ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မြစ်ကြီးနား သတင်းဂျာနယ်တိုက်မှ အမှုဆောင် အရာရှိ ၂ ဦးနှင့် အမျိုးသမီး သတင်းထောက် တဦးကို သခင်စစ် သတ္တု တူးဖော်ရေး ကုမ္ပဏီက အသရေဖျက်မှုနှင့် တရားစွဲဆို ထားသည်ဟု သတင်း ရရှိသည်။
တရားစွဲဆို ခံရသူများမှာ အမှုဆောင် အရာရှိ (၁) ဦးဘရန်မိုင်၊ အမှုဆောင် အရာရှိ (၂) ဦးဇော်ခွန်းနှင့် သတင်း ထောက် မမွန်းမွန်းပန်တို့ ဖြစ်သည်။
ဦးဘရန်မိုင်က“တရားရုံးရဲ့ဆင့်ခေါ်စာက ထုတ်ထားတာ မတ် ၇ ရက်။ ကျနော်တို့ လက်ထဲကိုတော့ ဒီနေ့ မွန်းလွဲပိုင်း မှာ ရတာပါ။ မတ် ၁၈ ရက် ၁ နာရီခွဲထက် နောက်မကျဘဲ မပျက်မကွက် တက်ရောက် ရမယ်လို့ ရေးထားပါတယ်။ အမှုက ပုဒ်မ ၅၀၀ တခု တည်းပါ” ဟု ပြောသည်။
တရားစွဲဆိုရသည့် အကြောင်းရင်းမှာ ဖေဖော်ဝါရီ၂၅ ရက်ထုတ် မြစ်ကြီးနား ဂျာနယ်၏ စာမျက်နှာ ၁၂ ပါ “မန်ဒေါင် ကျေး ရွာ အုပ်စုတွင် တရုတ် တစ်သျှူးငှက်ပျော စိုက်ပျိုးသည့် ကုမ္ပဏီနှစ်ခု ဝင်ရောက် လုပ်ကိုင်နေ”ဟူသည့် ခေါင်းစဉ် နှင့် သတင်းကို မကျေနပ်ခြင်းကြောင့် သခင်စစ် ကုမ္ပဏီဘက်မှ အသရေ ဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးဘရန်မိုင်က“သူတို့ စိုက်တယ်လို့ မပြောထားဘူး။ သူတို့က သူတို့ စိုက်တယ်လို့ ရေးထားတယ် ဆိုပြီး ခံယူနေတာ။ ကျနော်တို့ဘက်က စိုက်ပျိုးသွားမည့် လို့ပဲ ရေးထားတာ။ စိုက်ပျိုးလာနိုင်တယ်ပေ့ါ နောက်ပိုင်း၊ စိုက်ပျိုးနေသည်လို့ ထည့် မရေးထားဘူး”ဟု ပြောသည်။
သတင်းထောက် မမွန်းမွန်းပန်က ၎င်းရေးသားသည့် သတင်း အချက်အလက် အားဖြင့် မှားယွင်းခြင်း မရှိသောကြောင့် မှန်ကန်သည့် သတင်း ဖြစ်သည်ဟု ပြောသည်။
မြစ်ကြီးနား ဂျာနယ်၏ သတင်းတွင် ဝိုင်းမော် မြို့နယ်၊ မန်ဒေါင်ကျေးရွာ အုပ်စု အတွင်း တရုတ် ကုမ္ပဏီများက တစ်သျှူး ငှက်ပျော စိုက်ခင်းများ ဝင်ရောက် စိုက်ပျိုးနေ သဖြင့် ဒေသခံများက ကန့်ကွက်စာ တင်သည့် အကြောင်းကို ရေးသား ထားခြင်း ဖြစ်သည်။
ထို့နောက် တစ်သျှူး ငှက်ပျော စိုက်မည့် သခင်စစ် ကုမ္ပဏီကလည်း ဇန်နဝါရီလ ၁၈ ရက်တွင် မန်ဒေါင်ကျေးရွာ အုပ်စုရှိ လူထုနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး အတွက် လမ်းဖောက်ခြင်းနှင့် စိုက်ခင်း စိုက်ရန် ပြင်ဆင်နေသည့် အကြောင်းများကို ဒေသခံများက ပြန်လည် ပြောပြသည်များကို သတင်းထဲ၌ ပါရှိသည်။
ဒေသခံများက ငှက်ပျော စိုက်ပျိုးမှုကြောင့် ကျေးရွာတွင်း မြေဆီလွှာ ပျက်စီးခြင်း၊ ခြံအတွင်း ပိုးသတ်ဆေးများ အသုံးပြု ခြင်း ကြောင့် သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုး ဖြစ်မည်ကို စိုးရိမ် သဖြင့် အုပ်ချုပ်ရေးမှူးများနှင့် အာဏာပိုင်များထံ ငှက်ပျော စိုက်ခင်းများကို ကန့်ကွက်ကြောင်း စာတင်ထားကြသည်ကိုလည်း ထည့်သွင်း ရေးသားထားသည်။
သခင်စစ် သတ္တု တူးဖော်ရေး ကုမ္ပဏီ ပိုင်ရှင် ဦးဒိန်ဆောင်သည် မြစ်ကြီးနား ဂျာနယ်တွင် ဖော်ပြသည့် သတင်းကို မကျေ နပ်သဖြင့် သတင်းထောက် မမွန်းမွန်ပန်နှင့် သတင်းထောက် ကိုအားဂျယ် တို့ကို ကုမ္ပဏီခြံဝင်း အတွင်း ချုပ်နှောင်ကာ ဂျာ နယ်ဖြင့် ပါးရိုက်ခြင်း၊ ထိုင်ထ အခါ တသိန်း လုပ်ခိုင်းခြင်း၊ ငွေ သိန်း ၅၀ လျော်ကြေး ပေးရမည်ဟု တောင်း ခံခြင်း များကို ဖေဖော်ဝါရီလ ၂၇ ရက်က ပြုလုပ်ခဲ့သည်။
မမွန်းမွန်းပန်က ၎င်းကို ကုမ္ပဏီဝန်ထမ်း အမျိုးသားများ ဝိုင်းချုပ်နှောင်ကာ ခြံဝင်း အတွင်း ဆွဲခေါ်ပြီး ဆဲဆိုခြင်း၊ ဂျာနယ်ဖြင့် ပါးရိုက်ခြင်းများ ပြုလုပ် သဖြင့် ဦးဒိန်ဆောင်အား ညစ်ညမ်းစွာ ဆဲဆိုမှု ပုဒ်မ ၂၉၄ ၊ ပြစ်မှု ကျူးလွန်ခြင်းကို အားပေးမှု ပုဒ်မ ၁၁၄ ၊ နာကျင်စေမှု ပုဒ်မ ၃၂၃ ၊ မတရား ချုပ်နှောင်မှု ပုဒ်မ ၃၄၁ ၊ အမျိုးသမီးကို ကာယိန္ဒြေ ပျက်ပြား စေမှု ပုဒ်မ ၃၅၄ တို့ ဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်က ဝိုင်းမော်မြို့နယ် ရဲစခန်း၌ အမှုဖွင့်ထားသည်။
ဝိုင်းမော် မြို့နယ် ရဲစခန်းက အမှုကို တရားရုံးတင်ရန် အတွက် ယနေ့ထိ အမှု တည်ဆောက်နေဆဲ ဖြစ်ကြောင်း သိရ သည်။
ဦးဒိန်ဆောင်က ဖေဖော်ဝါရီလ ၂၈ ရက်တွင် ၎င်းကို မြစ်ကြီးနား ဂျာနယ်က သတင်း ရေးသားကာ အသရေ ဖျက်သည်ဟု ဆိုပြီး ဝိုင်းမော်မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ကာ ပုဒ်မ ၅၀၀ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
မြစ်ကြီးနား ဂျာနယ်၏ ရှေ့နေ ဦးတင်ထွန်းသိန်းက“ပုဒ်မ ၅၀၀ဆိုတာ ကင်းလွတ်ချက်တွေ အများကြီး ရှိတာပဲ။ ကင်းလွတ် ချက်ထဲမှာ အကျုံးဝင်မယ် ဆိုရင် ကျနော်တို့ လူဘက်က ပုဒ်မ ၅၀၀ နဲ့ ငြိစွန်းခြင်း မရှိရင်တော့ အမှု မမြောက်ဘူးပေါ့ဗျာ။ ကင်းလွတ်ချက် ဝင်မဝင် ဆိုတာကတော့ အမှုစစ်ဆေး သွားရမှာပါ”ဟု ပြောသည်။
ဧရာဝတီမှ သခင်စစ် သတ္ထုတူးဖော်ရေး ကုမ္ပဏီသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
အသရေ ဖျက်မှု ပုဒ်မ ၅၀၀ သည် တရားရုံးမှ ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်ချက်ချပါက ပြစ်ဒဏ် အဖြစ် ၂ နှစ်ထိ အလုပ် မဲ့ ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်ငွေ ဖြစ်စေ သို့မဟုတ် ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။