သတင်း

လွှတ်တော် တိုင်ကြားစာ ကော်မတီသို့ ပြည်ထဲရေး အများဆုံး တိုင်ကြားခံရ

Want create site? Find Free WordPress Themes and plugins.

အမျိုးသား လွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာ ကော်မတီထံသို့ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပတ်သက်ပြီး အများဆုံး တိုင်ကြား ခံရကြောင်း သိရသည်။

ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းကြိုင် က“အများဆုံး အရေး ယူခံရတဲ့ အဖွဲ့အစည်း ကတော့ ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အကျဉ်းဦးစီးဌာန ပြည်ထဲရေး ဝန်ကြီး ဌာန မှ ဖြစ်ပါတယ်။ အရာထမ်း စုစုပေါင်း အယောက် ၃၀ ဖြစ်ပါတယ်။ အမှုထမ်း စုစုပေါင်း အားလုံး ၂၅ ဦးနဲ့ အားလုံး ၅၅ ဦး အရေးယူ ဆောင်ရွက်ခံရပါတယ်”ဟု ပြောသည်။

မတ်လ ၁၁ ရက်က အမျိုးသား လွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာကော်မတီ အစီရင်ခံစာနှင့် ပတ်သက်၍ လုပ်ငန်းဆိုင်ရာ အစီအရင် ခံစာ ၂/၂၀၁၈ ကို အမျိုးသား လွှတ်တော်သို့  ကော်မတီ၏ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဖတ်ကြား တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းကြိုင်က“ပြည်ထဲရေး ဝန်ကြီးဌာနကို အမှုတွဲ ၁၅၀ ပေးပို့ခဲ့ပါတယ်။ ၈၁ စောင် ပြန်ကြားခဲ့တဲ့ အတွက်၊ ၆၉ စောင် ပြန်ကြားရန် ကျန်ရှိပါတယ်။ ပြန်ကြားရန် ကျန်ရှိတဲ့ အထဲမှာ ပြည်ထဲရေး ဝန်ကြီး ဌာနက အများဆုံး ဖြစ်ပါတယ်”ဟု ပြော သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ တိုင်ကြားခဲ့သည့် စုစုပေါင်း အမှု ၇၄၀၃ စောင် လက်ခံ ရရှိကြောင်း၊ အများဆုံး တိုင်ကြားခံရသည့် ဝန်ကြီး ဌာနမှာ ပြည်ထဲရေး ဝန်ကြီး ဌာန ဖြစ်ပြီး စိုက်ပျိုး ရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန မှာ ဒုတိယ အများဆုံး တိုင်ကြားခံရသည့် ဝန်ကြီးဌာန ဖြစ်ကာ သာသနာရေးနှင့် ယဉ် ကျေးမှု ဝန်ကြီး ဌာနမှာ တတိယ အများဆုံး တိုင်ကြား ခံရသည့် ဝန်ကြီး ဌာန ဖြစ်ကြောင်း  သိရသည်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနက စုစုပေါင်း အရာထမ်း ၃ ဦး၊ အမှုထမ်း ၁၇ ဦး စုစုပေါင်း ၂၀၊ သဘာဝ သယံ ဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သစ်တော ဝန်ကြီးဌာနက စုစုပေါင်း အရာထမ်း ၈ ဦး အမှုထမ်း ၂၆ ဦး စုစုပေါင်း ၃၄ ဦး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လယ်ယာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ  အရာ ထမ်း ၄ ဦး၊ အမှုထမ်း ၉ ဦး စုစုပေါင်း ၁၃ ဦး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက အရာထမ်း ၃ ဦး၊ အမှု ထမ်း ၃ ဦး စုစုပေါင်း ၆ ဦး အရေးယူ ဆောင်ရွက်ခဲ့သည်ဟု ဦးဝင်းကြိုင်က ဆိုသည်။

ထိုသို့ တိုင်ကြားခံရသည့် ဝန်ကြီးဌာနများမှ အရာထမ်း ၆၀ ကျော်နှင့် အမှုထမ်း ၈၀ ကျော် စုစုပေါင်း ၁၅၀ ကို အရေးယူ ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ဦးဝင်းကြိုင်က ပြောဆိုသည်။

မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူလွင် က တိုင်ကြားစာများ တွင်  ပြည်ထောင်စု အပိုင်းနှင့် တိုင်းနှင့် ပြည်နယ် အပိုင်းဟူ၍ ၂ ပိုင်းခွဲခြားထားကြောင်း ၊ ပြည်ထောင်စု အပိုင်းမှ တိုင်ကြား စာကို ၇၀ ရာခိုင်နှုန်းခန့် ပြန်ကြားပြီး ၊ တိုင်းနှင့် ပြည်နယ်မှ အမှုများကို ၂၀ ရာခိုင်နှုန်းခန့်သာ  ပြန်ကြားနိုင်မှု များ ရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။

