မန္တလေးတိုင်း ရမည်းသင်း မြို့နယ်ရှိ မိုးထိမိုးမိ ဒေသ လုပ်ကွက် (A) နှင့် ပတ်သက်၍ သတ္တုတွင်း ဝန်ထမ်းများနှင့် သက်ဆိုင် သူများကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။
အမှတ်(၂) သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသံဒိုင်က“ဒါကတော့ စစ်ဆေးချင်တဲ့ သူကို စစ်ဆေးမှာ ပဲလေ။ သူတို့ သတင်းထဲမှာ ရှိတဲ့သူ တိုင်ထားတဲ့သူ၊ စစ်တာတော့ စစ်မှာပေါ့။ အဓိက က အဖြစ်မှန်ကို သိဖို့ အတွက်၊ စစ် ဆေးတဲ့ ဌာနရဲ့ တာဝန်က အဖြစ်မှန်ကိုသိမှ ဒီကိစ္စ ဟုတ်သလား သူတို့ ဆုံးဖြတ်မှာပေါ့”ဟု မီဒီယာများကို ပြောသည်။
မတ်လ ၁၂ ရက်က သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနတွင် လုပ်ကွက် (A) နှင့် ပတ်သက် ၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုကို ဦးသံဒိုင်က ဖြေကြားခြင်း ဖြစ်သည်။
ထိုသို့ စစ်ဆေး ခံနေရသည့် အပေါ်တွင် သတ္တုတွင်း လုပ်ငန်းမှ ဝန်ထမ်းများ ပါဝင်နေကြောင်း အတည်ပြု သော်လည်း ၎င်း ကိုယ်တိုင် ပါဝင်ခြင်း ရှိ၊ မရှိကို အသံဒိုင်က အတည်ပြု ပြောဆိုခြင်း မရှိခဲ့ပေ။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြန်ကြားရေး တာဝန်ခံ ဦးဟန်ညွန့်က“လောလောဆယ် ကျနော်တို့ အနေ နဲ့ ပြောလို့မရသေးပါဘူး။ အမှုများနှင့် ပတ်သက်၍ လျှို့ဝှက်ထားရသည့်အတွက် တစုံတရာမှတ်ချက်ပြုရန် မရှိသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီသည် ယခင်အစိုးရ လက်ထက်၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်မှ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်အထိ ၅ နှစ် သက်တမ်း တင်ဒါ အောင်မြင်ခဲ့ခြင်း ဖြစ်ကာ ထိုသက်တမ်း အတွက် ပုတ်ပြတ် ရွှေစင် ၅. ၅၇၇ မက်ထရစ်တန် ပေးသွင်းရန် သဘောတူ စာချူပ် ချူပ်ဆိုပြီး လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် စာချုပ်ပါ အတိုင်း မလုပ်ဆောင်နိုင်ဘဲ ပေးသွင်းရန် ရွှေကြွေးကျန် ပိဿာချိန် ၁၂၀၀ ကျော် ရှိသည့် အတွက် မန္တလေးတိုင်း တရားရုံးသို့ တရားမမှု အဖြစ် ထပ်မံ တရားစွဲဆိုရန် စီစဉ်ရခြင်း ဖြစ်ပြီး ရှေ့နေချုပ်ရုံးနှင့် တိုင်ပင်၍ လိုအပ် သည့် စာရွက်စာတမ်းများအား အစိုးရဘက်က ပေးပို့ပြီး ဖြစ်သည် ဟုလည်း ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောသည်။
ပြည်သူ့ လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ယခု ကိစ္စမှာ ပထမ အကြွေး မပေးနိုင်သည့် အတွက် ရပ်ဆိုင်းသည့် အဆင့် မဟုတ်တော့ဘဲ ဆန့်ကျင်မှုများ၊ ဆက်လက် တူးဖော်လုပ်ကိုင်မှု များ ရှိနေသည့်အတွက် ဥပဒေကြောင်းအရ အပြင် သက်ဆိုင်ရာ သတ္တုတွင်း ဥပဒေနှင့်လည်း ကိုက်ညီ နေပြီ ဖြစ်သဖြင့် အမှန်တကယ် လုပ်နိုင်သည့် ကုမ္ပဏီကိုသာ ပေးအပ်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက“တကယ် လုပ်နိုင်တဲ့ သူကလည်း အစိုးရရဲ့ မူအတိုင်း၊ နိုင်ငံတကာ အဆင့် ခေါ်ပြီးတော့ ဘယ်နိုင်ငံက လာလုပ် လုပ် မြန်မာပြည်ကပဲ ပေါင်းလုပ်လုပ်၊ တကယ် လုပ်နိုင်တဲ့ သူကိုပဲ ပေးချင်တယ်”ဟု ဆိုသည်။
ရပ်ဆိုင်း ခံထားရသည့် မိုးထိမိုးမိ ရွှေတူးဖော်ရေး လုပ်ကွက်တွင် ရွှေခိုးတူးမှုများကို ဝန်ထမ်းများက အခကြေးငွေဖြင့် ခွင့်ပြု ထားခြင်း ဖြစ်၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း အမျိုးသားကြီးပွား တိုး တက်ရေး ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းအောင်စိုးက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက နေပြည်တော်တွင် ပြု လုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြားထားသည်။
၎င်းက“လုပ်ကွက်နဲ့ ပတ်သက်ပြီးတော့ အဂတိကို တိုင်ထားတယ် ဆိုတာ သတင်းစာ ရှင်းလင်းပွဲမှာလည်း ပြောထားပြီး သား ဖြစ်ပါတယ်။ အခုမှ လုပ်တုန်း ကိုင်တုန်း အဆင့်ပဲ ရှိပါသေးတယ်။ ပုဂ္ဂိုလ်ရေး အရ ဆိုရင် ကျနော်တို့ တယောက်ပဲ တိုင်ထားပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
အဆိုပါ လုပ်ကွက် (A) အတွင်း တရားမဝင် လုပ်ဆောင်နေသည့် အဖွဲ့ ၈ဖွဲ့ ရှိနေပြီး၊ နေ့ည လူအင်အား ၄၀၀ ဖြင့် လည် ပတ်လျက် ရှိကာ တရက်လျှင် ငွေကျပ် ၃၅ သိန်းမှ သိန်း ၅၀ အထိ သော်လည်းကောင်း၊ လုပ်ကွက် အလိုက် ငွေကျပ် ၁၀ သိန်းမှ သိန်း၂၀ ထိ၊ ထုံးကြီး လုပ်ကွက်တွင် တဖွဲ့လျှင် ငွေကျပ်သိန်း ၅၀ မှ ၇၀ ထိပေး၍ ဝင်ရောက် လုပ်ကိုင်လျက် ရှိ သည်ဟု ဦးထွန်းအောင်စိုးက ပြောကြားခဲ့သည်။
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိ ဒေသ လုပ်ကွက် (A) ၌ ယင်းကုမ္ပဏီမှ အခွန် ရွှေကြွေးကျန် မပေးသည့် အတွက် တူးဖော်ခွင့် ရပ်ဆိုင်းကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က အကြောင်း ကြားစာ ပေးပို့ထားသော်လည်း ဆက် လက်တူး ဖော်နေသည့်အတွက် တရားမဝင် ရွှေတူးဖော်မှု သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် မေလအတွင်းက ရမည်း သင်း ရဲစခန်းတွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်သူ ဦးစိုးထွန်းရှိန်အား အမှု ဖွင့်ထားသေးသည်။
သို့သော် ၎င်းသည် ထွက်ပြေး တိမ်းရှောင်နေသည့် အတွက် ဖမ်းဆီးမိခြင်း မရှိသေးကြောင်း သတ္တုတွင်း လုပ်ငန်းဌာနမှ သိရသည်။
ရွှေပေးသွင်းရန် ကျန်ရှိနေသဖြင့် အစိုးရဘက်က လုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်သိမ်းထား သဖြင့် အဆိုပါ လုပ်ကွက်မှ တလ လျှင် စာချုပ် အရ ရွှေချိန် ၉၂ ပိဿာ ရရှိမှု ဆုံးရှုံးနေ သဖြင့် နိုင်ငံတော် အနေဖြင့် တလ ကျပ်သန်း ၉ ဘီလီယံခန့် ဆုံးရှုံး နေကြောင်း၊ ယင်းလုပ်ကွက်သည် ဧက ၆ ထောင်ကျော် ကျယ်ဝန်းကြောင်း အမှတ် ၂ သတ္တုတွင်း လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးအေးဇော် က ရှင်းပြသည်။
ဆက်စပ် ဖတ်ရှုရန် – အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ အပါအဝင် လူ ၃၀ ကျော်ကို တရားစွဲမည်