ရခိုင်ပြည်နယ်၏ လက်ရှိ အနေအထားအသစ်သည် ပြည်ထောင်စု အတွက်ပါ စိုးရိမ်စရာ ဖြစ်လာပြီဟု နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ယနေ့ နေပြည်တော်၌ သတင်းထောက် များကို ပြောသည်။
သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက“လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးအရရော ကျနော်တို့ရဲ့ ဒီမိုကရေစီ ကူး ပြောင်းရေးအရပါ စိုးရိမ်စရာ အနေအထားတွေ ဖြစ်လာတယ်။ အဲဒီအပေါ်မှာတော့ လူကြီးတွေ ပြန်လည် သုံးသပ်ပြီးတော့ အကောင်းဆုံး လုပ်ပါလိမ့်မယ်။ သူတို့လည်း ဆွေးနွေး ညှိနှိုင်းနေတာတွေ ရှိပါတယ်”ဟု ပြောသည်။
ယခင်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂလီ ပြဿနာနှင့် ARSA တို့သာ ရှိခဲ့သော်လည်း ယခု အခါ လက်နက်ကိုင် အဖွဲ့ များ ထက်တိုးလာနေသည့်အပေါ်တွင် အစိုးရ လူကြီးများမှာ စိတ်ပူပန် လျက်ရှိကြောင်း သိရသည်။
နောက်ဆုံး ဖြစ်ရပ်တခုမှာ မတ်လ ၉ ရက်နေ့ ညပိုင်းက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ် ရဲစခန်းကို ရက္ခိုင့်တပ်မတော် (AA) က ဝင်ရောက် တိုက်ခိုက်သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့ကြောင့် ဒေသအခြေအနေနှင့် ပြည်နယ် အစိုးရ၊ ပြည်နယ် အာဏာပိုင်များ၏ တင်ပြချက်များ အပေါ်မူတည်ပြီး ရခိုင်ပြည်နယ် တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်မှုများ ရှိလာနိုင်ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း AA အဖွဲ့သည် ရခိုင်ပြည်နယ် ဘူသီးတောင်မြို့ နယ်အတွင်းက ရဲကင်းစခန်း ၄ ခုကို ဝင်ရောက် တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရမှ ထုတ်ပြန်ခဲ့သည်။
ရခိုင်အမျိုးသားပါတီ (ANP) အတွင်းရေးမှူး ဦးဦးလှစောက ရခိုင်ပြည်နယ်တွင် AA အဖွဲ့ နှင့် လက် နက်ကိုင် ပဋိပက္ခ ပေါ်ပေါက်လာရခြင်းမှာ ပြည်ထောင်စု အစိုးရ၏ စီမံခန့်ခွဲမှု ညံဖျင်းမှု၊ ပြည်နယ် အစိုးရ၏ ညံဖျင်းမှုများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မဆက်နိုင်ခြင်းနှင့် ပြည်နယ် အတွင်း စီးပွားရေး အခွင့်အလမ်းများ မရှိခြင်းတို့နှင့်လည်း သက်ဆိုင်ကြောင်း ထောက်ပြသည်။
“ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလမ်း မရှိဘူး။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကလည်း မအောင်မြင်ဘူး။ ရခိုင်ပြဿနာ ကို ပြည်ထောင်စု အစိုးရကလည်း စီမံခန့်ခွဲမှု ညံတဲ့အခါ ဒီဘက်က ရယ်ဒီကယ်လိုင်းတွေ တက်လာ တာပေါ့။ အဲဒီလို အကြောင်းတွေ စုံသွားတာ”ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ရှိနေသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ၂ ဖက်စလုံးက ကြိုးစားရမည် ဖြစ်ပြီး ဆွေးနွေးရန် ငြင်းဆန်သူသည် အလွန်ဖြစ်ကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်သူ များမှာ ဒီမိုကရေစီနှင့် ပြည်တွင်း ငြိမ်းချမ်ရေး ဖြစ်စဉ်အပေါ်တွင် ယုံကြည်မှု အားနည်းလာကြောင်း ဦးဦးလှစော က ဆက်လက် ပြောကြားသည်။
“ဒီမိုကရေစီပေါ်မှာ ယုံကြည်မှု မြင့်လာရင် ပင်လုံညီလာခံအပေါ်မှာ ယုံကြည်မှု မြင်လာရင် လက်နက် ကိုင် တော် လှန်ရေး လှုပ်ရှားမှုက ကျမှာပဲ။ ယုံကြည်မှုနည်းလို့ ဖြစ်လာတာ။ ကြားမှာက ပြည်သူက ဓားစားခံ ပဲ” ဟုလည်း သူကဆိုသည်။
သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက AA နှင့် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ငြိမ်းချမ်းရေး တံခါး ပိတ်မ ထားကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် အ ဆင်ပြေပါက လက်ရှိ လက်နက်ကိုင် ပဋိပက္ခကို လျော့ချစေနိုင် မည် ဖြစ်ကြောင်း၊ သို့သော် AA အနေဖြင့် NCA လက်မှတ် ရေးထိုး မည် ဖြစ်ကြောင်းကို ကတိကဝတ် သို့မဟုတ် ၂ ဖက် အပစ်ရပ်စာချုပ် ချုပ်ဆိုရမည် ဖြစ်ကြောင်း ပြောသည်။
“အဲဒီ ကတိကဝတ် ပေးမှလည်း ကျနော်တို့က ဆက်သွားလို့ရမှာ။ အဲဒီသဘောထားကိုလည်း ပွင့်ပွင့် လင်းလင်း ပြောထားပြီး ဖြစ် ပါတယ်။ နိုင်ငံတော် အစိုးရကတော့ အုပ်ချုပ်မှု နယ်မြေမှာ ကိုယ့်ရဲ့ အုပ်ချုပ်ရေး ယန္တရား တည်ငြိမ် အေးချမ်းရေးကိုတော့ ဆောင် ရွက်ရတာ ဖြစ်တယ်”ဟု ပြောသည်။
AA အဖွဲ့ ထံမှ ယခုလို ကတိကဝတ် တောင်းခံရခြင်းမှာ အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီး AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့သည် NCA လက်မှတ် ရေးထိုးပါမည်ဟု ထုတ်ပြန်ခဲ့ပြီး မကြာမီတွင် ရဲစခန်းများကို ဝင်တိုက်ခဲ့၍ ဖြစ်ကြောင်း၊ ကြေညာချက်များနှင့် ဆန့်ကျင်တိုက်ခိုက်မှုများ ရှိခဲ့ဖူးကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။
“အခုဆိုရင် ရခိုင်မှာ ပြည်သူတွေလည်း ကျီးလန့်စားစားပေါ့နော်။ အခု ၁၀ တန်း စာမေးပွဲတွေ ကျင်းပ နေတဲ့ အချိန် မှာတောင် ဒါမျိုး အဲဒီ ၁၀ တန်း ကလေးတွေလည်း တော်တော်များများ တုန်လှုပ်ပြီး တော့ စာကျက်ရတာ အနှောက် အယှက်တွေ ဖြစ်တယ်လို့ ကျ နော်တို့ ကြားတယ်၊ အဲဒီအပေါ်မှာ ကျနော်တို့ စိတ်မကောင်းဘူး”ဟု သူက ပြောသည်။
အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်း အတည်ပြုနိုင်ရန် AA ၏ ပြောခွင့်ရသူ ခိုင်သုခထံ ဧရာဝတီက တယ်လီဖုန်း၊ Message တို့မှ တဆင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ယခုအခါ ရခိုင် ပြည်နယ် အတွင်း ရက္ခိုင့် တပ်မတော် (AA)နှင့် မြန်မာ့ တပ်မတော်တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၁ သောင်းနီးပါး အထိ များလာပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – ယိုးတရုတ် ရဲစခန်းကို AA ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံး