Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲထားသည့် အမှုမှ တရား လိုပြ သက်သေအဖြစ် တင်ပြထားသော မြို့နယ် သံဃနာယက ဥက္ကဋ္ဌက သက်သေ အဖြစ်မှ ပယ်ဖျက်ပေးရန် ယနေ့ ရုံးချိန်း တွင် တင်ပြခဲ့ကြောင်း မဟာအောင်မြေ မြို့နယ် ဥပဒေရုံးက သိရသည်။
မဟာအောင်မြေ မြို့နယ် ဥပဒေရုံးမှ တာဝန်ရှိသူ တဦးက“လိုပြ သက်သေ အဖြစ် တင်ပြထားတဲ့ သံဃ နာယက ဥက္ကဋ္ဌ ဆရာတော်ကို သက်သေ အဖြစ်ကနေ ပယ်ပေးဖို့ လုပ်ထုံး လုပ်နည်းနဲ့ အညီ တင်ပြလာတာ မှန်ပါတယ်။ လာမယ့် အပတ် ရုံးချိန်းမှာ ဒါကို တင်ပြပေးသွားမှာပါ”ဟု ပြောသည်။
တရားလိုပြ သက်သေ အဖြစ် တင်ထားသည့် မဟာ အောင်မြေမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်သည် သူ၏ ဆန္ဒ အရ သက်သေ အဖြစ်မှ ပယ်ပေးရန် ဥပဒေ အရာရှိထံ လျှောက်ထားခဲ့ခြင်းဟု သိရသည်။
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဟာအောင်မြေ မြို့နယ်နေ ဝံသာနု အားမာန်အဖွဲ့(အထက်မြန်မာပြည်)မှ ကိုကျော်မျိုးရွှေက ဆရာတော် ဦးဝီရသူ၏ မိန့်ကြားချက်ဖြင့်၂၀၁၇ခုနှစ် မတ်လ ၇ ရက်က အမှတ်၇ နယ်မြေရဲစခန်း တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ဥပဒေရေးရာ အကြံပေး ရှေ့နေ ဦးကိုနီ အသတ်ခံရသည့် ကိစ္စနှင့် ပတ် သက်၍ ဦးဝီရသူသည် ပြစ်မှု ကျူးလွန်သူများကို ကျေးဇူးတင်ကြောင်းနှင့် ဦးကိုနီအား ခွေးရူးဟု ခိုင်းနှိုင်း၍ ရေးခဲ့သည်ကို ဆရာတော် ဦးစန္တိတမှ လူဝတ်လဲစေသင့်သည့် တတိယ ပါရာဇိက ကံမြောက်သည် ဟူသော ပြောဆိုချက်အား Myanmar Now သတင်းစာတွင် ဖော်ပြ ပါရှိခဲ့သည်။
အဆိုပါ သတင်းအား Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ၎င်း၏ လူမှုကွန်ရက်တွင် မျှဝေခဲ့ခြင်းကြောင့် ဆက် သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် ခံခဲ့ရခြင်း ဖြစ်ပြီး ကိုဆွေဝင်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန် အပြည် ပြည် ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခဲ့ကာ တရားရုံးက အာမခံဖြင့် အမှု ရင်ဆိုင်စေခြင်း ဖြစ်သည်။
တရားလို ဖြစ်သူ ကိုကျော်မျိုးရွှေ၏ ရှေ့နေ ဦးဇော်ဝိတ်က “တကယ်တော့ ဆရာတော်က သူ့ ကျောင်းမှာ လာစစ်ပေးဖို့ အတွက် ကျနော့်ကို ကော်မရှင်နဲ့ လျှောက်ခိုင်းတယ်။ ဒါကြောင့် ဥပဒေနဲ့ အညီ ပုဒ်မ ၅၀၆ အရ လျှောက်ထားခဲ့တာ။ ဒါဟာ တရားရုံးက မပေးတာလေ။ တရားရုံးက မပေးခြင်းသည် ဥပဒေ အရ အမှန်တရားတွေက ကွယ်ပျောက်တော့မယ်” ဟု ပြောသည်။
ကိုဆွေဝင်း၏ ရှေ့နေ ဖြစ်သူ ဒေါ်ရွက်နုအောင်က“သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကတော့ သက်သေ အဖြစ် ပယ်ပေးဖို့ ဥပဒေ အရာရှိကို တိုက်ရိုက် တင်တယ်။ လျှောက်ထားတာ မှန်ပေမယ့် ရှေ့နေက ပါသေးတော့ ရှေ့နေနဲ့ ဥပဒေအရာရှိ က ဒီအပေါ်မှာ ဘယ်လိုလုပ်မလဲ ဆိုတာ အမှုသည်နဲ့ တခါ တင်ပြမယ် ဆိုပြီးတော့ လုပ်ထားတယ်”ဟု ပြောဆိုသည်။
ယနေ့ ရုံးချိန်းတွင် တရားလိုဘက်မှ သက်သေ အဖြစ် ထွက်ဆိုရန် ကျန်ရှိသော လိုပြ သက်သေ ဦးဝီရသူနှင့် မဟာ အောင် မြေ သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်တို့အား မဟာအောင်မြေ မြို့နယ်၊ သံဃမဟာ နာယကရုံးခန်း၌ အမှုစစ် ဆေး ရန် လျှောက်ထားမှုကို ခရိုင်တရားရုံးက ပယ်ချခဲ့သည့် အတွက် မြို့နယ် တရားရုံးသို့ အဆိုပါ အမှုတွဲ ပြန်လည် ရောက်ရှိ လာသည်။
ရှေ့နေ ဦးဇော်ဝိတ်က“ဆရာတော် ဆိုတာကလည်း မြို့နယ် သံဃနာယက ဥက္ကဋ္ဌပါ။ ဂုဏ်သိက္ခာတွေ ရှိတယ်။ ဒီလို ကိစ္စတွေမှာ များသောအားဖြင့် ပြစ်မှုဆိုင်ရာ တွေမှာ ကြွဖို့ မသင့်တဲ့ အနေအထား သူတို့ဘက်က မြင်ပါလိမ့်မယ်။ အဲဒါ ကြောင့်မို့ သူတို့ကျောင်းမှာပဲ မျှမျှတတဖြစ်အောင် စစ်ဆေးပေးဖို့ အတွက် ဆရာတော် ကိုယ်တိုင် ထောက်ခံပြီး တင်ခဲ့ တယ်။ တရားရုံးမှာ မြို့နယ်က မပေးလို့ ခရိုင်ကို တက်ခဲ့တယ်။ ဒါပေမယ့်မြို့နယ်ကလည်း မပေးဘူး၊ ခရိုင်ကလည်း မပေး ဘူး၊ မပေးတဲ့ အပေါ်မှာ ဖြစ်လာတဲ့ ဆရာတော် ဆန္ဒ၊ အဲဒီတော့ ဥပဒေ အရာရှိနဲ့ ညှိရဦးမှာ ပါ။ တရားလိုပြ သက်သေ ကိုယ်တိုင်က အစစ်မခံချင်ရင်တော့ တမျိုးတော့ စဉ်းစားရမှာပေါ့”ဟု ပြောသည်။
တရားလိုဘက်မှ သက်သေ အဖြစ် ထွက်ဆိုရန် ကျန်ရှိသော မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်၊ ဦးဝီရသူနှင့် ကိုကျော်စွာထွန်း တို့အား လာမည့် ရုံးချိန်း၌ တရားလိုပြ သက်သေ အဖြစ် လာရောက် ထွက်ဆိုရန် တရားရုံးဆင့်စာ ထုတ်သွားမည်ဖြစ်ပြီး ရုံးချိန်းကို မတ်လ ၂၅ ရက်၊၂၆ ရက်များ၌ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။
ကိုဆွေဝင်း၏ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင်က “သက်သေတွေက တရားလိုဘက်က တင်ပြထားတဲ့ သက်သေတွေ ဖြစ် တယ်။ လာရင်လည်း စစ်မယ်၊ မလာရင်လည်း အဲဒီ အပေါ်မှာတော့ ဘာမှ ပြောစရာ အကြောင်းမရှိဘူး။ သက်သေပြဖို့ တာဝန်ဟာ တရားလိုဘက်မှာပဲ ရှိတယ်။ အဲဒီတော့ မလာနိုင်ဘူး ဆိုပြီးတော့မှ ဆရာတော်က လျှောက်ထားတယ်လို့ သိရ တော့ မလာနိုင်တဲ့ အခြေအနေမျိုး ဆရာတော်ဆီမှာ ရှိမယ်လို့ ကျမတို့ ယူဆတယ်” ဟု ပြောဆိုသည်။
အဆိုပါ အမှုသည် ယနေ့ ရုံးချိန်း အပါအဝင် ရုံးချိန်းပေါင်း ၅၀ ကျော်ပြီ ဖြစ်သလို ၁ နှစ်နှင့် ၇ လကျော် ကြာမြင့်နေပြီ ဖြစ် ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန်
ဦးဝီရသူကို သီးခြားသက်သေယူရန် လျှောက်လှဲချက် ကိုဆွေဝင်း ရှေ့နေကန့်ကွက်
အမျိုးသားရေးဝါဒီများ၏ တရားစွဲမှု သတင်းသမား ဘဝပျက်နိုင်