သတင်း

တနင်္သာရီ ဝန်ကြီးချုပ် အပါအဝင် ၄ ဦးအား ရမန်ယူပြီး ထားဝယ် အကျဉ်းထောင် ပို့မည်

Want create site? Find Free WordPress Themes and plugins.

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ ခံထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် GGS ကုမ္ပဏီမှ တာဝန်ရှိသူ ၃ ဦးအား ရမန်ယူပြီး ထားဝယ် အကျဉ်းထောင်သို့ ပို့မည် ဖြစ်ကြောင်း သိရသည်။

တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ လည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/ ၆၃ အရ လည်းကောင်း သီးခြား ပြစ်မှုများ အတွက် သီးခြား စွဲချက်များဖြင့် အမှု(၄)မှု ခွဲ၍ အရေးယူ ဆောင်ရွက်ရန် ထားဝယ် မြို့မ ရဲစခန်း၌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဦးက တရားလိုပြုလုပ်၍ ယမန်နေ့က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် ကော့သောင်းမြို့၌ ထိန်းသိမ်းခံထားရပြီး ယင်းမြို့နယ် တရားရုံးက ခရီးသွား ရမန် ပေးထားကာ ယနေ့ ညနေပိုင်းတွင် ထားဝယ်မြို့သို့ ရောက်ရှိပါက ထားဝယ်မြို့နယ် တရားရုံးတွင် ရမန်ယူပြီး ထားဝယ် အကျဉ်းထောင်သို့ ပို့ဆောင်မည် ဖြစ်ကြောင်း တနင်္သာရီ ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

ယမန်နေ့ ညကတည်းက ထိန်းသိမ်းထားသည့် Global Grand Service (GGS) ကုမ္ပဏီ ဒါရိုက်တာ ဦးအောင်မြတ်ကို ထား ဝယ် မြို့နယ် တရားရုံးတွင် ယနေ့ နံနက်ပိုင်းက ရမန်ယူကာ ထားဝယ် အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း တနင်္သာ ရီတိုင်း ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး စိန်ဝင်းက အတည်ပြု ပြောသည်။

GGS ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေးကို ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်း မြို့မ ရဲစခန်းတွင်လည်းကောင်း၊ ဒါရိုက်တာ ဦးသူရအုံကို တာမွေမြို့မ ရဲစခန်းတွင်လည်းကောင်း ဖမ်းဆီး ထိန်းသိမ်းထားသည်ဟုလည်း ၎င်းက ပြောပြ သည်။

ဒုရဲမှူးကြီး စိန်ဝင်းက“ဖမ်းထားပြီးသားပါ။ ရန်ကုန်က အဂတိ အဖွဲ့တွေ အစီအစဉ်နဲ့ သူတို့ ပို့ပေးတဲ့ အချိန် ကျနော်တို့ဆီ ရောက်လာမှာပါ။ (ဝန်ကြီးချုပ်) လမ်းမှာ လာတုန်းပါ”ဟုလည်း ပြောဆိုသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ရန်ကင်းနှင့် တာမွေ ရဲစခန်းကို မေးမြန်းရန် ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော် လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။

ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိ လိုက်စားမှုများ ကျူးလွန်ကြောင်း တိုင်ကြားစာများနှင့် ပတ်သက်၍ ကော်မ ရှင်က စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ ၂၀၁၉ ဖေဖော်ဝါရီ ၄ ရက်မှ မတ်လ ၆ ရက်နေ့ထိ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ် မြို့များ၌ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကော်မရှင်၏ ယမန်နေ့ ညနေပိုင်းက ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

လတ်တလောတွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ရာထူးကို နယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ယာယီ တာဝန် ယူပေးထားသည်ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

“ထားဝယ် ရဲစခန်းမှာ ကိုအောင်မြတ်တို့ အုပ်စု ရှိတယ် ကြားတယ်။ ဝန်ကြီးချုပ်ကတော့ ကော့သောင်းကနေ ထားဝယ်ကို ဒီနေ့ လေယာဉ်နဲ့ လာမယ် ပြောတယ် ရမန်ယူပြီးတော့။ ရောက်မရောက်တော့ မသိသေးဘူး”ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက ပုံမှန် တိုင်းလွှတ်တော် အစည်းအဝေးသည် ဧပြီ ပထမအပတ်တွင် ပြန်လည် စတင်မည် ဖြစ်သော် လည်း ယခု ကိစ္စ ပေါ်ပေါက်လာ သဖြင့် ဒီကြားထဲ အရေးပေါ် အစည်းအဝေး ခေါ်ယူရလိမ့်မည် ဖြစ်ကြောင်း ရှင်းပြသည်။

“သူ့(ဝန်ကြီးချုပ်)ကိုတော့ ဥပဒေနဲ့ အညီ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးက ထုတ်ပြန်ထားတဲ့ အတိုင်းပဲ ထိန်းသိမ်းပြီး စစ်ဆေးတာတွေ လုပ်မှာပါ”ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ဆက်လက်၍ ၎င်းက“ဒီဘက် အစိုးရမှာ အထူးသဖြင့် ဦးအောင်ကြည် တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ တော်တော်လေး ဖိဖိ စီးစီး လုပ်တယ်။ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကိုလည်း လုပ်ပိုင်ခွင့်ကို ဥပဒေနဲ့ အညီ လွတ်လွတ်လပ်လပ် ပေးထား ပြီး ဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့ သည်းခံ ခွင့်လွှတ်တဲ့ မူဝါဒ မရှိဘူးဆိုတာလည်း ပြောကြားထားပြီး ဖြစ်ပါတယ်။ အဲဒီ အတိုင်း လည်း ကျနော်တို့ ဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု မှတ်ချက် ပြုသည်။

စုံစမ်း စစ်ဆေးရေး အဖွဲ့၏ စစ်ဆေး ဖော်ထုတ်ချက်များ အရ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် ရာထူးတာဝန်ကို အလွဲသုံးစား ပြုကြောင်း၊ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ခြင်း မရှိကြောင်း၊ တံစိုးလက်ဆောင် အဖြစ် ရယူကာ GGS ကုမ္ပဏီကို လုပ်ပိုင်ခွင့်များစွာ ချပေးခဲ့ကြောင်း သိရှိ ရသည်။

သဘာဝ ဓာတ်ငွေ့ဖိုး ကျပ်သန်း ၈၀၀၀ ကျော် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့် စွမ်း အင် ဝန်ကြီးဌာနမှ စိုက်ထုတ် ကျခံခဲ့ရသဖြင့် နိုင်ငံတော် ဘဏ္ဍာငွေများ ထိခိုက်နစ်နာ ဆုံးရှုံးမှု ရှိကြောင်း ပေါ်ပေါက်မှု အပေါ် ယင်း လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီ မှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ် တို့သည် အဂတိ လိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိရသည်ဟုလည်း ကော်မရှင်က ထုတ်ပြန်ထားသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေ ပုဒ်မ ၆၃ တွင် မည်သူမဆို ဤဥပဒေပါ ပြစ်မှု တရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူး ပေါင်း ကြံစည်ခြင်း (သို့) စီမံခန့်ခွဲခြင်း ပြုလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေး ကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံရမည် ဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်စပ် ဖတ်ရှုရန်

တနင်္သာရီ ဝန်ကြီးချုပ် အပါအဝင် ၄ ဦး အဂတိလိုက်စားမှုဖြင့် အရေးယူခံရ

ဝေဖန်မှုများ အတွက် ရှင်းစရာ မလိုဟု တနင်္သာရီတိုင်း ဝန်ကြီးချုပ် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading