ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်တွင်း လမ်းပြ အဖြစ် ခေါ်ဆောင်သွားခံရသည့် အရပ်သားများ မိုင်းထိကာ တဦးသေ ဆုံးပြီး တဦး ဆေးရုံတင်ထားရသည်ဟု သတင်းရရှိသည်။
လမ်းပြ အဖြစ် ခေါ်ဆောင်သွား ခံရပြီး မိုင်းထိသည့် အရပ်သားများမှာ မြောက်ဦး မြို့နယ် စာပေါင်ကျေးရွာမှ ဦးကြာထွန်းအောင်၊ ဦးစနီအောင်နှင့် ဦးမောင်သိန်းကျော် တို့ ဖြစ်သည်။
မတ်လ ၉ ရက်က တပ်မတော် စစ်ကြောင်းများ စာပေါင် ကျေးရွာ အတွင်း ဝင်လာကာ လမ်းပြ အဖြစ် ၎င်းတို့ ၃ ဦးကို ခေါ်ဆောင်သွားပြီး လမ်းတွင် မိုင်းထိခြင်း ဖြစ်သည်ဟု ဦးမောင်သိန်းကျော်က ပြောသည်။
ဦးမောင်သိန်းကျော်က“ကျနော်တို့ကို တပ်မတော် စစ်ကြောင်းက ရွာထဲကို လာခေါ်တာ။ အရှေ့ဘက် တောင်တန်းက မဒီ ဂိတ်ကို သွားမယ်၊ လမ်းပြပေးတဲ့။ အဲဒီလို ပြောပြီး ကျနော်တို့ ၃ ယောက်ကို ရှေ့က ထားပြီး ခေါ်သွားတာ”ဟုပြော ပြ သည်။
စာပေါင် ကျေးရွာ၏ အရှေ့ဘက်ရှိ တောင်တန်းများဆီ သွားမည်ဟု ဆိုကာ လမ်းပြခိုင်းခဲ့ခြင်း ဖြစ်သော်လည်း သွားရ မည့် လမ်းနှင့် နေရာကို မသိကြောင်း၊ စစ်သားများက လမ်းပြဟု ပြော၍သာ လိုက်ပါခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“လမ်းမှာ မိုင်းပေါက်တယ်။ ရှေ့က ကြာထွန်းအောင်က ပေါင်မှာ ထိတယ်။ သူ့အမျိုးသား အင်္ဂါရော အကုန် ပြတ်ထွက် သွား တယ်။ အဲဒီမှာ တခါတည်း ဆုံးသွားတယ်။ စနီအောင် ကတော့ မျက်လုံးတွေ မျက်နှာတွေနဲ့ ခန္ဓာကိုယ်တွေမှာ ထိသွား တယ်။ ကျနော်ကတော့ နည်းနည်းပဲ ထိတယ်”ဟု ဦးမောင်သိန်းကျော်က ပြောပြသည်။
လမ်းပြ အဖြစ် ခေါ်ဆောင်သွားခြင်း ခံရသူများထဲမှ ဦးမောင်သိန်းကျော်က ၎င်းတို့ကို လမ်းပြခိုင်းသည့် တပ်မတော်၊ စစ်ကြောင်း၏ တပ်မ၊ တပ်ရင်း အမှတ်များကို မေးမြန်းခွင့် မရှိသဖြင့် အတိအကျ မသိရသော်လည်း စစ်သားများ၏ အကျီၤတွင် “၂၂” ဟူသည့် တံဆိပ်များ ကပ်ထားသည်ကို တွေ့ခဲ့ရသည်ဟု ဦးမောင်သိန်းကျော် က ပြောဆိုသည်။
မိုင်းထိပြီးနောက်တွင် သေဆုံးသွားသည့် ဦးကြာထွန်းအောင်၏ မိသားစုကို ငွေ ကျပ် ၃ သိန်း၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိသွားသည့် ဦးစနီအောင်ကို ၁ သိန်းကျပ် တပ်မတော် စစ်ကြောင်းများက လာပေးသွားသည်ဟု ဦးမောင်သိန်းကျော်က ပြောသည်။
ဆက်လက်၍ ၎င်းက“ကျနော်ကတော့ မရထားပါဘူး။ ယူလည်း မယူပါဘူး။ အခု ဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော် တို့ကို ဒီလိုလုပ်တာ မတရားဘူးလို့ ပြောချင်တယ်။ ကျနော် အခု ရွာလည်း မပြန်တော့ဘူး။ လေးမြို့မှာပဲ နေနေပါ တယ်”ဟု ပြောဆိုသည်။
မြောက်ဦး မြို့နယ် ရခိုင် အမျိုးသား ပါတီ (ANP) ၏ မြို့နယ် အတွင်းရေးမှူး ဦးထွန်းနီဝင်းက မိုင်းထိထားသည့် ဦးစနီ အောင်ကို သွားကြည့်ရာ မတ် ၁၀ ရက် ညပိုင်းတွင် မြောက်ဦးမြို့ ဆေးရုံ၌ စိုးရိမ်ရသဖြင့် စစ်တွေမြို့ ဆေးရုံသို့ ပြောင်း ရွှေ့လိုက်ကြပြီဟု ပြောသည်။
၎င်းက“ဦးစနီအောင်နဲ့ တွေ့တော့ ဒဏ်ရာက ညာဘက် လက်မောင်းရယ်၊ ရင်ဘတ်ရယ်၊ လည်ပင်းရယ် အထူးသဖြင့် မျက်နှာရယ်။ သူ့မျက်လုံး နှစ်လုံးစလုံး ဖွင့်လို့မရတဲ့ အခြေအနေ ဖြစ်နေပါတယ်”ဟု ပြောပြသည်။
ဦးစနီအောင်သည် ဒဏ်ရာရနေသော်လည်း စကားပြောဆိုနိုင်ပြီး ၎င်းကို တပ်မတော် စစ်ကြောင်းများက လမ်းပြ အဖြစ် ခေါ် သွား၍ လမ်းတွင် မိုင်းထိကြောင်း ပြောဆိုနေသည်ဟုလည်း ဦးထွန်းနီဝင်းက ဆိုသည်။
ဧရာဝတီက တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့် ရှိသူများ ကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရပါ။
မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က တပ်မတော် အနေဖြင့် အရပ်သားများကို စစ် ဆင်ရေး အတွင်း လမ်းပြခိုင်းခြင်းက မဖြစ်သင့်သည့် လုပ်ရပ် ဖြစ်ပြီး အရပ်သားများ မိုင်းထိသည့် ကိစ္စကို တာဝန် ယူ ဖြေရှင်းပေးရန် လမ်းပြခေါ်သည့် တပ်မ၊ တပ်ရင်း အမှတ်များကို စုံစမ်းနေသည်ဟု ပြောသည်။
ဦးထွန်းသာစိန်က“ဘယ်တပ်ရင်း၊ တပ်မ နာမည်တွေဆိုတာ အတိအကျ ရရင် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ဖုန်းနဲ့ ဖြစ်ဖြစ် စာနဲ့ ဖြစ်ဖြစ် အကြောင်းကြားဖို့ မှတ်ထားတယ်။ ကျနော် မေးကြည့်တော့ သူတို့(ဒေသခံ) တွေက တပ် ကို အတိအကျ မပြောနိုင်ဘူး။ တပ်ကို အတိအကျ မပြောနိုင်တော့ ကျနော့်ဘက်က လုပ်ရခက်နေတယ်”ဟုလည်း ပြောဆိုသည်။
မတ်လ ၆ ရက်ကလည်း မြောက်ဦး မြို့နယ် အောက်သားကန် ကျေးရွာတွင် အရပ်သား ၃ ဦး ထင်းခုတ်သွားစဉ် မိုင်း နင်းမိသဖြင့် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိထားသည်။
ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ ယနေ့ထိ ရခိုင်ပြည်နယ် မြောက် ပိုင်းရှိ မြို့နယ်များတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက် ရှိသည်။
မတ်လ ၉ ရက် ညပိုင်းတွင် ပုဏ္ဏားကျွန်း မြို့နယ် ယိုးတရုပ် ရဲစခန်းကို AA က ဝင်ရောက် တိုက်ခိုက်ခဲ့ သဖြင့် ရဲ ၉ ဦး သေ ဆုံးပြီး ၂ ဦး ဒဏ်ရာ ရကာ ၁ ဦး ပျောက်ဆုံးနေသည်။
ထို တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရသေ့တောင် မြို့နယ် အိုးဖောက် နယ်ခြား စောင့်တပ် ရဲစခန်း၊ ချွတ်ပြင် ရဲစခန်း၊ ဘူးသီး တောင် မြို့နယ်ရှိ စေတီတောင် ရဲစခန်း၊ မင်းပြား မြို့နယ်ရှိ ပန်းမြောင်း ရဲစခန်းတို့ ပိတ်သိမ်းပြီး ထိုစခန်းများရှိ ရဲတပ်ဖွဲ့ဝင် များမှာ နီးစပ်ရာ နယ်မြေ ရဲစခန်းများနှင့် ပူးပေါင်းကာ ဆက်လက် တာဝန်ထမ်းဆောင် နေကြသည်။
တဖက်တွင် အပစ်အခတ် ရပ်စဲရေး အတွက် AA ထိပ်သီး ခေါင်းဆောင်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် များကြား တွေ့ဆုံမှုများ ရှိသော်လည်း အပစ်အခတ်ရပ်စဲရေး စာချုပ်များ အပေါ်သဘောထား ကွဲလွဲနေကြဆဲဖြစ်သည်။
စစ်ဆင်ရေး ကာလတွင် တပ်မတော်က အရပ်သားများကို အသုံးပြုနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ် နေသဖြင့် နိုင်ငံတကာ စစ်ရာဇဝတ် ခုံရုံး (ICC) ကို တိုင်တန်းမည်ဟု AA ဘက်က ပြောဆိုထားသည်။
တပ်မတော်ကလည်း AA က တပ်မတော် အယောင်ဆောင်ပြီး အရပ်သားများကို နှိပ်စက်နိုင်သဖြင့် ရခိုင်ပြည်နယ် တွင်း ပဋိပက္ခ ဒေသတွင် ညှဉ်းပန်းနှိပ်စက် ခံရပါက နီးစပ်ရာ ရဲစခန်းနှင့် တပ်စခန်းများကို လာရောက် တိုင်တန်းပါဟု သတင်း ထုတ်ပြန်ထားသည်။