက်ရမည့် ကိစ္စ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
ဦးဇော်ထွန်းက“ဒီခေတ် စနစ်နဲ့ ဥပဒေဟာ အရမ်းကို ကွာခြားနေပြီ။ ဒီဥပဒေဟာ အင်္ဂလိပ်က ထားခဲ့တာဆိုတော့။ ခေတ် စနစ်နဲ့ ကိုယ့်တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲမယ့် အခြေအနေ၊ တိုးတက်လာတဲ့ စံချိန် စံညွှန်း အရ ဒီဥပဒေက ပြင်ကို ပြင်ရ မယ့် ဥပဒေ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် အဓိက ဆွေးနွေးသည့် အကြောင်းအရာများမှာ တနိုင်ငံလုံးရှိ အကျဉ်းထောင် အများ စုတွင် အကျဉ်းသား ဦးရေ ဝင်ဆံ့သည့် အရေအတွက်ထက် ပိုများနေခြင်း၊ အကျဉ်းထောင်များတွင် လူ့အခွင့်အရေး စံချိန် စံညွှန်းနှင့် ညီညွတ်မှု အားနည်းနေခြင်း၊ လက်ရှိ အကျဉ်းထောင် ဥပဒေသည် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီမှု မရှိခြင်း၊ ထောင်အတွင်း၌ အကျဉ်းသား အချင်းချင်း နိုင့်ထက် စီးနင်းပြုမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေခြင်း၊ ဝန်ထမ်းများ အရည်အသွေး မြင့်မားလာစေရန် ဆောင်ရွက်မှုများ အားနည်းနေခြင်း၊ အကျဉ်းသား အခွင့်အရေး၊ ရပိုင်ခွင့်များ အတွက် ကာကွယ် စောင့်ရှောက်ရမည့် လုပ်ငန်းများ ပျက်ကွက်နေခြင်း အစရှိသည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်ထောင်စု လွှတ်တော်မှ အကျဉ်းထောင် ဥပဒေကြမ်းကို နိုင်ငံတကာ စံချိန်စံညွှန်း နှင့် အညီ ဖြစ်စေရေး အတွက် ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်ပြီး လွှတ်တော် အသီးသီးမှ သက်ဆိုင် ရာ ကော်မတီများ၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်၊ မူး ယစ်ဆေး သုံးသူများ ကွန်ရက်၊ လိင် လုပ်သားများ ကွန်ရက် အပါအဝင် အရပ်ဘက် အဖွ့ဲအစည်းများနှင့် အကျဉ်း ဦးစီး ဌာနမှ အရာရှိဟောင်းများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။