ဦးပြူးလွင်က“ကော်မတီကို တိုင်ကြားမယ် ဆိုရင် ကာယကံရှင် ကိုယ်တိုင် လာရောက် တိုင်တန်းသင့်သလို သူကိုယ် တိုင် ခံစားနေရတဲ့ ဖြစ်ရပ်မှန်ကို တိုင်ကြားရန် လိုအပ်ပါတယ်။ အကိုးအကား အထောက်အထားနဲ့ သက်သေ သာဓက နဲ့ တိုင် ကြားရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည် ထောင်စု အဆင့် ဝန်ကြီးဌာန များ၊ သက်ဆိုင်ရာ တိုင်း၊ ဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့များ အဂတိ လိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့မှုများကြောင့် ဝန်ကြီး ဌာနများမှ အရာထမ်း၊ အမှုထမ်း၊ တရား ရေး ဝန် ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများကို အလုပ်မှ ထုတ် ခြင်း၊ ရာထူး လျှော့ချခြင်း၊ နှစ်တိုး လစာ ရပ်ဆိုင်းခြင်း၊ ရာထူးတိုး ရပ်ဆိုင်းခြင်း၊  မှတ်တမ်းတင် စာနှင့် သတိပေးခြင်း တို့ကို ဆောင်ရွက် ခဲ့သည် ဟု ပြည်သူတို့၏ တိုင်ကြားခြင်း ဆိုင်ရာ ကော်မတီက ပြောဆိုသည်။

၂ နှစ် အတွင်း ပြည်သူတို့ ၏ တိုင်ကြားစာ ဆိုင်ရာ ကော်မတီသည် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့များ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ၊ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော် ၊ တရား လွှတ်တော်များ၊ ပြည်ထောင်စု ရှေ့နေချုပ် ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ၊ နေပြည်တော် ကောင်စီ၊ အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များသို့ အမျိုးသား လွှတ်တော် ရုံးမှ တဆင့် အမှုတွဲများကို တင်ပြခဲ့ပြီး ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ တိုင်ကြားစာများ ပေးပို့ တိုင်ကြားခြင်းသည် ကိုယ်တိုင် ကိုယ်ကျ မျက်နှာချင်းဆိုင် လာရောက် တိုင်ကြား သကဲ့ သို့ ထိရောက်ကြောင်း၊ ရာနှုန်းပြည့် ဆောင်ရွက်နိုင်မှု အခြေအနေ မရှိသေးသော်လည်း ယခု နောက်ပိုင်း အရေး ယူမှု ပိုင်း တွင်လည်း မြင့်တက်လာပြီ ဖြစ်ကြောင်း ဦးဝင်းကြိုင်က ဆိုသည်။

အဂတိ လိုက်စားမှုကြောင့် တိုင်ကြားစာ အများဆုံး ပေးပို့ခံရသည့် ဝန်ကြီးဌာန ၁၄ ခုကို အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး အဖွဲ့ (CPU) က နည်းပညာ သင်တန်းများ ပေးပို့လျက် ရှိပြီး၊ အဂတိ လိုက်စားမှု အမြင့်ဆုံး ဖြစ်နေသည့် ဝန်ကြီးဌာန ၁၄ ခုမှာပြည်သူ လူထုနှင့် အမြဲတမ်း တွေ့ထိရသည့် ဌာနများဖြစ်ခြင်းကြောင့် ထိုသို့ သင်တန်းပို့ချ၍ အသိ ပညာ ပေးခြင်းဖြင့် ပြည်သူလူထုနှင့် အစိုးရကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြောရေးဆိုခွင့် ရှိသူ ဦးကျော်စိုးက ဖေဖော်ဝါရီ ၆ ရက်ကပြုလုပ်သည့် သတင်း စာ ရှင်းလင်းပွဲတွင် ပြောသည်။

အဂတိ လိုက်စားမှု ကော်မရှင်သို့ တိုင်ကြားစာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ တိုင်စာအမှုပေါင်း ၁၀၇၄၇ စောင်ရေ ရှိပြီး တိုင်ကြားစာ အရေအတွက် အများဆုံး ရောက်ရှိမှုမှာ ရန်ကုန်တိုင်း ဒေသကြီး မှ ၂ ထောင်ကျော်နှင့် မန္တလေးတိုင်း ဒေသကြီးမှ ၁၈၃၇ စောင် ရှိကြောင်း ကော်မရှင်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာကော်မတီ ၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် များ ရှိပါက အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးသွင်းရန် လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း က ကြေညာခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading