လွှတ်တော် ကိုယ်စားလှယ်များက ၎င်းတို့၏ မေးခွန်းကို ပြန်လည် ဖြေကြားသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနဘက်မှ လိုရင်း နှင့် တိတိကျကျ ပြန်လည် ဖြေကြားပေးရန် လွှတ်တော်၌ ဆွေးနွေးသည်။
မတ်လ ၁၃ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှ ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးမှ ဒသမ ပုံမှန် အစည်းအဝေး အထိ တင်သွင်း မေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် ပတ်သက်သည့် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြား တင် သွင်း စဉ် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၆ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေနိုင် က အကြံပြုခြင်း ဖြစ်သည်။
ဦးမင်းဆွေနိုင် က“မိမိ သိရှိလိုသည့် အချက်ကို မေးမြန်းရန်နှင့် ပြန်လည် ဖြေကြားသည့် ဝန်ကြီး ဌာနဘက်မှလည်း လိုရင်း ဖြစ်သော ဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိကို တိတိကျကျ ဖြေကြားပေးရန် ဖြစ်ပါတယ်”ဟု ပြောသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေကလည်း မေးခွန်းများကို မေးမြန်းသည့် အခါသေချာ ပြင်ဆင်ပြီးမှ မေးမြန်းရခြင်း ဖြစ်ကြောင်း မေးသည့် မေးခွန်းသည် မြေပြင် ကွင်းဆင်း၍ အမှန်တကယ်လို အပ်နေသည့် အချက်ကို မေးမြန်း ခဲ့ပြီး မေးမည့် အကြောင်းအရာ ခိုင်မာမှု ရှိစေရန် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက အတည်ပြုချက် ရယူ ရကြောင်း၊ တချို့မေးခွန်းများကို မေးမြန်းနိုင်ရန် အတွက် နှစ်ချီ၍ ပြင်ဆင်ပြီးမှ မေးခဲ့သည့် မေးခွန်းများ ဖြစ်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနဘက်မှ လာရောက် ဖြေဆိုရာတွင် အားရ ကျေနပ်မှု မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက“မေးခွန်းမေးဖို့ ၂ နှစ်ကျော် လေ့လာပြီးတော့မှ တကယ် အခက်ခဲကြုံနေရလို့ ကိုယ်စားလှယ်မေးတာ ၄ ရွက် လောက် ရှိတာကို ၄ ကြောင်းနဲ့ အပြီးဖြေ သွားတယ်”ဟု ပြောဆိုသည်။
မေးခွန်းရှင် ကိုယ်စားလှယ်များကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ဖြေကြားချက်များကို သေသေချာချာ မှတ်သား ထား ပြီး မြေပြင်တွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်သည့် အခါ ကွဲလွဲမှုများ ရှိပါက မိမိတို့ ကော်မတီသို့ အချိန်နှင့် တပြေးညီ အသိပေးနိုင်ရန် အကြံပြုကြောင်း ဦးမင်းဆွေနိုင် က ပြောသည်။
အဆို မေးခွန်းနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများမှလည်း ကတိ ဖြစ်ပေါ်မှုများအား လွှတ်တော်တွင် လာရောက် ဖြေကြား ထားသည့် အတိုင်းနှင့် ကြယ်ပွင့် မပြ မေးခွန်းများ အတွက် တရားဝင်စာဖြင့် ပေးပို့ ဖြေကြားထားသည့် ကတိကဝတ် များ အတိုင်း ကွဲလွဲမှု မရှိစေရန် လည်း အကြံပြုကြောင်း ဦးမင်းဆွေနိုင်က ဆိုသည်။
ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကလည်း“ဝန်ကြီးဌာနဘက်က လာဖြေတဲ့ အခါမှာ သိသလောက်လေးပဲ ဖြေသွားတာမျိုးတော့ ကိုယ်စားလှယ်တွေက မကျေနပ်တာတွေ ရှိပါတယ်။ ဆက်စပ် မေးခွန်း အနေနဲ့ ထပ်မေးတော့လည်း တကြိမ်သာ မေးခွင့်ရတာ ဖြစ်တဲ့ အတွက် လာဖြေဆိုတဲ့ ဝန်ကြီးဌာနဘက်မှ တိတိကျကျ မဖြေဆိုနိုင် ရင် စာနဲ့ ပြန်ဖြေ ပေးမယ်ဆိုပြီး ကတိပေးသွားတာမျိုးလည်း ရှိတယ်”ဟု ပြောသည်။
