မြန်မာ့ ကမ်းရိုးတန်းနှင့် ရေပြင်ကို ကာကွယ် စောင့်ရှောက်ရန် ဖွဲ့စည်းမည့် ကမ်းခြေစောင့်တပ်ကို သမ္မတရုံးက အရပ်ဘက် အဖွဲ့အစည်း အဖြစ် ထားရှိလိုသော်လည်း တပ်မတော်ကမူ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းရန် စီစဉ် လျက် ရှိကြောင်း သိရသည်။
ကမ်းခြေစောင့် တပ်ဖွဲ့အား ကာကွယ်ရေး ဝန်ကြီးဌာန အောက်တွင် ထည့်သွင်း ဖွဲ့စည်းပြီး တပ်မတော်၏ ကွပ်ကဲမှု အောက် တွင် ထားရှိ၍ သက်ဆိုင်ရာ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေး လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူပြီး ဖွဲ့စည်း တာဝန် ပေးအပ်ရေး ဆောင်ရွက်လျက် ရှိကြောင်း ကာကွယ်ရေး ဒု ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ယနေ့ လွှတ်တော်၌ ပြော သည်။
ယနေ့ ပြည်သူ့ လွှတ်တော်တွင် ကျောက်တန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၏ ပင်လယ်ရေကြောင်း လုံခြုံရေး အတွက် လုံခြုံရေး အင်အား တိုးမြှင့်ပေးခြင်း နည်းပညာ အပါအဝင် အခြေခံ လိုအပ်ချက်များ တိုးမြှင့် ထောက်ပံ့ နိုင်ရေး အစိုးရတွင် အစီအစဉ် ရှိ မရှိ မေးမြန်းချက်ကို ဖြေကြားစဉ် ဗိုလ်ချုပ် မြင့်နွယ်က ပြောဆိုခြင်း ဖြစ်သည်။
ဗိုလ်ချုပ် မြင့်နွယ်က“သက်ဆိုင်ရာ အဖွဲ့အစည်းများကြား သတင်း အချက်အလက်များ ရယူ ဖလှယ်ကာ အချိန်နှင့် တပြေး ညီ ဆုံးဖြတ်၊ တုံ့ပြန် ဆောင်ရွက်သွားခြင်းဖြင့် မြန်မာ့ ပင်လယ်ပြင်အား ပိုမို လုံခြုံ၊ စိတ်ချစွာ ကာကွယ်၊ စောင့်ရှောက် သွား နိုင်မှာ ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
ကမ်းခြေစောင့် တပ်ဖွဲ့အား ဖွဲ့စည်းပြီးပါက မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီး ဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၊ ရေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ ရေ အရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန စသည့် ရေကြောင်း ဆိုင်ရာ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူ ကိုယ်စားလှယ်များ ပါဝင်သော Integrated Common Center (ICC) တခု ဖွဲ့စည်း တည်ထောင်၍ တပ်မတော်(ရေ)မှ ဦးဆောင်မည် ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (ပို့/ဆက်) တွင် ကမ်းခြေ စောင့်တပ် ဖွဲ့စည်းနိုင်ရေး အစည်းအဝေး တခု ပြုလုပ်ခဲ့ပြီး ကမ်းခြေစောင့်တပ်ကို သမ္မတရုံးက အရပ်ဘက် အဖွဲ့ အစည်းတခု အဖြစ် တည်ဆောက်ရန် ဆန္ဒ ရှိကြောင်း ပို့/ဆက် ဝန်ကြီး ဦးသန့်စင်မောင်က မီဒီယာများသို့ ထုတ်ဖော် ပြောဆို ထားသည်။
နိုင်ငံ၏ လုံခြုံရေးသာမက တရားမဝင် မူးယစ်ဆေး၊ လူကုန်ကူးမှုနှင့် တရားမဝင် လက်နက် သယ်ဆောင်မှုများကိုပါ စောင့်ကြည့် ထိန်းချုပ်နိုင်ရန် အတွက် ကမ်းခြေစောင့် တပ် လိုအပ်ရာ တပ်မတော်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ ကမ်းခြေစောင့်တပ် ဖွဲ့စည်းနိုင်ရေး အတွက် ဆွေးနွေးပွဲများ ပြုလုပ်နေပြီး ရလဒ်များကို သမ္မတရုံးသို့ တင်ပြသွား မည်ဟု ၎င်းက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ၏ ပုဒ်မ ၃၃၈ တွင် “နိုင်ငံတော်၏ လက်နက်ကိုင် အဖွဲ့ အားလုံးသည် တပ်မတော်၏ ကွပ်ကဲ မှု အောက်တွင် ရှိရမည်” ဆိုသည့် အချက်နှင့် ပုဒ်မ ၃၃၉တွင် “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ် ရေး အတွက် တပ်မတော်က ဦးဆောင်ရမည်” ဟု ပြဋ္ဌာန်းထားသည့် အတွက် ကမ်းခြေစောင့် တပ်ကို ကာကွယ်ရေး ဝန်ကြီး ဌာန အောက်တွင် ထားမည်ဟု တပ်မတော်က ပြောဆိုသည်။
