အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တနင်္သာရီ ဝန်ကြီးချုပ် အပါအဝင် GGS ကုမ္ပဏီမှ တာဝန်ရှိသူ ၃ ဦးတို့ အား အရေးယူနိုင်ရေး အတွက် သက်သေ ၉၀ ကျော် စစ်ဆေးခဲ့ရကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က ပြောသည်။
ယင်းကော်မရှင်၏ ပြောရေးဆိုခွင့် ရှိသူ ဦးကျော်စိုးက“သက်သေ အယောက် ၉၀ ကျော် လောက်ကို စစ်ရပါတယ်။ ဒီသက်သေထဲမှာ လုပ်ငန်းရှင်တွေ ပါတယ်။ ဒီလုပ်ငန်းရှင် ကလည်း ပြည်တွင်း/ ပြည်ပ ခရီးသွားတဲ့ သူတွေ ရှိတယ်။ ကျနော်တို့ နည်းနည်းတော့ အချိန်ယူခဲ့ရတယ်။ အရေးကြီးတဲ့ သက်သေ တယောက်ဆို မတ်လ ၃ ရက် မှ ပြည်ပခရီးစဉ် က ပြန်ရောက်လို့ ၄ ရက်မှ စစ်နိုင်တဲ့ အနေအထားတွေ ဒီလောက်ထိ အကုန်လုံး လိုက်ပြီးမှ အသေးစိတ် စစ်ရပါတယ်” ဟု ဧရာဝတီကို ပြောပြသည်။
တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/ ၆၃ တို့ဖြင့် သီးခြား ပြစ်မှုများ အတွက် သီးခြား စွဲချက်များဖြင့် အမှု(၄)မှု ခွဲ၍ အရေးယူ ဆောင်ရွက်ရန် ထားဝယ်မြို့မ ရဲစခန်း၌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဦးက တရားလို ပြုလုပ်၍ မတ်လ ၁၀ ရက်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အမှုနှင့် ပတ်သက်၍ ကော်မရှင် အနေဖြင့် စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ကာ ၂၀၁၉ ဖေဖော်ဝါရီ ၄ ရက်မှ မတ်လ ၆ ရက်ထိ ၁ လကျော်ကြာ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့များတွင် စုံစမ်း စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရ ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။
လေယာဉ်ကွင်း ခြုံရှင်းသည့် ကိစ္စ၊ ဝန်ကြီးချုပ်ပိုင် အိမ်ကို ခြံစည်းရိုး ကာခိုင်းပြီး ကျသင့်ငွေ မပေးသည့် ကိစ္စ၊ ၎င်း၏ အိမ်ကို ကျသင့်ငွေထက် တန်ဖိုး ၆ ဆခန့် မြှင့်ပြီး ကုမ္ပဏီကို ရောင်းသည့် ကိစ္စ၊ အိမ်ကို ဝယ်သွားသည့် ကုမ္ပဏီသည် ထားဝယ် တွင် လျှပ်စစ် ဓာတ်အားပေး လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီ ဖြစ်နေခြင်း ယင်း ၄ ချက်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ငြိစွန်းနေသည်ကို စစ်ဆေး ပေါ်ပေါက်သည့် အတွက် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်စိုးက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက တနင်္သာရီတိုင်း လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံတော် သမ္မတထံ ပေးပို့သည့် တိုင်စာကို ကော်မရှင်က စစ်ဆေးပေးရန် သမ္မတရုံးမှ ပေးပို့လာသည့် တိုင်စာနှင့် ဒေသခံများက ပေးပို့လာသော တိုင်စာ၊ အဆိုပါ တိုင် ကြားစာ ၂ စောင်မှ အချက်များ ဆွဲထုတ်လိုက်သည့် အခါ တိုင်ကြားချက် ၁၂ ချက် ရှိပြီး မည်သည့် အချက်များ က အဂတိ ဥပဒေဖြင့် ငြိစွန်းကြောင်း စုံစမ်း စစ်ဆေးခဲ့ရသည်ဟု ဆိုသည်။
ယင်းသို့ စစ်ဆေးရာတွင် ၂၀၁၆ ကတည်း ကိစ္စရပ်များလည်း ပါဝင်သည့် အတွက် ထိုအချိန်က အစည်းအဝေး မှတ်တမ်း များ၊ စာရင်းဇယားများကို စစ်ဆေးခဲ့ရကြောင်း၊ စုံစမ်း စစ်ဆေးရေး အဖွဲ့တွင် စုံစမ်း စစ်ဆေးရေးမှူးများ အပြင် ပြည်ထောင် စု စာရင်းစစ် ချုပ်ရုံးမှ ညွှန်ကြားရေးမှူး၊ ဆောက်လုပ်ရေး ဝန်ကြီး ဌာန ဒု ညွှန်ကြားရေးမှူးချုပ် တို့အပြင် ကျွမ်းကျင် ပညာရှင်များကိုပါ အဖွဲ့ဝင်အဖြစ် ထည့်သွင်းပြီး စစ်ဆေးခဲ့ကြောင်း ဦးကျော်စိုးက ပြောသည်။
ယင်းကဲ့သို့ အသေးစိတ် စစ်ဆေးမှုများ၊ မြေပြင် ကွင်းဆင်း စစ်ဆေးမှုများကြောင့် ကော်မရှင်၏ စုံစမ်း စစ်ဆေးမှု ကြန့်ကြာ နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
တိုင်ကြားချက်များနှင့် ပတ်သက်၍ နောက်ထပ် အရေးယူရန် ကျန်ရှိသေးလားဟု ဧရာဝတီက မေးမြန်းရာ“ဒါကတော့ အ ဂတိ လိုက်စားမှု ဥပဒေ ၂၀(ဃ)မှာ ပါတယ်။ ကျနော်တို့ ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးလို့ရတဲ့ ကိစ္စတွေကို အခုလို သတင်း ထုတ်ပြန်ပါတယ်”ဟုသာ ပြန်လည် ဖြေကြားသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၂၀(ဃ)တွင် စိစစ်ချက်နှင့် စုံစမ်းစစ်ဆေးနေသည့် ကိစ္စရပ် အသီးသီး ကို လျှို့ဝှက်ထားရှိရမည်ဟု ပြဋ္ဌာန်းထားသည်။
ဦးကျော်စိုးက“ဒါက လက်ရှိ ကျနော်တို့ တွေ့ရှိချက် လေးတွေကို တိုင်ကြားချက် အပေါ်မှာ အဂတိ ဥပဒေနဲ့ ငြိစွန်းတဲ့ အချက် ၄ ချက် အရ ဝန်ကြီးချုပ်နဲ့ ကုမ္ပဏီက တာဝန်ရှိသူ ၃ ဦးကို တရားစွဲဖို့ ဆောင်ရွက်တာပါ”ဟု ဆက်လက် ပြော သည်။
ယခုကဲ့သို့ အဂတိ ကော်မရှင်၏ အရေးယူမှုများနှင့် ပတ်သက်၍ ထားဝယ် ဒေသမှ တိုင်ကြားစာ ပေးပို့ရာတွင် ပါဝင်သူ တဦးက“အကုန်လုံးတော့ မပြီးသေးဘူးလို့ ထင်တယ်။ နောက်ထပ် ဘာတွေ လုပ်သွားမလဲဆိုတာကို စောင့်ကြည့်ရဦး မယ်”ဟု မှတ်ချက်ပြုသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ နိုင်ငံရေး ရာထူး လက်ရှိ ဖြစ်သူ (သို့) နိုင်ငံရေး ရာထူး လက် ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ် ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ဒေါက်တာ လဲ့လဲ့မော်နှင့် Global Grand Services (GGS) ကုမ္ပဏီ ဒါရိုက်တာ ဦးအောင်မြတ်ကို မတ်လ ၁၁ ရက်မှ စတင်၍ ထားဝယ် ထောင်အချုပ်တွင် ရမန်ယူ ထိန်းသိမ်းထားပြီး GGS ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး နှင့် ဒါရိုက်တာ ဦးသူရအုံ တို့ကို ရန်ကုန်တိုင်း ရန်ကင်းနှင့် တာမွေ ရဲစခန်း တို့တွင် ဖမ်းဆီး ထိန်းသိမ်းထား ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အမှုဖွင့် ထိန်းသိမ်းပြီး တရက်အကြာ မတ်လ ၁၁ ရက်တွင် ၎င်းကို တာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။