တိုင်းနှင့် ပြည်နယ်များတွင် ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်များက ရွေးချယ် ခန့်အပ်ခွင့် အမြန်ဆုံးပေး အပ် ခြင်းသည် ပြေရာပြေကြောင်း လမ်းစများ ဖြစ်လာမည့် အမှန်တရား၊ အရှိတရားများ ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးက ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ)က တင်သွင်းထားသည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင် ခံစာအပေါ် ဆွေးနွေးစဉ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ပြောဆို လိုက်ခြင်း ဖြစ်သည်။
လက်ရှိကာလတွင် ဖြစ်ပေါ်နေသည့် ကချင်ပြည်နယ် မတည်ငြိမ်မှု၊ ရှမ်းပြည်နယ်၏ အကွဲအပြဲ၊ ကယားပြည်နယ်၏ ဆူဆူပူပူ ဖြစ်မှု၊ ကရင်ပြည်နယ်၏ မြေယာ ပြဿနာ၊ ကရင်ပြည်နယ်၏ မြေယာပြဿနာ၊ မွန်ပြည်နယ်၏ တံတားကိစ္စ၊ တနသာၤရီတိုင်း၏ အရှုပ်အ ရှင်းကိစ္စတို့သည် ဝန်ကြီးချုပ်ကို ကိုယ်တိုင် ရွေးချယ်ခွင့် မရှိသည့် ကိစ္စနှင့် သက်ဆိုင်ကြောင်း ယင်းတပ်မတော်သား ကိုယ်စား လှယ်က ပြောသည်။
“အရေးကြီးဆုံး ဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ သေရေးရှင်ရေး ကိစ္စတွေဟာ ကိုယ့်ဒေသ၊ ကိုယ့် ဝန်ကြီးချုပ် ကိုယ့် စိတ်ကြိုက် အမြန်ဆုံး ခန့်အပ်ခြင်းအားဖြင့် ပြေရာပြေကြောင်း လမ်းစတွေ ဖြစ်လာမယ်ဆိုတဲ့ အမှန်တရား၊ အရှိတရား ခေါင်းမာမာနဲ့ လက်မခံ ငြင်းပယ်ရာ ရောက်နေပါတယ်”ဟု ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက မတ်လ ၁၂ ရက်နေ့က လွှတ်တော်တွင် ပြောသည်။
အတိုက်အခံ ကြံ့ခိုင်ရေးပါတီမှ ဦးသိန်းထွန်း တင်သွင်းသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို တိုက်ရိုက် မဆောင်ရွက်ဘဲ လူပုဂ္ဂိုလ် ၄၅ ဦးဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအောက်သို့ ထည့်သွင်းသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော် မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာကို တပ်မတော်သား ကိုယ်စားလှယ်များက မတ်လ ၁၂ ရက်နေ့တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြ သည်။
ယခု အစီရင်ခံစာကြောင့် မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာပါက အစီရင်ခံစာကို ထောက်ခံပေး ထားသည့် ဥပ ဒေကြမ်း ကော်မတီဝင် ၂၅ ဦးနှင့် လွှတ်တော်က တာဝန်ယူ၊ တာဝန်ခံရမည်ဟု ပြည်သူလူထုရှေ့ မှောက် တွင် သတိပေးလိုက်သည် ဟု ယင်းတပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ပြော သည်။
“ကိုယ့်ဒေသ လွှတ်တော်က ကိုယ့်ဝန်ကြီးချုပ် ခန့်အပ်ရေးအတွက် ဥပဒေနဲ့အညီ ပြင်ဆင်ဆောင်ရွက်တာကို နှောင့်နှေး အောင် လုပ် တာဟာ ဒီကနေ့ ပြည်ထောင်စုက အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က တဆင့် ဒီမိုကရေစီ ဖက်ဒရယ် တည် ဆောက်ရေးကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
တပ်မတော်နှင့် ကြံခိုင်ရေးပါတီက ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို တွန်းအားပေးနေပြီး ဗဟို အစိုးရ၏ အာဏာများ လျှော့ချ ၍ တိုင်းနှင့် ပြည်နယ်များကို အာဏာတိုးပေးခြင်းသည် ဖက်ဒရယ် သဘောအရ မူအားဖြင့် မှန်သော်လည်း ယင်းဒေသများတွင် နိုင်ငံရေး ပါတီ များ အားနည်းပါက တပ်မတော်မှ ဝန်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိသည်ဟု ရခိုင်အမျိုးသား ပါတီမှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ တိုင်းနှင့် ပြည်နယ် လွှတ်တော်များတွင် ရွေးချယ်ခံ ကိုယ်စားလှယ် ဦးရေ၏ ၃ ပုံ ၁ ပုံကို တပ်မတော်မှ ပါဝင်ခွင့် ရရှိထားသဖြင့် ယင်းပုဒ်မ ပြင်ဆင်အပြီးတွင် တပ်မတော်က နိုင်ငံရေးတွင် ပိုမိုပါဝင်ပတ်သက်လာမည်ကို တိုင်းရင်းသားတချို့က စိတ်ပူလျက်ရှိသည်။