ယနေ့ လွှတ်တော်တွင် မေးခွန်းမေးမြန်းသူ ကျောက်တန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ကမ်းခြေစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အစည်းအဝေးများ ပြုလုပ် နေသည်ဟု ကြားသိရသော်လည်း မည်သည့် ဝန်ကြီးဌာန၏ လက်အောက်တွင် ထားရှိမည်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ ရကြောင်း၊ ကမ်းခြေစောင့်တပ်သည် တချို့ နိုင်ငံများတွင် အရပ်သား၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် အခြေအနေများ လည်း ရှိသည်ဟု လေ့လာဖူးကြောင်း ပြောသည်။
“ကျမတို့ နိုင်ငံ အနေအထားနဲ့ ဆိုရင် ဘယ်ဟာက အကောင်းဆုံး ဖြစ်မလဲ ဆိုတာကတော့ အားလုံး ဝိုင်းပြီးတော့ စဉ်းစားဖို့ လိုတယ်။ ကျမ အစိုးရိမ်ဆုံးက ဌာနတခုနဲ့တခု ချိတ်ဆက် ဆောင်ရွက်ဖို့ပဲ။ ဘယ်ဝန်ကြီး ဌာနအောက် ရှိနေစေကာမူ တာဝန် ရှိသူတွေကြားမှာ ချိတ်ဆက် ဆောင်ရွက်မှု အားကောင်းဖို့ လိုအပ်တယ်”ဟု ၎င်းက လွှတ်တော် ခေတ္တရပ်နားစဉ် သတင်းထောက်များကို ပြောသည်။
ပြီးခဲ့သည့်နှစ်က သဘောၤတစီး ရန်ကုန်မြို့ ကျောက်တန်းမြို့နယ် အနီးသို့ ဝင်ရောက်လာသည့် ကိစ္စကိုမူ ရွာသား ဒေသခံ များ သတင်းပေးမှ သိရှိခဲ့ရကြောင်း၊ ကျောက်တန်း မြို့နယ်တွင် ပင်လယ်နှင့် ထိစပ်နေသည့် ရွာပေါင်း ၁၀ ရွာတွင် ၄ ရွာ၌ တပ်စခန်း ချထားခြင်း၊ ရေကြောင်း ရဲတပ်ဖွဲ့များ ရှိသော်လည်း ယင်းကိစ္စကို မသိရခြင်းမှာ စိုးရိမ်စရာ ကောင်းကြောင်း ဒေါ်အေးမြမြမျိုးက ထောက်ပြ ပြောဆိုသည်။
တပ်မတော်(ရေ) အနေဖြင့် မြန်မာ့ ကမ်းရိုးတန်း တလျှောက်တွင် ကမ်းရိုးတန်း စောင့်ကြည့် ရေဒါ (Radar) တပ်ဆင်ခြင်း များကို အရေးကြီး အချက်အခြာ ရေလမ်းကြောင်းများ နေရာတွင် တပ်ဆင်ခဲ့ပြီး ဖြစ်သော်လည်း ကမ်းရိုးတန်း တခုလုံးကို ခြုံငုံမိစေရန် ရေဒါများ ဆက်လက် တပ်ဆင်နိုင်ရေး ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း၊ သို့သော် ရေယာဉ် စောင့်ကြည့်ရေး စနစ် မရှိသေးကြောင်း ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင် ရှင်းပြသည်။
“ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ရေယာဉ် စောင့်ကြည့်ရေး စနစ် တပ်ဆင် အကောင်အထည် ဖော်နိုင်ခြင်း မရှိသည့် အတွက် တပ်မတော် (ရေ) ကမ်းရိုးတန်း စောင့်ကြည့် ရေဒါများဖြင့် တန်ချိန် ၃၀၀ နှင့်အထက် ရေယာဉ်များကို ရန်သူ၊ မိတ်ဆွေ၊ ခွဲခြားနိုင်သော်လည်း တန်ချိန် ၃၀၀ အောက် ရေယာဉ်များ ဖြစ်သည့် ငါးဖမ်းရေယာဉ်များနှင့် အခြား ရေယာဉ် များအား ရေဒါပုံရိပ် ဖမ်းယူရရှိသော်လည်း ရန်သူ၊ မိတ်ဆွေ စိစစ် ခွဲခြားနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်”ဟု ဗိုလ်ချုပ် မြင့်နွယ်က ပြောသည်။
