ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်မြို့နယ်အတွင်း အမှိုက်သိမ်းစနစ်အား ပုဂ္ဂလိကလုပ်ငန်း အဖြစ် လွဲပြောင်း လုပ်ကိုင်ရန် စီစဉ်ထားကြောင်းသိရသည်။
ပြည်မြို့နယ်အတွင်း လက်ရှိ အမှိုက်သိမ်း ဝန်ဆောင်မှုကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ကိုင် လျှက်ရာ အားနည်းချက်များရှိပြီး အထွေထွေ ကုန်ကျ စရိတ်မှာ ကောက်ခံရရှိသည့် အခွန်ခထက် များ စွာ ပိုမိုနေခြင်းနှင့် မကြာမီဝင်ရောက် ယှဉ်ပြိုင်မည့် အာဆီယံ အသန့်ရှင်းဆုံးမြို့ ဖြစ်လာနိုင်ရေး ရည် ရွယ်ချက်ဖြင့် ယခုလိုပြောင်းလဲ လုပ်ကိုင်စေရန် ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။
“တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြန် တင်ပြပြီးတာနဲ့ အကောင်အထည်ဖေါ်မယ်။ သြင်္ကန်အပြီး မှန်း ထားတယ်။ ကြမ်းခင်း ဈေး သိန်း ၃၆၀ သတ်မှတ်ပြီး တင်ဒါခေါ်မယ်။ တင်ဒါခေါ်ပြီး တလ အတွင်း လုပ်ငန်းတွေဖေါ်ဆောင်ပါမယ်” ဟု ဦးကျော်ဇေယျက ပြောသည်။
ပြည်မြို့နယ်တွင် အမှိုက်သိမ်း ဝန်ဆောင်မှု ဝင်ငွေမှာ အမှိုက်သိမ်း ကုန်ကျစရိတ်၏ ဆယ်ရာခိုင်နှုန်း သာရှိပြီး၊ စီးပွားရေး လုပ်ငန်းများထံမှ ကောက်ခံရရှိသည့် အမှိုက်ခွန်အား တိတိကျကျ ကောက်ခံရရှိ ရန် အားနည်း ချက်များ လည်းရှိ နေကြောင်း ၎င်းက ဆက်ပြောသည်။
“အိမ်ထောင်စုတွေကို ကောက်တဲ့ အမှိုက်ခွန်က ဘာမှမဟုတ်ဘူး၊ ထိထိရောက်ရောက် တိတိကျကျ ကောက်ဖို့လိုတာ စီးပွားရေး အမှိုက်ခွန်ပါ၊ အစိုးရ စည်ပင်က ပေးတဲ့ ဝန်ဆောင်မှုမှာ ပျက်ကွက်မှု တွေရှိနေတယ်။ အောက်ခြေ ဝန်ထမ်းတွေ ယာဉ်မောင်းတွေက အမှိုက်သိမ်းတဲ့ အခါ ဆိုင်တွေကနေ သူတို့ချင်း နားလည်မှု ယူပြီးတော့ အခွန်အနေနဲ့ တိတိကျကျ ရရှိခြင်း မရှိလို့ အစိုးရက မရဘူး။ ဒါပေမယ့် အမှိုက်ခွန် ဝန်ဆောင်မှုအတွက်ကတော့ ကုန်နေတယ်။ စီးပွားရေး အမှိုက်ခွန် အားလုံးကို လည်း စနစ်တကျကောက်မယ် ဝန်ဆောင်မှုကိုလည်း ဒီထက်ကောင်းအောင်တိုးတက်အောင်လုပ်မယ်။” ဟု ဦးကျော်ဇေယျကပြောသည်။
အမှိုက်သိမ်း စနစ်သစ်တွင် ရပ်ကွက် နေအိမ်များအား ညနေ ၅ နာရီ နောက်ပိုင်း တပတ်လျှင် ၆ ရက် ၊ စီးပွားရေး စား သောက်ဆိုင်များတွင် ည ၁၁ နာရီမှ နံနက် ၂ နာရီထိ၊ ညဈေးတွင် နံနက် ၅ နာရီ တို့ဖြစ်ပြီး အစိုးရ ကျောင်း၊ အစိုးရ ဆေးရုံ များတွင် အခမဲ့၊ စည်ပင်သာယာ ဈေးများ၌ ယခင်အတိုင်း စည်ပင်သာယာရေး အဖွဲ့ကကောက်ခံ မည်ဖြစ်ကြောင်း သိရ သည်။
