အီသီယိုးပီယား လေကြောင်းလိုင်းမှ ဘိုးအင်း 737 MAX အမျိုးအစား ခရီးသည်တင် လေယာဉ် ယမန်နေ့ညက ပျက်ကျ ပြီးနောက် ယင်းလေယာဉ် အမျိုးအစားကို တရုတ် လေကြောင်းလိုင်းများ၌ သုံးစွဲပျံသန်းခြင်း ဆိုင်းငံ့ထားရန် တရုတ်လေကြောင်း ကြီးကြပ်ရေးအဖွဲ့က ယနေ့ အမိန့်ထုတ်လိုက် သည်။
ယမန်နေ့က အီသီယိုးပီးယား မြို့တော် အဒစ္စ ဘာဘာမှ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ ပျံသန်းသည့် အဆိုပါ ခရီးသည်တင် လေယာဉ်သည် ပျံတက်ပြီး မကြာမီ အဒစ္စဘာဘာမြို့ အရှေ့တောင်ဘက် ၆၂ ကီလိုမီတာအကွာ ဘီရှော့ဖ်တူမြို့ အနီးမှာ ပျက်ကျခဲ့တဲ့ အတွက် လိုက်ပါလာသူ ၁၅၇ ဦးလုံး သေဆုံး ခဲ့သည်။
ဘိုးအင်း ကုမ္ပဏီထုတ် 737 MAX လေယာဉ်ပျက်ကျမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ပထမအကြိမ်မှာ ပြီးခဲ့သည့်နှစ် အောက်တို ဘာလက အင်ဒိုနီးရှားမှ Lion Air လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်သည်လည်း ဂျကာတာမြို့မှ အတက် ၁၃ မိနစ်အတွင်း ပျက်ကျသွားခဲ့သည့် အတွက် ခရီးသွားသည်နှင့်လေယာဉ်ဝန်ထမ်း ၁၈၉ ဦးလုံး သေဆုံးခဲ့ရသည်။
တရုတ်လေကြောင်းအာဏာပိုင်အဖွဲ့(CAAC) က “လေယာဉ်ပျက်ကျမှု နှစ်ခုစလုံးဟာ ဘိုးအင်းက အသစ်ထုတ်တဲ့ 737-MAX တွေပဲဖြစ်နေပါတယ်။ တက်တဲ့အချိန်မှာ ပျက်ကျပုံချင်းလည်း တော်တော် လည်း တူနေပါတယ်” ဟု ဆိုသည်။
၎င်းထုတ်ပြန်သော အမိန့်သည် ဘေးကင်း စိတ်ချရမှု သတ်မှတ်ချက်ဘောင် အတွင်း လုံးဝအန္တရာယ် မရှိသည့် အခြေအနေ (zero-tolerance)ရောက်မှ သုံးစွဲကြရန် ကန့်သတ်လိုက်ခြင်းဖြစ်သည်။
အင်ဒိုနီးရှား ခရီးသည်တင် လေယာဉ်ပျက်ကျမှုကိုလည်း စုံစမ်းစစ်ဆေးဆဲပင် ရှိသေးသည်။
လေယာဉ်မှူး အခန်းမှ အသံဖမ်း မှတ်တမ်းတင် ကိရိယာကို ပြန်မဖော် ထုတ်နိုင်မီ ပြီးခဲ့သည့် နိုဝင်ဘာ လက ထုတ်ပြန်ခဲ့ သော ပဏာမ အစီရင်ခံစာ တစောင်တွင် လေကြောင်း ထိန်းသိမ်း ပြုပြင်ရေးနှင့် လေ့ကျင့်ရေးကို အလေးပေးဖော်ပြထားပြီး မကြာသေးမီက ပြန်လည် အစားထိုးထားသော အာရုံခံ ကိရိယာတွင် ဘိုးအင်း Anti-Stall စနစ်ကို တုံ့ပြန်ဝေဖန်ထားသော် လည်း ပျက်ကျရခြင်း အကြောင်းရင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။
တရုတ်လေကြောင်းလိုင်းများတွင် လက်ရှိပျံသန်းပြေးဆွဲနေသော ဘိုးအင်း 737 MAX လေယာဉ် ပေါင်း ၉၆ စင်းရှိကြောင်း နိုင်ငံပိုင် ကုမ္ပဏီကြီးကြပ်ရေးအဖွဲ့က Weibo တွင် သတင်းထုတ်ပြန် ထားသည်။
737 MAX လေယာဉ်များ နေရာတွင် 737-800 မော်ဒယ် အမျိုးအစား လေယာဉ်များကို အစားထိုး သုံးစွဲ ပျံသန်းရန် စီစဉ်ထား ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးသတင်းများ တင်ဆက်နေသော တရုတ်အစိုးရပိုင် သတင်းဌာနဖြစ်သည့် Caijing သတင်း ဖော်ပြထားသည်။
အမည်မဖော်လိုသူ အမေရိကန်အရာရှိတဦးကမူ “အမေရိကန်နိုင်ငံတွင် 737 MAX ကဲ့သို့ ဘေးကင်း စိတ်ချရမှုစံချိန် အပြည့်အ၀ လိုက်နာမှုရှိသည့် လေယာဉ်မျိုး အခြားမရှိကြောင်း၊ အီသီယိုးပီးယား လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ သတင်းအချက်အလက် မသိရသေးကြောင်း ဆိုသည်။
FlightRadar24 ဝက်ဘ်ဆိုက်၏ အဆိုအရ တနင်္လာနေ့၊ ဂရင်းနစ်စံတော်ချိန် ၀၀း၄၃ နာရီက တရုတ်လေပိုင်နက်အတွင်း မည်သည့် ဘိုးအင်း 737 MAX 8 မှ ပျံသန်းခဲ့ခြင်းမရှိကြောင်း သိရသည်။
Cayman လေကြောင်း လုပ်ငန်းကလည်း နောက်ထပ်သတင်း မရမချင်း 737 MAX အသစ် နှစ်စင်းလုံးကို မြေပြင်၌ပင် ထားရှိမည် ဖြစ်ကြောင်း Cayman Islands လေကြောင်းက ၎င်း ဝက်ဘ်ဆိုက်မှ ကြေညာသည်။
ဒေသတွင်း၌ SilkAir အမည်ဖြင့် 737 MAX လေယာဉ်များသုံး၍ ဝန်ဆောင်မှုပေးနေသော စင်ကာပူ လေကြောင်းလိုင်း များက ၎င်းတို့အနေဖြင့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ သို့သော် ၎င်းလေယာဉ်များကို ရေးဆွဲထား သောခရီးစဉ်များအတိုင်း ဆက်လက်ပျံသန်းသွားမည် ဖြစ်ကြောင်း ဆိုသည်။
ဆက်စပ် ဖတ်ရှု့ရန် –
မြန်မာလေကြောင်းလိုင်းများကို အနီးကပ် ကြည့်ရှုခြင်း အပိုင်း – ၁
မြန်မာလေကြောင်းလိုင်းများကို အနီးကပ် ကြည့်ရှုခြင်း အပိုင်း – ၂