“အဲဒါကြောင့် တချို့ကလည်း ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်ကိုပဲ ခန့်ရမယ် ဆိုပြီးတော့ ဆွေးနွေးချက် တွေလည်း ရှိ တယ်။ အဲလို ဆိုရင် ပိုကောင်းတာပေါ့။ ဒါကို တပ်က လက်ခံနိုင်မလား။ NLD ကလည်း လက်မခံ၊ တပ်ကလည်း လက်မခံဆိုရင် ၂၆၁ ပြင်ဆင်ရေးက တိုင်းရင်းသားတွေအတွက် ကိုယ့်အခွင့်အရေး လက်လွှတ်သွား မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်”ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရမည်ဟု ပါတီများ၊ အဖွဲ့ အစည်းများက တပြိုင်တည်း ပြောဆိုနေကြ သော်လည်း လွှတ်တော်ထဲသို့ ရောက်လာသည့်အခါ ဆွေးနွေးသည့် အသံထက်၊ ဥပဒေနှင့် မညီဘူးဆိုသည့် ဝေဖန် စွပ်စွဲသံများ၊ ပြင်းပြင်းထန်ထန် ကန့်ကွက်သည့်အသံများ ကြားနေရသဖြင့် နိုင်ငံအနာဂတ်အတွက် ရင်လေးမိကြောင်း အာဏာရ NLD ပါတီမှ အမျိုးသား လွှတ် တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောသည်။
“ကိုယ်စားလှယ်တဦးအနေနဲ့ ကန့်ကွက်ပိုင်ခွင့် ရှိပေမယ့် ဥပဒေနဲ့ ညီတယ်မညီဘူးဆိုတာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ သက်ဆိုင်ရာ ခုံရုံး က လုပ်ရမယ့် အလုပ်ပဲ ဖြစ်ပါတယ်။ တဖက်မှာလည်း All Inclusive ဖြစ်အောင် ပိုမိုကောင်း မွန်တဲ့ ရလဒ်တွေ ထွက်ပေါ် လာ အောင် ပြည်ထောင်စု လွှတ်တော်ကြီးက အတည်ပြု ဖွဲ့စည်းထားတဲ့ ၄၅ ဦး ကော်မတီ ရှိပြီး ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
နိုင်ငံနှင့် လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များအပေါ် မည်သည့် ကိုယ်စားလှယ်မဆို လွှတ်တော်ထဲ အဆို တင်သွင်း ခွင့် ရှိကြောင်း၊ ယင်းအဆိုတွင် အမြင်မတူပါက ဒီမိုကရေစီ နည်းကျ မဲခွဲဆုံးဖြတ်ခြင်းသည် လွှတ်တော်၏ အစဉ်အလာ ဖြစ်ခြင်းကို ဥပဒေနှင့် မညီဟု ပြောဆိုခြင်းသည့် ပထမအကြိမ် လွှတ်တော် သက်တမ်း ကလည်း ယခုလို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမျိုး ဝင်း ထောက်ပြခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ တခုတည်းကို တိုက်ရိုက် မပြင်ဆင်ဘဲ လွှတ်တော်က ဖွဲ့စည်းပေးထားသည့် ဖွဲ့ စည်းပုံ ပြင်ဆင် ရေး ပူးပေါင်း ကော်မတီအောက်သို့ ထည့်သွင်းရန် အားထုတ်မှုသည် ဥပဒေနှင့် မညီ၍ သဘော မတူနိုင်ကြောင်း တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များက ပြောဆိုပြီး မဲခွဲဆုံးဖြတ်၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လွှတ်တော်က အတည်ပြုခြင်းကိုလည်း ၎င်းတို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၈၄ တွင် နိုင်ငံသားတိုင်းသည် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို လိုက်နာစောင့်ထိန်း ရန် တာဝန်ရှိသည်ဟု ဖော်ပြထားရာ ယခုအခါ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှသည် ဖျက်ဆီး ရေးသို့ ဦးတည်နေသည့် လူထု လှှုံဆော် မှုများကို အစိုးရက ထိန်းကျောင်းပေးရန် လိုကြောင်း ကြံ့ခိုင်ရေးပါတီမှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက လွှတ်တော်တွင် ဆွေးနွေးသည်။
လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဆောင်ရွက်မှု လမ်းကြောင်းတခုတည်းကသာ အမှန်ဖြစ်ပြီး အခြား ရပ်တည် ချက် သဘောထားများကို ပိတ်ဆို့ထားခြင်းသည် အာဏာရှင် နိုင်ငံရေး၏ လက်သုံးနည်းလမ်းလိုမျိုး ဖြစ်နေ ကြောင်း တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးတင်လင်းက လွှတ်တော်တွင် ပြောသည်။
“ဒါကြောင့် ဉာဏ် အမြော်အမြင် ကြီးမြတ်ပါသော ကိုယ်စားလှယ်တော်ကြီးများ အနေနဲ့ ယခုကိစ္စမှာ စဉ်းစား သုံးသပ် ဆုံးဖြတ်နိုင် ကြပါစေလို့ ဆန္ဒပြပါတယ်”ဟု ယင်ဗိုလ်မှူးက ပြောဆိုသည်။
၂၆၁ ပြင်ဆင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မတ်လ ၆ ရက်နေ့ကပင် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ပြီး ယနေ့တွင်လည်း ၁၀ ဦး ဆွေးနွေးခဲ့ရာ ဆွေးနွေးရန် စာရင်းပေးထားသူ ၆၈ ဦး ရှိသဖြင့် ဆက်လက် ဆွေးနွေးကြဦးမည် ဖြစ်သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ဦး ရှိကြောင်း သိရသည်။
ယခု ဆွေးနွေးလျက်ရှိသည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင် နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူညီမှု ရရုံဖြင့် ပြင်ဆင်နိုင်သည့် ပုဒ်မတခု ဖြစ်သည်။