ကိုယ်စားလှယ်များ မေးခွန်း မေးမြန်းမည် ဆိုပါက လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံသို့ မေးမြန်းမည့် မေးခွန်းများနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းရသည့် အကြောင်းအရင်း၊ မေးခွန်းကို ကြို၍ တင်ထားရကြောင်း၊ တင်သည့် အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ လာရောက် ဖြေကြားခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ပ နိုင်ငံများမှ လွှတ်တော်များ၌ မေးခွန်းကြိုတင် စရာမလိုဘဲ လက်တန်းမေး၍ ဝန်ကြီးများကလည်း လက်တန်းပြန် ဖြေမှုများရှိကြောင်း၊ မြန်မာနိုင်ငံမှ လွှတ်တော် အတွင်း မေးခွန်းကို ပေါ့ပေါ့ လျော့လျော့ ပြန်ဖြေသည့် အဖြေမျိုးများ ရှိ သဖြင့် မေးခွန်မေးသည့် ကိုယ်စားလှယ် အနေဖြင့် လိုချင်သည့် အဖြေ မရခြင်းများ ကြုံတွေ့ရကြောင်း ဦးသန့်ဇင်ထွန်းက ဆိုသည်။
မေးခွန်းများကို မေးမြန်းသည့် အခါ သေချာ ပြင်ဆင်ပြီးမှ မေးမြန်း ရခြင်းဖြစ်ကြောင်း၊ မေးသည့် မေးခွန်းသည် မြေပြင် ကွင်းဆင်း၍ အမှန်တကယ် လိုအပ်နေသည့် အချက်ကို မေးမြန်းခဲ့ပြီး မေးမည့် မေးခွန်းသည် အကြောင်းအရာ ခိုင်မာမှု ရှိစေရန် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ အတည်ပြုချက် ရယူရကြောင်း၊ တချို့မေးခွန်းများကို မေးမြန်းနိုင်ရန် အတွက် နှစ်ချီ၍ ပြင်ဆင်ပြီးမှ မေးခဲ့သည့် မေးခွန်းများ ဖြစ်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနဘက်မှ လာရောက် ဖြေဆိုရာတွင် အားရ ကျေနပ်မှု မရှိကြောင်း ဒေါ်ထုမေက ပြောသည်။
ကိုယ်စားလှယ်များ မြန်းသည့် မေးခွန်းများ လာရောက် ဖြေကြားသည့် ဝန်ကြီးဌာန ဘက်မှ ဖြေကြားချက်များကို အားရ ကျေနပ်မှု မရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် သက်တမ်း ၃ နှစ် အတွင်း ကျေနပ် အားရသည့် အဖြေမျိုး မရရှိခဲ့ ကြောင်း၊ ကိုယ်စားလှယ် များဘက်မှ မေးခွန်းမေးမြန်းရန် အတွက် မြေပြင်၌ အမှန်တကယ် လိုအပ်မှု ရှိမရှိ သွားရောက် ကြည့်ရှုပြီးမှ မေးခွန်းများကို စနစ်တ ကျ ဖြစ်ရန် ပြင်ဆင်ရကြောင်း၊ ထို့ကြောင့် ဖြေကြားရာတွင် ကိုယ်စားလှယ် ကျေနပ် ရန် ထက် ပြည်သူများ၏ မျက်နှာကို ကြည့်သင့်ကြောင်း ဒေါ်ထုမေက ဆိုသည်။
အမျိုးသား လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးမှ ဒသမ ပုံမှန် အစည်းအဝေးအထိ အစည်းအဝေး ၁၀ ကြိမ်မြောက် အတွင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများ အနက် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း များ၊ ပြည်ထောင်စု ဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့အလိုက် အနေဖြင့် ကြယ်ပွင့်ပြ မေးခွန်း ၁၀၆၀ တွင် ကတိဖြစ် မေးခွန်း ၆၃၁၊ ကတိ မဖြစ်မေးခွန်း ၄၃၀ ရှိကြောင်း ဆိုသည်။
ကြယ်ပွင့် မပြ မေးခွန်း ၁၁၁၉ ခုရှိပြီး ကတိဖြစ်မေးခွန်း ၆၆၂ ၊ ကတိ မဖြစ် မေးခွန်း ၄၅၇ ရှိကြောင်း၊ အဆို စုစုပေါင်း ၁၅ ခု ရှိသည့် အနက် အဆို အတည်ပြု ၁၁ ခုနှင့် အဆိုအတည်မပြု ၄ ခု ရှိခဲ့ကြောင်း အမျိုးသား လွှတ်တော် အစိုးရ၏ အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှ သိရသည်။