ဝန်ဆောင်ခ နှုန်းထားများမှာ တလလျှင် စားသောက်ဆိုင်၊ KTV၊ ဈေးဆိုင်၊ ရုပ်ရှင်ရုံ၊ ပုဂ္ဂလိကဆေးရုံ၊ ကစားကွင်း၊ စက်မှု လုပ်ငန်း၊ ဝပ်ရှော့၊ ကုမ္ပဏီ၊ ဘဏ်၊ ဘော်ဒါဆောင်နှင့် စီးပွားရေးလုပ်ငန်းများကို ၁၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်၊ RC တထပ်၊ နှစ်ထပ်မှ ၇ ထပ်ထိ ၂၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်၊ သာမန် နေအိမ်များအား ၁၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ထားကြောင်း သိရသည်။
“ပြည်သူတွေ အနေနဲ့လည်း တင်ဒါ ကုမ္ပဏီကို အမှိုက်မပစ်ဘူး ဒါကြောင့် ဝန်ဆောင်ခ ပေးစရာ မလို ဘူးဆိုတဲ့ အယူအဆ မျိုး မဖြစ်စေလိုပါဘူး။ တင်ဒါ ကုမ္ပဏီကလည်း မိမိအိမ်မှာ ထွက်တဲ့အမှိုက် အပြင် လမ်းမှာ ပိုင်ရှင်မဲ့ စွန့်ပစ်ထား တဲ့ အမှိုက်တွေကိုလည်း သိမ်းရမှာဖြစ်ပါတယ်။ အဓိကကတော့ ပဲခူးတိုင်းမှာ အမှိုက်ကင်းစင်တဲ့ စံပြမြို့ ဖြစ်စေ ချင်တဲ့ ရည်ရွယ်ချက်နဲ့ ပုဂ္ဂလိကတွေကို တင်ဒါပေးတာ ဖြစ်ပါတယ်”ဟု ပြည်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးသူရမြင့်သူကပြော သည်။
အမှိုက်သိမ်း တင်ဒါခေါ်ယူမှုနှင့် ပတ်သက်၍ သတင်းစာများတွင်လည်း ထည့်သွင်း ကြော်ငြာမှာ ဖြစ်ပြီး၊ တင်ဒါအောင်ပြီး နောက် စာချုပ်ချုပ်ကာ အမြန်ဆုံး လွှဲပြောင်း၍ ပုဂ္ဂလိက အမှိုက်သိမ်း ဆည်းစေမှာ ဖြစ်ကြောင်း ၎င်းကပြောသည်။
တင်ဒါ ကြမ်းခင်းဈေးမှာ တနှစ်လျှင် ကျပ်သိန်း ၃၆၀ ဖြစ်ပြီး စည်ပင်သာယာရေး အဖွဲ့ ဌာနပိုင် စက်ယန္တရားများကို ငှားရမ်း အသုံးပြုနိုင်ပြီး မြို့ခံလူထုထံသို့ အသိပေး ကြေညာချက်များကိုလည်း ရပ်ကွက်ရုံးများတွင် ကပ်ထားပြီး သတင်းစာများတွင် ထပ်မံ ကြော်ငြာခြင်းနှင့် အရပ်ဘက် အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ခေါ်ယူတွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ပုဂ္ဂလိက အမှိုက်သိမ်းစနစ်အား ပြောင်းလဲ လုပ်ကိုင်နေသည့် မြို့များမှာ တာချီလိတ်၊ ထားဝယ်၊ ကော့သောင်း၊ မြိတ်မြို့ တို့ဖြစ်ပြီး ယင်းမြို့များ၌ ပုဂ္ဂလိက အမှိုက်သိမ်းစနစ်မှာ အောင်မြင် လျှက်ရှိပြီး မြို့ခံများလည်း ကြိုက်နှစ်သက် သည့် စနစ်တခု ဖြစ်နေကြောင်း ယင်းမြို့များ၏ လုပ်ထုံး လုပ်နည်း စနစ်များကို နမူနာ မေးမြန်းကာ ပိုမိုကောင်းမွန်သည့် စနစ်ဖြစ်ရန် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းသိရသည်။