မြန်မာ့ရေပြင် ဧရိယာ ၁၄၄၉၁ စတုရန်းမိုင် ကျယ်ဝန်းပြီး ကမ်းရိုးတန်း ၁၂၆၀ ဒသမ ၀၅၆ ရှည်လျားသော မြန်မာ့ ပင်လယ် ပြင်ကို ကာကွယ်ရန် တပ်မတော်(ရေ)နှင့် အခြား ရေကြောင်း ဆိုင်ရာ အဖွဲ့အစည်းများနှင့် အတူပူးပေါင်း ဆောင်ရွက်ပြီး ပင်လယ်ပြင် အတွင်း တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များ အဓိက ဆောင်ရွက်ရသည့် ကမ်းခြေစောင့် တပ်ဖွဲ့အား နိုင်ငံတကာ နည်းတူ ဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်လျက် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုသည်။
ကမ်းခြေစောင့် တပ်ဖွဲ့များ အနေဖြင့် မြန်မာ့ ပင်လယ်ပြင် တရား ဥပဒေ စိုးမိုးရေး၊ လုံခြုံရေး၊ ပင်လယ် ဓားပြရန် ကာကွယ် ရေး၊ ကုန်သွယ် ရေကြောင်းလိုင်းများ ရေယာဉ်နှင့် ဆိပ်ကမ်းများ ဘေးကင်း လုံခြုံရေး၊ ရေကြောင်း မတော်တဆမှုများ စုံစမ်း စစ်ဆေးရေး၊ ပင်လယ်ပြင်ရှိ ကမ်းခြေ သယံဇာတနှင့် ငါးလုပ်ငန်း အထိ ရေကြောင်း အကျိုးစီးပွားများအား ကာကွယ် စောင့် ရှောက်ရေး၊ ပင်လယ်ပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး၊ ရေထုညစ်ညမ်းမှု ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး တို့ကို ဆောင်ရွက်မည်ဟု ဆိုသည်။
ထို့ပြင် ရေကြောင်း နယ်နိမိတ် စောင့်ကြပ် ကြည့်ရှုရေး၊ မြန်မာ့ကမ်းရိုးတန်း တလျှောက် သွားလာနေသော အပန်းဖြေ စက်တပ် ရွက်လွှင့် ခရီးစဉ်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဆောင်ရွက်နေသော ကျွန်းများရှိ အပန်းဖြေစခန်း၊ အပန်းဖြေ ပြည်သူများနှင့် ရေလုပ်သားများ၏ လုံခြုံရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် ကူညီ စောင့်ရှောက်ပေးရေး စသည် တို့ကို အဓိက ဆောင်ရွက်ရသော်လည်း မြန်မာနိုင်ငံ၌ လက်ရှိ အချိန်တွင် ကမ်းခြေစောင့် တပ် ဖွဲ့စည်းထားခြင်း မရှိ၍ ယင်း တာဝန် ဝတ္တရားများကို တပ်မတော် (ရေ) က တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိကြောင်းလည်း သိရသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ ပြည်တွင်း ငါး ခိုးလှေ ၉၄ စီး၊ ပြည်ပ ငါးခိုးလှေ ၉၃ စီး၊ ငါးမိုင်းခွဲလှေ ၃၉ စီး၊ မှောင်ခိုလှေ ၃၀၊ စည်ကမ်းပျက် ငါးဖမ်းလှေ ၁၀၀၊ မူးယစ်ဆေးဝါး သယ်ဆောင်လှေ ၇၇ စီး၊ သစ်ခိုးလှေ ၂၆၀၊ လူမှောင်ခို လှေ ၁၇ စီး၊ တရားမဝင် ဆီတင်လှေ ၅ စီး၊ ကွဲျ၊ နွား၊ ဆိတ် မှောင်ခိုလှေ ၅၃ စီး၊ တရားမဝင် စက်တပ် လက်ခတ် လှေ ၇ စီး၊ စုစုပေါင်း ၇၆၆ စီး၊ မြန်မာနိုင်ငံသား တရားခံ ၃၆၇၇ ဦး၊ နိုင်ငံခြားသား တရားခံ ၁၅၉၈ ဦး၊ စုစုပေါင်း ၅၂၇၅ ဦး ဖမ်းဆီး ပေးနိုင်ခဲ့ပြီး ဖမ်းဆီးရမိမှု ငွေ တန်ဖိုးမှာ ကျပ်ဘီလီယံ ၂၂၀ ကျော် ရရှိခဲ့ကြောင်း တပ်မတော်(ရေ)က ဆိုသည်။
တပ်မတော်(ရေ) အနေဖြင့် စစ်ရေယာဉ်များဖြင့် ကြည့်ရှု၊ စောင့်ကြပ်၊ ထောက်လှမ်းခြင်းများ အပြင် အရေးကြီး အချက် အခြာ ရေလမ်းကြောင်းများတွင် ကမ်းရိုးတမ်း စောင့်ကြည့် ရေဒါများ တပ်ဆင်ပြီး လည်းကောင်း၊ တပ်မတော်(လေ)နှင့် ပူးပေါင်း၍ ပင်လယ် ရေကြောင်း ကင်းထောက် လေယာဉ်များဖြင့် ကင်းလှည့်ခြင်းဖြင့် လည်းကောင်း၊ ကမ်းရိုးတန်း တလျှောက်နှင့် မြန်မာ့ ရေပြင် ပိုင်နက်တွင် ဖြတ်သန်း သွားလာလျက် ရှိသော ရေယာဉ်များကို စောင့်ကြပ် ကြည့်ရှု ထောက်လှမ်းလျက် ရှိသည်ဟု သိရသည်။
ဆက်စပ် ဖတ်ရှုရန်
သောင်တင်နေသည့် ပိုင်ရှင်မဲ့သင်္ဘောကို စစ်ဆေးနေ